သတင်း

မြဝတီ ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းနေရာတချို့ကို BGF စီးနင်း

ကျားဖြန့်နာမည်ကြီးဒေသ မြဝတီမြို့ရှိ ကရင်လက်နက်ကိုင် ၂ ဖွဲ့က ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် တက်တက်ကြွကြွ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်ပြီး အမည်ဆိုးထွက်နေသော စစ်ကောင်စီသစ္စာခံ ကရင်နယ်ခြားစောင့်တပ် (BGF) က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို မြို့ထဲရှိ နေရာတချို့ကို ဝင်ရောက်စီးနင်းကာ စစ်ဆေးနေသည်ဟု ဒေသခံများက ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် ပြောသည်။

တရုတ်နှင့် ထိုင်းတို့၏ ဆက်တိုက်ဖိအားပေးမှုများ ရှိလာပြီးနောက် BGFသည် အွန်လိုင်းငွေလိမ်လုပ်ငန်း/ လူမှောင်ခိုပပျောက်နှိမ်နင်းရေးဆောင်ရွက်ရေး အထူးဖွဲ့ ၄ ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ ပြီး ၂ ရက်အကြာ ၎င်းတို့ထိန်းချုပ်နယ်မြေရှိ ငွေလိမ်လုပ်ငန်းများကို စတင်စီးနင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

နံနက် ၆ နာရီခန့်မှ စတင်ပြီး ရွှေကုက္ကိုမြို့ရှိ အထပ်မြင့်အဆောက်အဦတချို့ကို စီးနင်းခဲ့ပြီး ထိုခြံဝန်းများအတွင်း ငွေလိမ်လုပ်ငန်း၌ လုပ်ကိုင်သူ အနည်းဆုံး လူ ၂၀၀၀ ခန့် ရှိနိုင်သည်ဟု ကျားဖြန့်လုပ်ကိုင်နေသူတစ်ဦးကို ကိုးကား၍ ဒေသတွင်း သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။

“လုံးချင်းတိုက်တွေ မဝင်သေးဘူး။ အထပ်မြင့်တိုက်ကြီးတွေကို ဝင်နေတာ။ မနက်ကတည်းက ရုန်းရင်း ဆန်ခတ်ဖြစ်တယ်ပြောတယ်”

ရွှေကုက္ကိုမြို့မှ စျေးသည်အမျိုးသမီးတစ်ဦးကလည်း  BGFက ကျားဖြန့်လုပ်ငန်းများကို စီးနင်းနေပြီး အသေးစိတ်အခြေအနေ မသိရကြောင်း Myanmar Now ကို ပြောသည်။

ကျားဖြန့်ရုံတစ်ခုတွင် လုပ်ကိုင်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက BGF ဟု ယူဆရသူ အင်အား ၃၀ ခန့် နှင့်တရုတ် ၁ ဦး ကျားဖြန့်ရုံတချို့ကို ရောက်ရှိလာကာ  စစ်ဆေးမေးမြန်းကြောင်း သိရသည်။ 

“ ဒီနေ့ ကရင် စစ်သားတွေနဲ့ တရုတ်တွေလာစစ်သွားတယ်။ နှိပ်စက်ခံရတဲ့သူရှိလား၊ ရောင်းစားခံရတဲ့သူ ရှိလား ပြန်ချင်တဲ့သူရှိလား …လာမေးတယ်။ ဘယ်သူမှတော့မပြန်ကြဘူး”​ ဟု ၎င်းက ဆိုသည်။ 

“ညီတို့ ရုံမှာက တရုတ် ၃ ယောက်နဲ့ မလေး ၁ ယောက် လာအိုမ ၁ ယောက်၊  မလေးကောင်လေးကို အင်္ကျီ ချွတ်ပြီးစစ်တယ်၊ မေးတယ်၊ ပြန်မလားလို့။ မပြန်ဘူးတဲ့။ ရွှေဒင်္ဂါးမြိုင်ဆိုတဲ့ ပင်မရုံကြီးကတော့ ပိတ်သွားပြီ။  ရုံခွဲလေးတွေပဲ ကျန်တယ်”  

တရုတ်လူမျိုး ၁ ဦး ကျင်စက်ဖြင့် နှိပ်စက်ခံထားရသည်၊ အဆိုပါ စက်ကိရိယာများရှိမရှိ လိုက်လံစစ် ဆေးသည်ဟု ထိုမြန်မာလူငယ်က ဆိုသည်။ 

“အဆောင်အခန်းထဲမှာ တစ်ခန်းချင်းလိုက်စစ်တာ ကရင်အဖွဲ့တွေ ခုထိရှိသေးတယ်။ ကျင်စက်နဲ့ ရိုက်တဲ့ နှက်တဲ့ဟာရှိလား အချုပ်ခန်းတွေရှိလားလိုက်စစ်တယ်။ ညီတို့ဝန်းထဲမှာပဲ ကျင်စက်နဲ့တို့ ခံရထားတာ ရှိတယ်ပြောတယ်။ အဲတစ်ယောက်ကကြောက်ပြီး ဘာမှ မဖြေနိုင်ဘူးကြားတယ်။ အဲဒါကတရုတ်၊ ဗမာ မဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

လွန်ခဲ့သည့် ၂ ရက်ကတည်းက  (ရွှေဒင်္ဂါးမြိုင်ဟိုတယ်အနီးမှ)  ရွှေဒင်္ဂါးမြိုင်ရုံအပါအဝင် နေရာတချို့မှ လူအများအပြားကို ပြန်လွှတ်လိုက်ကြောင်း သူက ဆိုသည်။ 

“၂ ရက်လောက်ထဲက ရုံက ခါထုတ်ပြီးပြီ မြန်မာတွေကို၊  တရုတ်တွေကိုတော့ သူဌေးကအစ မျက်နှာသာမပေးထားဘူး” 

ဖမ်းဆီးသူ၊ ပြန်ပို့ရန် ပြန်ခေါ်လာသူ ရှိမရှိ၊ အခြေအနေ  အသေးစိတ်မသိရသေးဘဲ Myanmar Now က ဆက်လက်စုံစမ်းဆဲဖြစ်သည်။ 
ထိုင်း-မြန်မာနယ်စပ်ရှိ  ၎င်းတို့နယ်မြေအတွင်း လုပ်ကိုင်နေသည့် လူမှောင်ခိုလုပ်ငန်းများကို ဖမ်းဆီး အရေးယူနေခြင်းဖြစ်သည်ဟု  BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ကရင်သတင်းဌာန KIC ကို ယနေ့ ပြောထားသည်။

“ဝင်ပြီးရှင်းလင်းရေးလုပ်တာက ဒီမနက် ၆နာရီမှာ စစ်ဆင်ရေးစပြီ။ ပြန်အပ်တာက အသုတ်အသုတ်နဲ့ စစ်ဆေးရေးလုပ်ပြီးရင်တော့ ပြန်အပ်မှာပေါ့။ အဓိက ထိုင်းနိုင်ငံက တစ်ရက်ကို လူ ၅၀၀ ပဲ သူတို့လက်ခံနိုင်တော့ ပို့နိုင်တဲ့အနေအထားပေါ့နော်။ ဒီဘက်မှာလည်း စစ်ဆေးမှုတွေလုပ်ရမှာလည်း ရှိတယ်လေ”  ဟု ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစတင်ဖွဲ့စည်းလိုက်သည့် အဆိုပါနှိမ်နင်းရေးအဖွဲ့တွင် ကြီးကြပ်ရေးနှင့်ပြန်လည် ပို့ဆောင်ရေးအဖွဲ့နှင့် အလုပ်အဖွဲ့ ၃ ဖွဲ့ ထားရှိပြီး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောထားသည်။

၎င်းကိုယ်တိုင်လည်း ကြီးကြပ်ရေးနှင့် ပြန်လည် ပို့ဆောင်ရေးအဖွဲ့ဝင်ဖြစ်သည်ဟု သိရသည်။ 

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ကလည်း  ၎င်းတို့ ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ် ကျောက်ခက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၀ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ထိုင်းအစိုးရထံ ပြန်လွှဲပေးခဲ့သည်။ မည်သို့ဖမ်းဆီးသည်နှင့် လွတ်လာသူများ၏ အခြေအနေအသေးစိတ် မသိရပေ။

ထိုကဲ့သို့ အလားတူလွှဲပေးနိုင်ရန် BGF ကပါ ကြိုးပမ်းလာခြင်းဖြစ်ပြီး မကြာမီရက်များအတွင်း ထိုင်းဘက် သို့လွှဲပေးမည်ဟု ယူဆရသည်။ 

ငွေလိမ်လုပ်ငန်းများကို BGF က စီးနင်းနေသော်လည်း ထိုဒေသရှိ ငွေလိမ်လုပ်ငန်းများအတွက် အလုပ်ခေါ်သည့် တယ်လီရမ်ဂရုများတွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာစကားကျွမ်းကျင်သူများ ခေါ်ယူမှုပြုနေဆဲဖြစ်သည်ကို တွေ့ရသည်။

BGF ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ထိုင်းဘက်မှလာသောသတင်းများတွင် အထပ်မြင့်အဆောက်အဦများရှေ့ လူရာဂဏန်း အတန်းလိုက် ရပ်နေကြပြီး လက်နက်ကိုင်ဆောင်ထားသော BGF တပ်ဖွဲ့ဝင်များကို တွေ့ရသည်၊ တရုတ်နိုင်ငံသားဟု ယူဆရသူတချို့ကို အကျီချွတ်ဖြင့် တွေ့ရသည်၊ အဆောက်အဦများတွင် မြန်မာ၊ တရုတ်နှစ်ဘာသာဖြင့် ရေးထားသည့် ဆိုင်းဘုတ်တချို့ ရှိသည်။ 

မြဝတီအပါအဝင် ထိုင်း-မြန်မာနယ်စပ် ၃ မြို့တွင် ထိုင်းဘက်မှ လာသော လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ် တောက်ခံထားရသလို ကုန်စည်သွင်းခွင့်ကိုပါ အကြီးအကျယ်ကန့်သတ်ခံထားရသည်။

တရုတ်အစိုးရကလည်း ငွေလိမ်ဂိုဏ်းများသည် ၎င်းတို့ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်နေသောကြောင့် ထိုင်း၊ မြန်မာများနှင့် ပူးပေါင်း၍ အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် သတိပေးထားသည်။ 

ထို့ပြင် ထိုင်းအထူးစုံစမ်းရေးဌာန (DSI) က ကျားဖြန့်ကိစ္စနှင့်ပတ်သက်ပြီး BGF ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်လျက်ရှိပြီး ထိုကိစ္စများတွင် အဓိကတာဝန်ရှိသူများဟု ယူဆထားကြသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် စောချစ်သူ ဦးဆောင်သော BGF က အွန်လိုင်း ငွေလိမ်လုပ်ငန်းများ၊ လောင်းကစားအပါဝင် တရားမဝင် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည် ဟု Justice For Myanmar (JFM) က ၂၀၂၄ မေ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်း ရေးအင်စတီကျု (USIP)၏ ယမန်နှစ် (ဧပြီ ၂၂)က အစီရင်ခံစာတွင် ဗိုလ်မှူးကြီးစောချစ်သူ၊ စောတင်ဝင်းအပါဝင် BGFခေါင်းဆောင်များသည် ရာဇဝတ်လုပ်ငန်းများ လက်ခံ နေရာချထားပေးခြင်း၊ လုပ်ငန်းများလည်ပတ်နိုင်ရန် လျှပ်စစ်မီးနှင့် အင်တာနက်ရရှိရေးဆောင်ရွက်ပေး ခြင်းနှင့် လုံခြုံရေးယူပေးထားခြင်းတို့ကြောင့်  နှစ်စဉ်  ဒေါ်လာ ၁၉၂ သန်း အကျိုးအမြတ်ရရှိနေ သည်ဟု ဖော်ပြထားသည်။  ထိုဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု ပါရှိသည်။

BGF ဘက်ကမူ ကျားဖြန့်ကိစ္စ ၎င်းတို့ပါဝင်ပတ်သက်မှုမရှိကြောင်း အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် BGF က ရွှေကုက္ကိုတွင် လူကုန်ကူးခံနေရသူ ၆၀ ကျော်ကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။ 

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ကျားဖြန့်လုပ်ငန်းကို နှိမ်နင်းနေကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ပြောထားသည်။ 

“တရားမဝင် အွန်လိုင်း လောင်းကစား ငွေကြေးလိမ်လည်မှု ကျားဖြန့် ဒုစရိုက် လုပ်ငန်းများကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု သူက ဆိုသည်။

ရွှေကုက္ကိုနှင့် KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရန်  လူကုန်ကူးခံရသည့်  ၆၁ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထိုင်းဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သူက  ပြောထားသည်။

၎င်းဆိုလိုသည့် ၆၁ ဦးမှာ BGF မှတဆင့်လွှဲပြောင်းပေးခဲ့သူများဖြစ်သည်။ 

ထိုအထဲတွင် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက် စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁ ဦး၊ မလေးရှား နိုင်ငံသား၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး ပါဝင်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button