သတင်း

စစ်တပ် ကျောထောက်နောက်ခံပေးထားသည့် BGF စောချစ်သူ၏ ရာဇဝတ်စီးပွားရေးလုပ်ငန်းများ

စစ်ကောင်စီတပ် ကျောထောက်နောက်ခံပေးထားသည့် စောချစ်သူဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် (BGF) က အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လောင်းကစားအပါဝင် တရားမဝင် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု Justice For Myanmar (JFM) က ထုတ်ပြန်သည်။

စစ်ကောင်စီတပ် ကျောထောက်နောက်ခံပေးထားသည့် စောချစ်သူဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် (BGF) က အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လောင်းကစားအပါဝင် တရားမဝင် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု Justice For Myanmar (JFM) က ယနေ့ (မေ ၂၂ ရက်) တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

BGF ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် BGF သည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်၊ ကာစီနိုလုပ်ငန်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အကြီးကျယ်လုပ်ကိုင်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

BGFအဖွဲ့ဝင်များသည် ထိုင်း၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူနိုင်ငံသားများအဖြစ် ခံယူထားသည့် ရာဇဝတ်သားများနှင့်အတူ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်နေပြီး ကမ္ဘာအနှံ့ကို ခြိမ်းခြောက်လျက်ရှိသည်။  ထိုရာဇဝတ်လုပ်ငန်းများကို စစ်ကောင်စီ၏ အထောက်အပံ့၊ အကာအကွယ်ဖြင့် လည်ပတ်နေသည်ဟုလည်း ဆိုသည်။

ထို့အတူ BGF အရာရှိများနှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသားများအပြင် ကမ္ဘာတစ်ဝန်းက နိုင်ငံသားများကို ကျွန်ပြုခိုင်းစေခြင်းနှင့် နေရာအများအပြားကို အတိဒုက္ခပေး၍ ရရှိလာသော အကျိုးအမြတ်များဖြင့် ကြွယ်ဝချမ်းသာလာကြသည်ဟု JFM က ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကာလအတွင်း BGF ထိန်းချုပ်ရာဒေသသည် ရာဇဝတ်ဂိုဏ်များ အခြေချကျင်လည်လာကြကာ ဘီလီယံနှင့်ချီသော အွန်လိုင်းလိမ်လည်လုပ်ငန်းများ၊ တရားမဝင်လောင်းကစားလုပ်ငန်းများ ထွန်းကားလာသည်။ ထိုသို့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို BGF ခေါင်းဆောင်များက မြေနေရာပေးထားခြင်း၊ လုံခြုံရေးယူပေးထားခြင်းအပြင် အခွန်အခ၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုတို့မှ အကျိုးအမြတ်များရနေသည်ဟု JFM က ဆိုသည်။

ကျူးလွန်ချိုးဖောက်မှုများတွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ အဓမ္မပေါ်တာဆွဲခြင်း၊ လူသားဒိုင်းများအဖြစ် အသုံးပြုခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအကျပ် နေရာရွှေ့ပြောင်းစေခြင်း၊ ငွေညှစ်ခြင်းနှင့် မြေသိမ်းခြင်းတို့လည်း ပါဝင်သည်။

BGF ခေါင်းဆောင် စောချစ်သူနှင့် မိသားစုဝင်များစီးပွားရေး အခြေပြပုံ။

စစ်ကောင်စီနှင့် BGF ဆက်နွှယ်မှု

BGF သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) အဖြစ် ရပ်တည်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ၂၀၁၀ တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ပြီးနောက် စစ်တပ်ကို သစ္စာခံသည့် နယ်ခြားစောင့်တပ် BGF ဖြစ်လာသည်။

အပြန်အလှန်အားဖြင့် ကရင်ပြည်နယ်အတွင်း အကျိုးအမြတ်ကြီးမားသည့် ရာဇဝတ်စီးပွားရေးလုပ်ငန်းများ တည်ထောင်ရန် မြေနေရာများ BGF ရရှိခဲ့သည်။ စစ်တပ်သည်လည်း နယ်ခြားစောင့်တပ်၏ အုပ်စုဖွဲ့ရာဇဝတ်လုပ်ငန်းများမှ ရရှိသော အခွန်ငွေများမှတစ်ဆင့် အကျိုးအမြတ်ပြန်လည်ရသည်ဟု JFM က ဆိုသည်။

JFM က ထုတ်ပြန်ခဲ့သည့် လျှို့ဝှက်ပေါက်ကြားလာသော ၂၀၁၀-၁၁ ရှယ်ယာရှင်အစီရင်ခံစာတွင် နယ်ခြားစောင့်တပ်ရင်းတစ်ခုချင်းစီသည် စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) တွင် ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားသည်။

BGF တပ်သည် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အပြန်အလှန်အနေဖြင့် စစ်တပ်၏ စစ်ဆင်ရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင်ရန် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ ရက်သတ္တပတ်များအတွင်းကပင် မြန်မာစစ်တပ်နှင့် သဘောတူညီမှု ရခဲ့သည်ဟု JFM က ဆိုသည်။

စစ်ကောင်စီနှင့် ဆက်နွှယ်မှုမရှိကြောင်း ပြသရန် BGF မှ ကရင်အမျိုးသားတပ် KNA ဟု စောချစ်သူက ယခုနှစ် မတ်လအတွင်း အမည်ပြောင်းခဲ့သည်။ သို့သော် ထိုင်းနယ်စပ်မြို့ မြဝတီအနီးရှိ စစ်ကောင်စီတပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးအင်အားစုများက ဧပြီလအတွင်း ထိန်းချုပ်ခဲ့ရာ KNA သည် ယင်းဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ခဲ့သည့် တန်ပြန်ထိုးစစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုအခါ BGF/KNA တပ်သည် မြဝတီမြို့ကို လုံခြုံရေးယူထားသည်။

စောချစ်သူ၏သားဖြစ်သူ ဗိုလ်မှူး စောချစ်ချစ်သည် စစ်ကောင်စီနှင့် အတူတိုက်ခိုက်နေသည့် စစ်ဆင်ရေးများတွင် ပါဝင်နေပြီး၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် BGF/KNA တပ်ရင်းများကို ကွပ်ကဲနေသည်ဟုလည်း JFM က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ သြဂုတ်လက မြဝတီမြို့အနီးရှိ လက်ခတ်တောင်ပေါ်ရှိ စစ်တပ်စခန်းကုန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားချိန် ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သည့် စစ်တပ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းလှုပ်ရှားခဲ့သည့် BGF တပ်ရင်း (၂) ကို စောချစ်ချစ်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် KIC သတင်းဌာနက ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း စစ်ခေါင်းဆောင်က BGF ခေါင်းဆောင် စောချစ်သူကို သီရိပျံချီဘွဲ့ပေးခဲ့သေးသည်။ ထို့အတူ စစ်ခေါင်းဆောင်၏ဇနီးကလည်း BGF ခေါင်းဆောင် စောတင်ဝင်း၏ဇနီး နန်းမြင့်မြင့်ဝင်းကို သီရိသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ခဲ့သည်။

BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောတင်ဝင်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းကို စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဂုဏ်ပြုဆုပေးအပ်နေစဉ်။

စောချစ်သူ သားသမီးများစီးပွားရေး

မိသားစုဝင် လေးဦးရှိသည့် စောချစ်သူ၏ မိသားစုထဲမှ သားနှစ်ဦးလုံးမှာ BGF/KNA တွင် ဗိုလ်မှူးအဆင့်ရှိသူများဖြစ်သလို မိသားစုစီးပွားရေးလုပ်ငန်းများကိုလည်း ထဲထဲဝင်ဝင်လုပ်ကိုင်နေသူများလည်းဖြစ်သည်။ ၎င်းတို့မှာ အသက် ၃၂ နှစ်အရွယ် ဗိုလ်မှူးစောအဲမူးနှင့် အသက် ၂၈ နှစ်အရွယ် ဗိုလ်မှူးစောချစ်ချစ်တို့ဖြစ်သည်။

စောအဲမူးသည် BGF ၏ စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်လျက်ရှိသူဖြစ်သည်။ အွန်လိုင်းငွေလိမ်စင်တာနှစ်ခုအပါအဝင် BGF ပိုင်စီးပွားရေးလုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်း ၉ ခုမှာ အစုရှယ်ယာများ ပိုင်ဆိုင်ထားသလို ဒါရိုက်တာအဖွဲ့ဝင်သည် စောအဲမူးဟု JFM က ဆိုသည်။ စောချစ်ချစ်မှာလည်း BGF ပိုင် စီးပွားရေးလုပ်ငန်း အနည်းဆုံး ၅ ခုမှာ ရှယ်ယာများပိုင်ဆိုင်ထားသည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

စောချစ်သူ၏ အငယ်ဆုံးသမီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် နန်းနှင်းရတနာအေးဆိုသူမှာလည်း BGF လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း အနည်းဆုံး ၄ ခုမှာ အစုရှယ်ယာများပိုင်ဆိုင်ထားသော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ စောချစ်သူသည် ၎င်း၏ သမီးဖြစ်သူကို စင်ကာပူနိုင်ငံရှိ TMC Academy နှင့် ဗြိတိန်ရှိ University of Northampton တို့တွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာသင်ကြားစေခဲ့သည်။

စောချစ်သူ၏ ဇနီးဖြစ်သူ နန်းခင်လှသူမှာမူ BGF လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများတွင် အစုရှယ်ယာပိုင်ဆိုင်မှုမရှိသည်ကို တွေ့ရပေ။ သို့သော်လည်း နန်းခင်လှသူမှာ မိသားစုပိုင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင် ပတ်သက်လျက်ရှိရာ BGF လုပ်ကိုင်နေသော တရားမဝင်လုပ်ငန်းများမှ အကျိုးအမြတ်များရရှိနေသူဖြစ်သည်ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အချက်အလက်များကို ကိုးကား၍ JFM က ရေးသားထားသည်။

သားသမီးသုံးဦးပိုင် အစုရှယ်ယာများနှင့် ပေါင်းလျှင် စောချစ်သူမိသားစုသည် BGF လုပ်ကိုင်နေသော လုပ်ငန်း ၆ ခု၏ ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်ဟု JFM က ဆိုသည်။ ထိုအချက်အလက်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ၂၀၂၂ ခုနှစ်မှတ်တမ်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီက ကုမ္ပဏီများ၏အချက်အလက်များကို ဝင်ရောက်ကြည့်ရှု့ခွင့်ပိတ်ပင်ထားပြီဖြစ်သည်။

စောချစ်သူမိသားစုပိုင်ဆိုင်မှုမှာ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ၏ ၆၅ % ၊ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီတွင် ၆၈ % ၊ ဒေါနသံလွင်ကုမ္ပဏီမှာ ၆၀ %၊ ထူးသစ္စာအောင်ကုမ္ပဏီတွင် ၈၀ %၊ ထူးမေတ္တာအောင်ကုမ္ပဏီတွင် ၇၀% နှင့် ရွှေပဒေသာမြိုင်ကုမ္ပဏီမှာ ၅၀ % အသီးသီးပိုင်ဆိုင်ထားကြသည်။

စောချစ်သူနှင့် ၎င်း၏မိသားစုသည် BGF က လုပ်ကိုင်နေသော ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ၊ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီ၊ ဒေါနသံလွင်ကုမ္ပဏီ၊  ထူးသစ္စာအောင်ကုမ္ပဏီ၊ ထူးမေတ္တာအောင်ကုမ္ပဏီနှင့် ရွှေပဒေသာမြိုင်ကုမ္ပဏီများတွင် ပါဝင်ပတ်သက်လျက်ရှိသည်။

BGF ရင်းနှီးမြုပ်နှံထားသော Apollo Parkနှင့် Yulong Bay Park

ကိုးကန့်ဒေသရှိ ရာဇဝတ်ဂိုဏ်းများသည် BGF ထိန်းချုပ်နယ်မြေအတွင်း ပြောင်းရွှေ့လုပ်ကိုင်လာကြရာ ငွေလုပ်ငန်းအပါဝင် ရာဇဝတ်လုပ်ငန်းများမှာ မြဝတီမြို့တစ်ဝိုက်၌ ပို၍ပင် ကြီးထွားလာသည်ဟု JFM က ဆိုသည်။ ထို့ပြင် ကရင်နယ်ခြားတပ်သည်လည်း မြဝတီနှင့် ရွှေကုက္ကိုလ်ကြားရှိ အွန်လိုင်းငွေလိမ်စင်တာတစ်ခုနှင့် လေးကေ့ကော်ဒေသရှိ ငွေလိမ်စင်တာနှစ်ခုတွင် ရင်းနှီးမြုပ်နှံထားသည်။

သောင်ရင်းမြစ်ကမ်းနံဘေး မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့အကြားရှိ ဒေါ်လာဘီလီယံနှင့်ချီလိမ်လည်သော ငွေလိမ်စင်တာများမှာ Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited(Yulong Bay Park) တို့ဖြစ်ပြီး BGF က တိုက်ရိုက်ပါဝင် ရင်းနှီးမြှုပ်နှံထားသည်ဟု DICA စာရင်းကို ကိုးကား၍ JFM က ဖော်ထုတ်ထားသည်။

ဂြိုဟ်တုပုံရိပ်များအရ Apollo Park နှင့် Yulong Bay Park တို့ကို ၂၀၁၉ ခုနှစ်ကတည်းက ဆောက်လုပ်နေခြင်းဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ဆက်လက်ဆောက်လုပ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းပေါ်တွင် တွေ့ရသည့် အလုပ်ခေါ်စာများအရ ထိုစင်တာနှစ်ခုမှာလည်း ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ထိုစင်တာများသည် ငွေလိမ်ခြင်းအပါအဝင် ရာဇဝတ်လုပ်ငန်းများနှင့် လူကုန်ကူးမှုများလည်း ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်၊ တရုတ်နိုင်ငံသားများလုပ်ကိုင်နေသည့် ကာစီနိုလုပ်ငန်းများလည်း ကြီးထွားလာသည်ဟု JFM က ဆိုသည်။

ထို့ပြင် ရာဇဝတ်လုပ်ငန်းများကို အတင်းအကြပ်စေခိုင်းမှုများ၊ မတရားဖမ်းဆီးချုပ်နှောင်မှုများ၊ ရိုက်နှက်မှုများ၊ အခြားနေရာတစ်ခုသို့ ရောင်းစားမည်ဟူသော ခြိမ်းခြောက်မှုများလည်း ပြုလုပ်လျက်ရှိသည်ဟု Yulong Bay Park တွင် လုပ်ကိုင်နေသူများ၏ လူမှုကွန်ရက်စာမျက်နှာတချို့တွင်လည်း ဖော်ပြသည်။

Yulong Bay Park ကို စောချစ်သူ၏ သားဖြစ်သူ စောအဲမူး၊ စောစိုးလှိုင်ဦးနှင့် စောမင်းမင်းဦးတို့နှင့်အတူ စင်ကာပူနိုင်ငံသား Aw Ziyang ခေါ် Hu Ziyang ဆိုသူတို့ စပ်တူလုပ်ကိုင်နေခြင်းဖြစ်သည်။ ထို့အတူ Apollo Park စီမံကိန်းမှာလည်း နာမည်ဆိုးဖြင့် ကျော်ကြားသော ငွေလိမ်စင်တာတစ်ခုဖြစ်ပြီး စောအဲမူး၊ စောစိုးလှိုင်ဦး၊ တရုတ်နိုင်ငံသားဖြစ်သူ Li Chunhuan နှင့် ကချင်ပြည်နယ်တွင် နေထိုင်သူနှစ်ဦးဖြစ်သည့် ထင်အောင်နှင့် ဝင်နိုင်ဆိုသူတို့က တည်ထောင်ထားသည်။​

BGF ခေါင်းဆောင်များ၏ စီးပွားရေး ပိုင်ဆိုင်မှု အခြေပြပုံ။

ငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံခြားသားများ၏ ပါဝင်ပတ်သက်မှု

BGF သည် မြေနေရာ၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးကိစ္စများကို ပံ့ပိုးပေးနေခြင်းကလည်း မြောက်မြားစွာသော ငွေလိမ်စင်တာများထံမှ အကျိုးအမြတ်များစွာရရှိနေသည်။ BGF ထိန်းချုပ်နယ်မြေအတွင်းမှာ ငွေလိမ်လုပ်ငန်းအကြီးအကျယ်လုပ်ကိုင်နေသည့် စင်တာတစ်ခုမှာ Dongmei Park ခေါ် Dongmei Zone အမည်ရ လုပ်ငန်းဖြစ်သည်။

လေ့ကေ့ကော်မြို့သစ်အနီးရှိ Dongmei Park မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုအပါဝင် တရားမဝင်လုပ်ငန်းများကို ပေါ်ပေါ်တင်တင်လုပ်ကိုင်နေသည့် နေရာတစ်ခုလည်းဖြစ်သည်။ ရိုင်ဖယ်သေနတ်နှင့် စစ်တပ်ဝတ်စုံ ဝတ်ဆင်ထားသူများဖြင့် လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားသော ထိုနေရာတွင် ပြည့်တန်ဆာလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လျက်ရှိသည်ဟု JFM က ရေးသားထားသည်။

ထိုစီမံကိန်း၏ အဓိကရင်းနှီးမြှုပ်နှံသူမှာ သွားကျိုးဟု လူသိများသော Wan Kuok-koi ဆိုသူ တရုတ်ရာဇဝတ်သမားတစ်ဦးဖြစ်ပြီး မလေးရှားအာဏာပိုင်တို့ အလိုရှိနေသူလည်းဖြစ်သည်။

သွားကျိုးသည် Dongmei Park ကို မလေးရှားနိုင်ငံသားဖြစ်သော Dato’ Dr Mashitah Ibrahim၊ ၎င်း၏ ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar အပါအဝင် Yong Mun Hong ၊  Dato Sri Liong Kee Huat ဆိုသူတို့နှင့် အကျိုးတူပူးပေါင်းလုပ်နေဆောင်နေခြင်းဖြစ်သည်။

Dr Mashitah Ibrahim သည် ဝန်ကြီးချုပ်ရုံးဌာန ဒုတိယဝန်ကြီးဟောင်းဖြစ်ကာ United Malays National Organisation (UMNO) အမတ်ဟောင်းလည်းဖြစ်သည်။ သူမ၏ ခင်ပွန်းဖြစ်သူမှာလည်း သံအမတ်ဟောင်းတစ်ဦးဖြစ်သည်။

Dongmei Park စီမံကိန်းနှင့်ပတ်သက်၍ သူမ၏ Facebook စာမျက်နှာတွင် သံမဏိအမျိုးသမီး ( ironlady) အဖြစ် ပုံဖော်ရေးသားလေ့ရှိသည်။ Dato Sri Liong Kee Huat ဆိုသူမှာလည်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန အကြံပေးဖြစ်သည်ဟု World Hongmen History and Culture Association က ဖော်ပြထားသည်။

ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည် Dongmei Group နှင့် သွားကျိုး၊ World Hongmen History and Culture Association တို့ကို အမေရိကန်က ၂၀၂၀ တွင် အရေးယူပိတ်ဆို့ထားသည်။ သို့သော် ၂၀၂၄ မေလအထိ Dongmei Group မှာ ဟောင်ကောင်၌ မှတ်ပုံတင်ထားဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် Dongmei park သည် မလေးရှားနိုင်ငံသားများပါဝင် ရင်းနှီးမြှုပ်နှံမှုများဖြင့် လည်ပတ်နေခြင်းဖြစ်သော်လည်း ကုမ္ပဏီနှင့်ပတ်သက်၍ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း JFM က ဆိုသည်။

Dongmei Park မှာ မြဝတီမြို့နယ်အတွင်းရှိ မြေဧက ၃၀၀၀၀ ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ ဖျော်ဖြေရေးနေရာများ၊ ဟိုတည်များနှင့် ရုံးခန်းများ တစ်ခမ်းတစ်နား ဆောက်လုပ်ထားသည်။ ကရင် BGF ထိန်းချုပ်နယ်မြေအတွင်းမှာ Jinxin Park နှင့် KK Park နာမည်ဆိုးဖြင့် ကျော်ကြားသော အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာများဖြစ်သည်။

Jinxin Park အမည်ရ အွန်းလိုင်ငွေလိမ်စင်တာမှာ မြဝတီမြို့အစွန်၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အထက်က သောင်ရင်းမြစ်နံဘေးတွင် တည်ရှိပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်သည့် နေရာတစ်ခုဖြစ်သည်။

ထိုစင်တာရှိ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို စောချစ်သူနှင့် BGF အရာရှိများလှည့်လည်ကြည့်ရှု့နေသည်ကို Douyin အမည်ရ တရုတ်ဆိုရှယ်မီဒီယာ ရုပ်သံတစ်ခုတွင် တွေ့ရရှိရသည်။ ထို့ပြင် စောချစ်သူကို Xiong Shijia ဆိုသူ စီမံကိန်းသူဌေးဖြစ်သူနှင့် ရင်းရင်းနှီးနှီးရှိသော လှုပ်ရှားမှုများလည်း ထိုရုပ်သံတွင် တွေ့ရသည်ဟု JFM က ဆိုသည်။

ထို့အတူ အမည်ဆိုးဖြင့် ကျော်ကြားသော KK Park အမည်ရ အွန်လိုင်းငွေလိမ်စင်တာမှာလည်း BGF နှင့် ဆက်နွှယ်နေသော လုပ်ငန်းတစ်ခုဖြစ်သည်။ ထိုစီမံကိန်းသည် အလုပ်သမားများပေါ် ဆိုးဆိုးရွားရွား လူအခွင့်ရေးချိုးဖောက်မှုများကျူးလွန်လေ့ရှိသည့်နေရာဖြစ်သည်၊ လုံခြုံရေးအတွက် BGF က တပ်ဖွဲ့ဝင်များပံ့ပိုးပေးထားသည်ဟု JFM က ဆိုသည်။

၂၀၂၀ ခုနှစ်၊ ဒေါင်မေဥယျာဉ် (Dongmei) အုတ်မြစ်ချအခမ်းအနား (ညာဘက်အလယ်- Wan Kuok-koi (Broken Tooth) နှင့် ဘယ်ဘက်အလယ် Datuk Abdul Shakor bin Abu Bakar)၊ နောက်တွင် BGF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Dato Mashitah Ibrahim Facebook)

BGF အရာရှိများကို ဗြိတိန်နိုင်ငံကသာ အရေးယူ

စောချစ်သူမိသားစုဝင်များ ခြယ်လှယ်နေသည့် BGF ပိုင်စီးပွားရေးလုပ်ငန်းများတွင် ဗိုလ်မှူးကြီးစောမင်းမင်းဦးနှင့် ဗိုလ်မှူး စောတင်ဝင်းတို့မှာလည်း အရေးပါသည့် BGF အရာရှိနှစ်ဦးဖြစ်သည်။

ယခင်က စောမင်းမင်းဦးသည် DKBA တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ BGF တွင် ဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်နေသော စောမင်းမင်းဦးမှာလည်း ၎င်းတို့တပ်က လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသူတစ်ဦးလည်းဖြစ်သည်။

စောမင်းမင်းဦးသည် BGF က လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း ၇ ခုတွင် အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်ထားကာ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားသည်။ ထို့ပြင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းလုပ်ကိုင်ခွင့်ရထားသော ရထိုက်ကုမ္ပဏီ (Myanmar Yatai International Holding Group) ဘုတ်အဖွဲ့တွင် ပါဝင်နေသော BGF ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှာ ၂၀၁၇ ခုနှစ်တွင် ရထိုက်ကုမ္ပဏီနှင့် BGF တို့ အကျိုးတူဖော်ဆောင်ခဲ့သော မြို့သစ်စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတွင် BGF က အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ စောမင်းမင်းဦး၏ အမည်ဖြင့် ဖြစ်သည်။

ရထိုက်ကုမ္ပဏီမှာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံရှိပြီး ဝန်ထမ်းပေါင်း ၃၅၀၀ ဖြင့် လည်ပတ်နေသည်ဟု ၎င်းတို့ Website စာမျက်နှာတွင် ကြွေးကြော်ထားသော်လည်း DICA ခွင့်ပြုချက်ဖြင့် ရွှေကုက္ကိုလ်၌ လည်ပတ်နေသော လုပ်ငန်းများမှာမူ စာရင်းပျောက်လည်ပတ်နေခြင်းဖြစ်သည်။

ပေါက်ကြားလာသည့် ၂၀၁၉-၂၀၂၂ ဘဏ္ဍာငွေရှင်းတမ်းတွင် ကုမ္ပဏီဝန်ထမ်းအသုံးစရိတ်အနည်းအငယ်ကိုသာ ထည့်ထားကာ ဝင်ငွေစာရင်းကိုမူ တင်ပြထားခြင်းမရှိပေ။ စောမင်းမင်းဦးလက်မှတ်ထိုးထားသည် ၂၀၁၉ အောက်တိုဘာမှ ၂၀၂၂ မတ်လစာရင်း၌ ကျပ်ငွေ ၁၃.၈ သန်း အရှုံးပေါ်နေကြောင်း တင်ပြထားသည်။

ထိုကာလမှာပင် မြန်မာခရိုနီပိုင် CB ဘဏ်၌ ထည့်သွင်းထားသော ကုမ္ပဏီငွေထဲက အမေရိကန်ဒေါ်လာ ၂.၉ သန်းကို ငွေသားဖြင့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၂. ၄ သန်းကို ဒါရိုက်တာအဖွဲ့ဝင်များအတွက် ပေးချေခဲ့ကြသည်။

ဗိုလ်မှူးစောတင်ဝင်းသည် BGF ကုမ္ပဏီများဖြစ်သော ရွှေမြစ်သောင်ရင်းဟိုဒင်းကုမ္ပဏီ (Shwe Myint Thaung Yinn Holdings Limited) နှင့် ရွှေမြစ်သောင်ရင်းစက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီ ( Shwe Myint Thaung Yinn Industry & Manufacturing Company Limited) တို့တွင်  ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့်အတူ အစုရှယ်ယာများပိုင်ဆိုင်ထားသည်။

ရွှေမြစ်သောင်ရင်းစက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီသည် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို တင်သွင်းရေးအတွက် လုပ်ကိုင်ပေးသည်။ ယင်းမှာ မြဝတီမြို့နယ်အတွင်း လည်ပတ်နေသော ထောင်နှင့်ချီသည့် ငွေလိမ်လုပ်ငန်းများနှင့် ကာစီနိုလုပ်ငန်းများလည်ပတ်စေရေးအတွက် အရေးပါသော စွမ်းအင်အရင်းမြစ်ဖြစ်သည်။

စောမင်းမင်းဦးနှင့် စောတင်ဝင်းတို့သည် မြန်မာနိုင်ငံစက်မှုတွင်းထွက်ကုန်ကြမ်းထုတ်လုပ်သူများအသင်းကို ၂၀၁၉ ခုနှစ်က ပူးတွဲတည်ထောင်ကာ စောမင်းမင်းဦးက ဒုတိယဥက္ကဋ္ဌ၊ စောတင်ဝင်းက အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည်။ 

၎င်းတို့နှစ်ဦးနှင့် ခေါင်းဆောင်ဖြစ်သူ စောချစ်သူတို့ကို ဗြိတိန်အစိုးရက ၂၀၂၃ ဒီဇင်ဘာလက ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ထားသည်။ BGF ခေါင်းဆောင်သုံးဦးနှင့်အတူ ရထိုက်ကုမ္ပဏီ၌ အများဆုံးရှယ်ယာရှင်တစ်ဦးဖြစ်သူ ရှီကျင်ကျန်း(She Zhijiang) ဆိုသူကိုပါ ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူထားသည်။

ပြီးခဲ့သည့် ၂၀၂၂တွင်မူ ရှီကျင်ကျန်းမှာ ထိုင်းငံအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံရသည်။ သို့သော် မဲဆောက်လေဆိပ်၌ ရထိုက်ကုမ္ပဏီက ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ထုပ်ဆိုင်မှာ ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု JFM က ဆိုသည်။

အဆိုပါ ၄ ဦးသည် ရွှေကုက္ကိုလ်ရှိ ငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံရသူများ အဓမ္မစေခိုင်းမှု၊ လူမဆန်စွာညှဉ်းပန်းနှိပ်စက်မှုများအတွက် တာဝန်ရှိသူများဖြစ်သောကြောင့် ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့ခြင်းဖြစ်သည်။ စောချစ်သူ၊ စောမင်းမင်းဦးနှင့် စောတင်ဝင်းတို့ ၃ ဦးကို ဒဏ်ခတ်အရေးယူသည့် နိုင်ငံမှာ ဗြိတိန်နိုင်ငံတစ်နိုင်ငံတည်းသာရှိသေးပြီး အခြားနိုင်ငံများမှာမူ အရေးယူပိတ်ဆို့မှုများမရှိသေးပေ။

BGF အတွက် အထင်ရှားဆုံး ဝင်ငွေရလမ်းကြောင်းများမှာ ရွှေကုက္ကိုလ်မြို့တွင် သောင်းနှင့်ချီသော ငွေလိမ်ကုမ္ပဏီလုပ်ငန်းရှင်များထံမှ ၁၀ % အခွန်ဖြတ်တောက်ခြင်း၊ အလုပ်သမားများထံမှ နေစရိတ်စားစရိတ် လစဉ် ထိုင်းဘတ်ငွေ ၈၈၉၀ ကောက်ယူခြင်းတို့ဖြစ်သည်။

BGF ကို KNA အဖြစ် အမည်ပြောင်းပြီးနောက်ပိုင်းတွင်မူ ယခင်က အလုပ်သမားများထံမှ ကောက်ယူလေ့ရှိသည့် လစဉ်ကြေး ခေါ် ဝင်ငွေခွန် တစ်လလျှင် ဘတ် ၁၀၀၀ ကိုလည်း ၂၀၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဟု တရုတ်ဘာသာဖြင့် ထပ်မံကြေညာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ စက်တင်ဘာခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် လောင်းကစားလုပ်ငန်းများစီးနင်းခံစဉ် BGF ထိန်းချုပ်နယ်မြေ မြဝတီ၊ ရွှေကုက္ကိုလ်ဒေသတွင် သန္ဓေတည်နေသော လုပ်ငန်းများ ခေတ္တရပ်တန့်သွားခဲ့သေးသည်။

သို့သော် ၂၀၂၄ နှစ်ဆန်းပိုင်းတွင်မှာ မြဝတီ၊ ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် တရားမဝင်လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်လာသည်ဟု KIC ကို ကိုးကား၍ JFM က ရေးသားထားသည်။

နိုင်ငံတကာအနေဖြင့် BGF နှင့် ခေါင်းဆောင်များ၊ အကျိူးတူဖက်စပ်လုပ်ကိုင်နေသော စီးပွားရေးသမားများ၊ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များနှင့် အခြားသောပါဝင်ပတ်သတ်နေသူများကို ထိထိရောက်ရောက်အရေးယူပိတ်ဆို့ရန် JFM က တောင်းဆိုထားသည်။

Show More

Related Articles

Back to top button