အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KK Park ကျားဖြန့်စင်တာကို စစ်ကော်မရှင်စီးနင်းမှု ဟန်ပြဟုဝေဖန်ခံနေရ

ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသော မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသကို အရေးမယူဘဲ KK Park အတွင်း ဝင်စီးခြင်းသည် မေးခွန်းထုတ်စရာဖြစ်ကြောင်း ကရင်လူမျိုး နိုင်ငံရေးလေ့လာသူ အမျိုးသားတစ်ဦးကဆိုသည်။

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကျားဖြန့်စင်တာကို စစ်ကော်မရှင်တပ် ဝင်စီးမှုသည် ဝါဒဖြန့်ချိရေးအတွက် ဟန်ပြလုပ်ဆောင်မှုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်လူမျိုး နိုင်ငံရေးလေ့လာသူအချို့က ဆိုသည်။

KK Park သည် မြဝတီမြို့အရှေ့တောင်ဘက် ငါး မိုင်ကျော်အကွာ မယ်ထော်သလေးကျေးရွာအနီး လေးကေ့ကော်မြို့သစ်အရှေ့မြောက်ဘက် နှစ် မိုင်ကျော်အကွာတွင်ရှိသည်။ 

KK Park တွင် အွန်လိုင်းမှတစ်ဆင့်ငွေလိမ်သည့် လုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်းလည်ပတ်နေပြီး ပြင်းထန်သည့် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်မှုရှိကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားသည်။

၂၀၂၄ ခုနှစ်၊ မေလတွင် VOA နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် KNU မှ ကွဲထွက်သွားသော အုပ်စုငယ်များ ပေါ်ပေါက်လာသောကြောင့် KK Park တည်ဆောက်ထားသည့် ဧရိယာသည် လက်ရှိတွင် KNU ၏ ထိန်းချုပ်မှုအပြင်ဘက်၌ ရှိနေကြောင်း ပြောသည်။

KNU ဗဟိုဘက်က ငွေလိမ်ဂိုဏ်းများအပါအဝင် တရားမဝင်ကာစီနိုလောင်းကစားဝိုင်းများကို အကြွင်းမဲ့ဆန့်ကျင်ပြီး တိုက်ဖျက်သွားမည်ဟု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။

စစ်ကော်မရှင်တပ်နှင့် ဆက်နွယ်သည့် လုပ်ငန်းများအကြောင်း ဖော်ထုတ်တင်ပြသည့် Justice For Myanmar အဖွဲ့ကမူ KK Park တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) လည်း ပါဝင်နေပြီး အဆိုပါ စီမံကိန်းအတွက် လုံခြုံရေးယူပေးနေကြောင်း ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်ထုတ် အစီရင်ခံစာတွင် ရေးသားသည်။

United States Institute of Peace ကလည်း KK Park အပါအဝင် အခြား ဆိုက်ဘာ ငွေလိမ်လုပ်ငန်း ခြံဝန်းကြီးများနှင့် “ကာစီနိုမြို့များ” ကိစ္စ၌ ကရင် BGF တပ်များ ပါဝင်ပတ်သက်ကြောင်း အစီရင်ခံစာရေးသားဖူးသည်။

KK Park လုံခြုံရေးအတွက် BGF ၏ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းနှင့် အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့က ပါဝင်ပတ်သက်နေကြောင်း JFM ၏ WHO POWERED THE EXPANSION OF CYBER SCAMS IN MYAWADDY ၏ အစီရင်ခံစာတွင်ပါရှိသည်။

KK Park တွင် BGF ပါဝင်မှုနှင့် ပတ်သက်၍ ပိုသိနိုင်ရန် BGF တပ်ဖွဲ့ပြောခွင့်ရ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို Myanmar Now က အွန်လိုင်းမှတစ်ဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပေ။ ဖုန်းဆက်သည့်အခါ စက်ပိတ်ထားသည်။

အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းဖြင့် ဝင်ရောက်ရှင်းလင်းနိုင်ကြောင်း အောက်တိုဘာ ၂၀ ရက် ထုတ် စစ်တပ်ထိန်းချုပ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်း ဖော်ပြသည်။

တိုက်ပွဲစဉ်တစ်လျှောက် တိုက်ပွဲကြီး ၆  ကြိမ်ဖြစ်ပြီး တိုက်ပွဲငယ် ၅၂ ကြိမ်ဖြစ်ကာ အလောင်း ၁၀ လောင်း ၊ လက်နက်မျိုးစုံ ၁၆ လက်သိမ်းမိကြောင်း စစ်ကော်မရှင်ဘက်ကဆိုသည်။

KK Park အတွင်း ထူးခြားဖြစ်စဉ်မတွေ့ဘဲ Star Link အင်တာနက်သုံးနိုင်သည့် စလောင်းအစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများသိမ်းမိကြောင်း လူ ၂၁၉၈ ဦးတွေ့ကြောင်း စစ်ကော်မရှင်ဘက်ကဆိုသည်။

KK Park အတွင်း အဆောက်အအုံ ဆောက်လုပ်မှု ၊ မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အစိုးရ၏ တရားဝင်ခွင့်ပြုမိန့် ၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ် နှင့် ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့် စသည့် တရားဝင်စာရွက်စာတမ်း မရှိကြောင်း စစ်ကော်မရှင်ဘက်ကဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအား ဆင့်ခေါ်သော်လည်းမလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်မည်ဟု မြန်မာ့အလင်းသတင်းတွင် ပါသည်။

စစ်ကော်မရှင်တပ်စစ်ကြောင်းများသည် KK Park ကို ဝင်ရောက်ပြီးနောက် KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ဆက်လက်စစ်ဆင် တိုက်ခိုက်ရာ လေးကေ့ကော်မြို့သစ်နှင့် အနီးရှိ စစ်စခန်း နှစ် ခုကို သိမ်းနိုင်ခဲ့ကြောင်း မြန်မာ့အလင်းသတင်းတွင် ဖော်ပြသည်။

ရှုခင်းသာစခန်းကို အောက်တိုဘာလ ၁၇ ရက်တွင် သိမ်းပိုက်ပြီး စွယ်တော်ကုန်းစခန်းကို အောက်တိုဘာလ ၁၉ ရက်တွင် စစ်ကော်မရှင်တပ် သိမ်းနိုင်ခြင်းဖြစ်သည်။

မြန်မာ့အလင်းသတင်းတွင် ထိုသို့ ထုတ်ပြန်ပြီးနောက် စစ်ကော်မရှင်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကလည်း KK Park စီမံကိန်းတွင် KNU ခေါင်းဆောင်ပိုင်းများ ပါဝင်ပတ်သက်နေကြောင်း ၊ KNU သည် KK Park စီမံကိန်းအတွက် လုံခြုံရေးလုပ်ဆောင်၍ အကျိုးအမြတ်များရနေကြောင်း အောက်တိုဘာလ ၂၁ ရက်တွင် ပြည်တွင်းမီဒီယာအချို့ကို ဖြေကြားသည်။

“မြေနေရာနဲ့ ပတ်သက်ပြီး ခွင့်ပြုထားတာတို့ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှမရှိကြောင်း တွေ့ရပါတယ်။ နောက်ပြီး အဲဒီ မြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစားလုပ်ငန်းတွေကိုလည်း အခကြေးငွေယူပြီး ကြေးစားကာကွယ်မှုများ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ ငွေတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က “ဓာတ်ပုံတွေကိုကြည့်ခြင်းဖြင့် စနစ်တကျနဲ့ တကယ့်ကို စီစဉ်ပြီးရိုက်ကူးထားတာမြင်သာပါတယ်။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ မူးယစ်ဆေးဝါးကိစ္စတွေ ၊ ကျားဖြန့်ကိစ္စတွေအကုန်လုံးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရာထူးကြီးကြီး စစ်ဗိုလ်ချုပ် ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်” ဟု Myanmar Now ကိုပြောသည်။

ကမ္ဘာတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ကျားဖြန့်ကိစ္စကို စိတ်ဝင်စားမှုမြင့်တက်နေစဉ်တွင် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ၎င်းက ဝေဖန်သည်။

KK Park ကို စစ်ကော်မရှင်တပ် ဝင်စီးသည့် ကိစ္စနှင့် ပတ်သက်၍ KNU ၏ သဘောထားသိရှိနိုင်ရန် KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်း ထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပေ။

KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကမူ စစ်ကော်မရှင်တပ်သည် နယ်စပ်တွင် စစ်ကြောင်းထိုး၍ ဆုံးရှုံးသွားသည့် စခန်းများကို ပြန်ယူရန် ကြိုးပမ်းစဉ် ကျားဖြန့်ကိစ္စအချက်အလက်များရသွားသည့် သဘောဖြစ်ကြောင်း ၎င်း၏ ပုဂ္ဂလအမြင်ကို ပြောသည်။

“ကျားဖြန့်နှိမ်နင်းဖို့လုပ်တယ်လို့တော့ မမြင်ပါဘူး။ သူတို့ (စစ်ကော်မရှင်တပ်)က ကျားဖြန့်လုပ်ဖို့ နောက်ကွယ်က ကြိုးကိုင်နေသူတွေပဲလေ။ သူတို့က ခွင့်ပြုထားတဲ့အပေါ်မှာ BGF က ဦးဆောင်ပြီးလုပ်သွားတဲ့ လုပ်ငန်းတစ်ခုပဲ။ သူတို့ လုံးဝအမြစ်ပြတ်လုပ်ဖို့ စိတ်ကူးမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ကရင်လူမျိုး နိုင်ငံရေးလေ့လာသူ အမျိုးသားတစ်ဦးကလည်း ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသော မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသကို အရေးမယူဘဲ KK Park အတွင်း ဝင်စီးခြင်းသည် မေးခွန်းထုတ်စရာဖြစ်ကြောင်းဆိုသည်။

၎င်းက “ကရင်ပြည်နယ်မှာက KK Park ရှိတယ်။ ရွှေကုက္ကိုလ်ရှိတယ်။ တစ်ခြားနေရာတွေရှိတယ်။ အခု KK Park ကို ဝင်ဖမ်းတာကလည်း လူမပါဘူး။ ပစ္စည်းပဲဖမ်းတယ်။ ထိပ်သီးခေါင်းဆောင်တွေကို ဖမ်းမိတာမရှိဘူး။ လူ ၂၀၀၀ ကျော်တွေ့တယ်လို့ သတင်းထွက်လာတယ်။ လူဘယ်နှယောက်ကို ဖမ်းတယ်ဆိုတာ ဘာတစ်ခုမှ သတင်းထွက်မလာဘူး။ ဒါကတော့ သူတို့လုပ်ပြတာပဲ” ဟု ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် KNU အဆင့်မြင့်အရာရှိတစ်ဦးကမူ KK Park တွင် KNU ဘက်က ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုသည်။

“KNU က တိုက်ရိုက်လုပ်ထားတာမရှိပါဘူး။ ဒါပေမဲ့ဗျာ ကျွန်တော်တော့ မလုပ်ဘူး။ ကျွန်တော့်သားလုပ်တာရှိမလား။ ကျွန်တော့်သားက ကျွန်တော်နဲ့မှမနေတော့ဘဲ သူက အိမ်ထောင်နဲ့ ။ ဒါက ဥပမာပြောတာပါ။ သူက အိမ်ထောင်နဲ့ဆိုတော့ သူဘာလုပ်သလဲ ကျွန်တော်ဘယ်သိမလဲ။ အဲဒီလိုတော့ရှိပါတယ်။ ဒါပေမဲ့ဗျာ သူများက စွပ်စွဲနေတယ်။ ကျွန်တော်တို့လည်း မငြင်းတော့ဘူးလေ”ဟု KNU အဆင့်မြင့်အရာရှိက ပြောသည်။

မြေပြင်တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဓာတ်ပုံမှတ်တမ်းတင်သူ အမျိုးသားတစ်ဦးကလည်း စစ်ကော်မရှင်တပ်သည် ကျားဖြန့်နှိမ်နင်းရေး ဟန်ပြလုပ်နေခြင်းသာဖြစ်ကြောင်း ဆိုသည်။

“တစ်ရုံထဲကိုပဲ ဆင်ပြီးရိုက်တယ်လို့မြင်တယ်။ တစ်ကယ်သာနှိမ်နင်းမယ်ဆိုရင် အလုံးစုံကို အပြတ်ရှင်းလို့ရတဲ့ အနေအထား။ အဲဒီလိုအနေအထားကို အခုကျမှ ဒါတွေလုပ်ပြလို့ရပါတယ်ဆိုပြီး အယောင်ပြနှိမ်နင်းတဲ့ ပုံစံလို့မြင်ပါတယ်။ ကျားဖြန့်တွေက BGF ထိန်းချုပ်ထားတဲ့ နယ်နိမိတ်အတွင်းပိုင်းတွေမှာ ရှိတယ်။ ကျောက်ခတ်ဆိုရင် DKBA ထိန်းချုပ်ထားတာ။ သူတို့သာ အပြည့်အဝနှိမ်နင်းတယ်ဆိုရင် ဒီနေရာကို ဝင်စီးရမှာ” ဟု ၎င်းက မှတ်ချက်ပေးသည်။

မြဝတီမြို့ ဒေသခံ တစ်ဦးကမူ စစ်ကော်မရှင်တပ်သည် KK Park ကို ကြိုတင်အကြောင်းအကြားပြီးမှ ဝင်ရောက်စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“KK Park ကို သွားစစ်မယ်ဆိုတာက အကြောင်းကြားထားတယ်လေ။ အကြောင်းကြားထားတော့ သူတို့စစ်တဲ့နေရာက လူရှိတဲ့နေရာမဟုတ်ဘူး။ တပ်ကတော့ နားလှည့်ပါးရိုက်ခံရတာပေါ့။ အရှက်မရှိ ပုံတွေတင်တယ်။ သူတို့ထုတ်ပြန်တယ်။ လူဘယ်နှယောက် တိုက်ဘယ်နှလုံး အဲဒါတွေက မှန်တယ်။ မမှားဘူး။ ဒါပေမဲ့ KK Park လို့ပြောလိုက်တာနဲ့ နိုင်ငံခြားသားတွေ ကွန်ပျူတာတွေနဲ့ အကျအနလုပ်နေတဲ့နေရာတွေရှိတယ်။ အဲဒီနေရာကို ဝင်လည်းမကြည့်ဘူး။ ဝင်လည်းမစစ်ဘူး” ဟု မြဝတီဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။

လက်ရှိတွင် လေးကေ့ကော်မြို့ဝန်းကျင် ဖလူး ၊ မင်းလက်ပံစသည့် ရွာများအနီး၌ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် KNLA အပါအဝင် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်နေကြောင်း မြေပြင်တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဓာတ်ပုံမှတ်တမ်းတင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

Related Articles

Back to top button