သတင်း

ရွှေကုက္ကို သို့မဟုတ် လူ့ငရဲခန်းများရှိရာအရပ် 

မြဝတီတွင် ထောင်ပုံစံ အဆောက်အအုံများမှ လွတ်မြောက်လာသည့် တရုတ်များကို တွေ့ရသလို ဇာတိမြေတွင် နေထိုင်သကဲ့သို သက်တောင့်သက်သာရှိနေသော တရုတ်နိုင်ငံသားများကို တွေ့ခဲ့ရသည်။

အဝါရောင် နှင့် အညိုရောင် ရောစပ်ထားသော အုတ်ကျိုးရောင် ပုံစံတူ အထပ်မြင့်အဆောက်အအုံ အများအပြားမှာ ရုတ်တရက် ကြည့်လျှင် လူသူကင်းမဲ့ဟန်ရှိသည်၊ သာမန် အထပ်မြင့်တိုက်ခန်းများ၊ ကွန်ဒိုများနှင့် အမြင်ကွဲပြားသည်။ အထပ်တိုင်းတွင် လေအေးပေးစက်များ(အဲကွန်း) တပ်ဆင်ထားခြင်းကလွဲ၍ အလုံပိတ်အကျဉ်းထောင်များနှင့်သာ ပိုတူသည်။ 

၀ရန်တာ မပါသလို ပြတင်းပေါက်များတွင်လည်း သံပန်းများ တပ်ဆင်ထားသည်၊   အရေးပေါ်လှေခါးမရှိ၊ အဆောက်အအုံထဲမှ ထွက်လိုလျှင် မြေညီထပ် ဝင်ပေါက်မှသာ ထွက်နိုင်သည်။  CCTV ကင်မရာများ တပ်ဆင်ထားသလို  လုံခြုံရေးအစောင့်အကြပ်များလည်းရှိသေးသည်။ 

ထိုင်း-မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းရှိ ရွှေကုက္ကိုမြို့သစ်ရှိ ထိုအဆောက်အအုံများသည် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကာလရှည်ကြာ အန္တရာယ်ကင်းစွာ လုပ်ငန်းလုပ်ကိုင်ကြသည့် နေရာတစ်ခု ဖြစ်သည်။

သတင်းထောက်များ ရောက်သွားချိန်တွင် အဆိုပါ အလုံပိတ်အဆောက်အအုံများ၏ အောက်ဆုံးထပ်တွင် တရုတ်နိုင်ငံသားဟု ယူဆရသူ အများအပြား စုဝေးနေကြသည်ကို တွေ့ရသည်။  လူကုန်ကူးခံရပြီး ကျားဖြန့်လုပ်ငန်းတွင်  ခိုင်းစေခံနေရသူများဖြစ်သည်။ 

BGF တပ်မှူးများက ၎င်းတို့ကို ကယ်ထုတ်ခဲ့ပြီး ကောင်းကောင်းမွန်မွန်ထိန်းသိမ်းစောင့်ရှောက်ထား သည်ဟု သတင်းထောက်များကို ပြောသည်။ ကြမ်းပြင်ပေါ် အမည်းရောင်အမှိုက်အိတ်များ ခင်းပြီး ထိုင်နေ၊ အိပ်နေကြပြီး တချို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။  

ကျားဖြန့်လုပ်ငန်းမှ ပြန်လွတ်မြောက်လာသော တရုတ်နိုင်ငံသားများကို BGF ထိန်းသိမ်းထားစဉ်။ (ဓာတ်ပုံ – အောင်ခမ်း)

ဖုန်း နှင့် အင်တာနက်အသုံးပြုခွင့်မရခြင်းမှ လွဲ၍ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရကြသည့် အခြေအနေ ကို Myanmar Now က တွေ့ရှိရသည်။ BGF မှ အရာရှိများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိနေသည့်တိုင် တရုတ်နိုင်ငံသားတချို့က သတင်းသမားများကို ရဲရဲတင်းတင်းပင် စကားလာပြောကြသည်။ 

Myanmar Now က အသက် ၃၀ အရွယ်တရုတ်လူငယ်တစ်ဦးကို ချဉ်းကပ်ပြီး “အင်္ဂလိပ်စကား ပြောတတ်လား”ဟု မေးမြန်းရာ ထိုလူငယ်က  အနည်းငယ်ပြောတတ်သည်ဟု ပြန်ဖြေသည်။ 

ကျားဖြန့်လုပ်ငန်းထဲကနေ လွတ်မြောက်လာတဲ့ အခုအချိန်မှာ ဘယ်လိုခံစားရလဲဟု မေးမြန်းသောအခါ  သူက မတုံ့မဆိုင်းဘဲ “ အရမ်း ပျော်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ငါအိမ်ပြန်ရတော့မယ်” ဟု ပြောသည်။

ထိုစဉ်မှာပင် အနီးသို့ နောက်ထပ် တရုတ်လူငယ် ၅ ဦးခန့် ရောက်လာပြီး  အချင်းချင်းတီးတိုး ပြောဆိုကြသည်။

ထိုအထဲ တစ်ယောက်က  ဂျင်းဘောင်းဘီကို ဆွဲတင်ပြီး သူ၏ ညာဖက်ခြေထောက်မှ ခြေခုံ နှင့် ညို့သကျည်းတွင် ရိုက်နှက်ခံထားသော ဒဏ်ရာများကို ပြသသည်။ 

အခြားသော တစ်ယောက်ကလည်း  သူ၏ ခြေထောက်မှ အမာရွတ်များကို  ပြသည်။ 

သူတို့နှစ်ဦး၏ ဒဏ်ရာများကို ကြည့်ရှုနေစဉ်မှာပင် နောက်ထပ်တစ်ဦးက  အဖြူရောင်အားကစားဘောင်းဘီတိုကို ဆွဲမကာ အတင်းတိုးဝင်လာသည်။ သူ၏တင်ပါး နှစ်ဖက်စလုံးတွင် အရေပြားလောင်ကျွမ်းပြီး အနာအစက်အပျောက်များစွာ နှင့် အနာမကျက်သေးသော ပြည်တည်နာများကို တွေ့ရှိရသည်။ 

ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းတွင် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ရလာသော အရေပြားဒဏ်ရာများကို ပြသနေသော တရုတ်နိုင်ငံသားတစ်ဦး။ (ဓာတ်ပုံ – အောင်ခမ်း)

သူ့ဒဏ်ရာများနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းချိန်မရခင်မှာပင် သူက သတင်းထောက်များအနီးမှ ထော့နဲ့ ထော့နဲ့ ဖြင့် ပြန်ထွက်သွားသည်။ 

သူ လမ်းလျှောက်ထွက်သွားသည့် မြင်ကွင်းမဆုံးခင်မှာပဲ ဘယ်ဘက်ပခုံးကို လက်ဖြင့်လာတို့ခေါ်၍ လှည့်ကြည့်လိုက်ရာ ခပ်၀၀ တရုတ်နိုင်ငံသားတစ်ဦးက  သူ၏ ညာဖက်ရင်ဘတ် လျှပ်စစ်ကျင်စက်ဖြင့် တို့ထိ နှိပ်စက်ခံခဲ့ရစဉ် တစ်ကိုယ်လုံး လှုပ်ခါသွားတတ်ပုံတို့ကို ခြေဟန်လက်ဟန်နှင့် ရှင်းပြသည်။ 

ထိုသို့ ရှင်းပြစဉ် နာကျင်အော်ဟစ်သံ မထွက်သော်လည်း  နှိပ်စက်ခံရချိန်က မည်မျှ ထိခိုက်နာကျင်ခဲ့ရသည်ကို သူ၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများက ပြောပြနေသည်။ 

သူ့အလှည့်ပြီးနောက်  သူတို့အဖွဲ့ထဲမှ နောက်ဆုံးတစ်ယောက်ကို အလှည့်ပေးပြန်သည်။ ထိုသူက တင်ပါးအားလုံးပေါ်သည်အထိ  ဘောင်းဘီချွတ်ပြသည်၊  ဖြူဖွေးတင်းကားနေသော သူ၏ တင်းပါးတစ်ခုလုံး အညိုအမည်းစွဲ၊ သွေးခြေဥနေရာ  မာကျောသောအရာဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံထားရဟန်တူသည်။  

တင်ပါးတစ်ခုလုံး အညိုအမည်းစွဲအောင် ရိုက်နှက်ခံထားရသော တရုတ်နိုင်ငံသားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်ခမ်း)

ထိုအခြေအနေများကို အနည်းငယ်ထပ်မေးမြန်းခွင့်ရရန် အင်္ဂလိပ်စကားပြောတတ်သော အသက် ၃၄ အရွယ် Greg ဆိုသည့် တရုတ်လူငယ်က Myanmar Now ကို ကူညီသည်။ 

Greg သည် တရုတ်နိုင်ငံတောင်ပိုင်းမှ နည်းပညာမြို့ဟု တင်စားခေါ်ဝေါ်ကြသော ရှန်ကျန်းမြို့ ဇာတိဖြစ်ကြောင်း မိတ်ဆက်သည်။ ၎င်းတို့အများစု ဤဒေသတွင် လူကုန်ကူးခံရသည်မှာအနည်းဆုံး ၄ လ ဝန်းကျင်ရှိပြီဖြစ်ကြောင်း၊  အသိမိတ်ဆွေများက လစာ ယွမ် ၁ သိန်းကျော်ရရှိမည်ဟု မက်လုံးပေးကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Greg က ပြောသည်။ 

နယ်စပ်သို့ရောက်ချိန်တွင် ထိုသူငယ်ချင်းကို မတွေ့ရကြောင်း၊  သူ၏ အလုပ်သည် အွန်လိုင်းမှ ဆက်သွယ်စကားပြောရခြင်းဖြစ်ပြီး အလုပ်သေချာမလုပ်ဟုဆိုကာ မကြာခဏ ရိုက်နှိက်ခံရကြောင်း သူက ဆက်ပြောသည်။ 

ထိုအချိန်တွင်  ယူနန်ပြည်နယ်၊ တာလီမြို့မှလာသူ အမျိုးသားက “ငါတရုတ်ပြည်ကို ပြန်ချင်နေပြီ” ဟု အစီအစဉ်မကျသော အင်္ဂလိပ်ဘာသာစကားဖြင့် ကြားဖြတ် ဝင်ပြောသည်။ 

ထို့နောက် ၎င်းတို့အနေဖြင့် ကျားဖြန့်လုပ်ငန်းများတွင် အတင်းအဓမ္မအလုပ်စေခိုင်းခံရခြင်း၊ လျှပ်စစ် ကျင်စက်၊ သံတုတ်များဖြင့် ရိုက်နှက်ခြင်း၊ ရေနွေးပူများဖြင့် လောင်းပက်ခြင်း အစရှိသည့် ညှဉ်းပန်းနှိပ် စက်ခံကြရသည်ဟု တခြားသူများ ပြောပြချက်ကို Greg က ဘာသာပြန်ပေးသည်။ 

“လွန်ခဲ့တဲ့ ၃ လလောက်က တစ်ယောက်တစ်ယောက်ကတော့ ဒီနေရာမှာ အရှင်လတ်လတ် မီးရှို့ အသတ်ခံခဲ့ရတယ်” ဟုက တခြားသူတစ်ဦး ပြောပြချက်ကို Greg က Myanmar Now သို့ ဆက် ပြောပြသည်။

“ငါတို့ အရမ်းကို ကြောက်ပြီးတော့ အရမ်းလည်း ဝမ်းနည်းရတယ်” ဟုက သူက ဆိုသည်။ 

ထိုအချိန်မှာပင် သတင်းသမားများကို အချိန်စေ့ပြီးဖြစ်ကြောင်း BGF တပ်ဖွဲ့ဝင်များက အသိပေးရာ   Greg အပါအဝင် တခြားသော တရုတ်နိုင်ငံသားများနှင့် စကားပြောဆိုမှုကို လက်စသတ်ရန် အချိန်ဖြစ်လာသည်။

Greg ကို အိမ်တွင်ကျန်ခဲ့သည့်မိဘများနှင့် တရုတ်အစိုးရကို မည်သည့် သတင်းစကားပါးလိုသလဲဟု မေးမြန်းလိုက်သည်။

“ငါ့မိဘတွေကို ပြောချင်တာက ငါအခုတော့ လုံခြုံနေပါပြီ၊ စိတ်မပူကြပါနဲ့” ဟု Greg က လိုတိုရှင်း ပြန်ဖြေသည်။   

“တရုတ်အစိုးရကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေကိုလည်း  ကျေးဇူးတင်ပါတယ်” 

မြ၀တီဒေသ ကျားဖြန့်လုပ်ငန်းခွင်မှ ထွက်လာသူများကို တရုတ်အစိုးရက လေယာဉ်စေလွှတ်ပြီး ပြန်ခေါ်ရာတွင် လက်ထိပ်ခတ်ပြီး  တရားခံများကဲ့သို့ ခေါ်ဆောင်မည်ကို Greg တို့ ထိုအချိန်က မသိကြသေးပေ။

အငြင်းပွားဖွယ် ရွှေကုက္ကိုမြို့သစ်စီမံကိန်း 

ဗိုလ်မှူးကြီး စောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ် BGF သည် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသဖွံံ့ဖြိုးရေးစီမံကိန်းအဖြစ် အမြဲတစေပုံဖော်လာခဲ့သည်။ 

၂၀၁၈ ခုနှစ်အတွင်း ထိုမြို့သစ်စီမံကိန်း ဖော်ဆောင်ခွင့်ရခဲ့ပြီး နောက်ပိုင်းတွင် ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်နေမှုများကြောင့် စီမံကိန်းယာယီ ရပ်ဆိုင်းခဲ့ရသည်။ 

ထိုအချိန်က စီမံကိန်းသည် အွန်လိုင်းလောင်းကစား၊ ဟိုတယ်၊ ကာစီနို အစရှိသော လောင်းကစားလုပ်ငန်းများဖြင့်သာ နာမည်ဆိုးထွက်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း လုပ်ငန်း အလျင်အမြန်ကြီးထွားလာသလို ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ တရားမဝင်ပြည့်တန်စာလုပ်ငန်း အစရှိသည့် ရာဇဝတ်လုပ်ငန်းများ အခြေချရာ မြို့အဖြစ်  ပြောင်းလဲသွားသည်။  

နိုင်ငံတကာအဖွဲ့အစည်းများ နှင့် သတင်းဌာနများက ထိုဒေသ၏ ရာဇဝတ်မှုလုပ်ငန်းများအကြောင်းကို စောင့်ကြည့်ဖော်ထုတ် ရေးသားကြသည့်တိုင် ထိုလုပ်ငန်းများ ဆက်လက် လည်ပတ်ခဲ့သည်။ 

သို့သော် တရုတ်နိုင်ငံသား သရုပ်ဆောင်ဝမ်ရှင်း   ဇန်နဝါရီလဆန်းတွင်  မြ၀တီဒေသရှိ အွန်လိုင်း ငွေလိမ် ဂိုဏ်းတစ်ခုထံ ရောင်းစားခံရသည့် ဖြစ်စဉ်ပေါ်လာပြီးနောက် ထိုဒေသ၏အခြေအနေ အပြောင်းအလဲများ စွာရှိလာခဲ့သည်။ ဝမ်ရှင်း၏ဖြစ်ရပ်ကို အကြောင်းပြုပြီး သတင်းဝိုင်းဝန်းရေးသားကြရာ တရုတ်အစိုးရက ဒေသတွင်းနိုင်ငံများကို ဖိအားပေးပြီး မြ၀တီဒေသ ကျားဖြန့်လုပ်ငန်းကို အရေးယူကြသည့် အစီအစဉ် ပေါ်ပေါက်လာလေသည်။

BGF သည် ဝမ်ရှင်းလွတ်မြောက်ရေးအတွက် အကူအညီများပေးခဲ့ရသလို တရုတ် နှင့် ထိုင်း တို့၏ လျှပ် စစ်မီး နှင့် လောင်စာဆီ ဖြတ်တောက်သော ဖိအားပေးမှုကြောင့်လည်း ၎င်းတို့ထိန်းချုပ်ရာ ရွှေကုက္ကို နှင့် KK Park အစရှိသော ဒေသများရှိ ကျားဖြန့်များကို နှိပ်နင်းမှု စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ စတင်ခဲ့သည်။ 

ရက်ပိုင်းအတွင်းမှာပင် သတင်းသမားများကို  ရွှေကုက္ကိုမြို့သို့ လှည့်လည်ခေါ်ပြခဲ့သည်။ 

မြို့အဝင် ရွှေကုက္ကိုမြိုင်၊ မြ၀တီခရိုင်ဟု ရေးသားထားသော ကြာပန်းအဝိုင်းတွင် BGF တပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးယူထားသည်။ 

ရွှေကုက္ကိုမြို့တွင်းတွေ့ရသော BGF တပ်ဖွဲ့ဝင်များ ။ (ဓာတ်ပုံ – အောင်ခမ်း) 

တပ်မဟာ ၃ တပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ် စောမောင်ဝင်း၊   ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် တို့က သတင်းသမားများကို  ရွှေကုက္ကိုမြို့တွင်းသို့  လှည့်လည်လိုက်ပြသည်။ 

နိုင်ငံတကာမှ အလုပ်အကိုင် ရှာဖွေသူတို့ကို လိမ်ညာခေါ်ယူပြီး ကျွန်ပြုခိုင်းစားနေသည်ဟု သတင်းကြီးနေသော နေရာများသို့ သွားရောက် လေ့လာလိုသည့် သတင်းသမားတို့ကို 

ပထမဆုံး လိုက်လံ ပြသသည့် နေရာမှာ  နိုင်ငံတကာအဆင့်မီဆေးရုံ တည်ဆောက်ရေး စီမံကိန်းနယ်မြေနှင့် ဆေးပညာသင်တန်းကျောင်းတို့ ဖြစ်သည်။ ထို့နောက်   BGF က ဦးဆောင်တည်ဆောက်ပေးထားသော စာသင်ကျောင်းများကို   ပြသသည်။

ဗိုလ်မှူးချုပ် စောမောင်ဝင်းကို ထီးမိုးပေးနေရသူများသည်  စစ်ယူနီဖောင်းဝတ် ဆယ်ကျော်သက်များဖြစ်ကြသည်။  အသက်ပြည့်သေးဟန်မတူပေ။

 ဗိုလ်မှူးချုပ် စောမောင်ဝင်းကို ထီးမိုးပေးနေရသော BGF စစ်သားငယ်တစ်ဦး။ (ဓာတ်ပုံ – အောင်ခမ်း)

ရွှေကုက္ကိုမြို့သစ်၏ မြို့လယ်ခေါင်ဟု ဆိုရပြီး အရပ်ခေါ် နာရီစင်အ၀ိုင်းသို့ ရောက်ချိန်တွင် တရုတ်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား သုံးမျိုးဖြင့် ရေးသားထားသော ကြော်ငြာစာများ၊ တရုတ် ခေါက်ဆွဲဆိုင် များနှင့် စားသောက်ဆိုင်များ၊ ငွေလွှဲလုပ်ငန်းများ၊  အိမ်သုံး နှင့် ရုံးသုံးပစ္စည်း အရောင်းဆိုင်ခန်းများ၊ ကားနှင့်ဆိုင်ကယ်ပြင်ဆိုင်များ၊ ဆေးဆိုင်နှင့် ဆေးခန်းများ၊ ဆောက်လက်စ အထပ်မြင့်အ ဆောက်အအုံများ နှင့် အိမ်ရာစီမံကိန်းများ၊ လုံခြုံရေးယူထားသော ကွန်ဒိုအထပ်မြင့်အိမ်ရာစီမံကိန်း တချို့ကို တွေ့ရှိရသည်။  

ထိုနေရာသည် တရုတ်နိုင်ငံသားများ ပိတ်လှောင်ခံရထားပြီး ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ရာ ပုံစံတူအထပ်မြင့်အဆောက်အအုံများရှိသော နေရာနှင့် မနီးမဝေးပင်ဖြစ်သည်။

ထို့အပြင် ရွှေကုက္ကိုမြိုင်မြို့ဝင်ပေါက်အနီး  BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ ချစ်သူမြိုင် စံအိမ်ကို အနည်းငယ် ကျော်လွန်ပါက ရောက်သည့် နေရာ ဖြစ်သည်။  

ရွှေကုက္ကိုမြို့အတွင်း တွေ့ရသော အထပ်မြင့်အဆောက်အအုံများ နှင့် ဆောက်လက်စလုပ်ငန်းခွင်။ (ဓာတ်ပုံ – အောင်ခမ်း)

ဘေးတွဲဆိုင်ကယ်စျေးသည်များမှသည် တရုတ်စားသောက်ဆိုင်များ၊ မြန်မာဟင်းလျာဆိုင်များကိုလည်း မြင်တွေ့ရသည်။  Starbucks ဆိုင်းဘုတ်တပ် ကော်ဖီဆိုင်ကိုပင် ကားပေါ်မှ လှမ်းတွေ့ရသည်၊   ကမ္ဘာကျော် Starbucks ကော်ဖီက ကမ္ဘာကျော်ကျားဖြန့်မြို့တွင် ဆိုင်ခွဲဖွင့်ထားကြောင်း ကြေညာထားခြင်း မရှိသေးသဖြင့်  လုပ်ငန်းရှင်တစ်ဦးက ထိုတံဆိပ်ကို တရားမဝင် သုံးနေခြင်း ဖြစ်နိုင်သည်။ 

ရွှေကုက္ကိုသည် မြို့ပြဒေသ အိမ်ရာစီမံကိန်း အများအပြား အကောင်အထည်ဖော်နေသည်ဟု ထင်မှတ်ရလောက်အောင် အလုပ်သမား အများအပြား အလုပ်လာလုပ်ကြသည်ကို တွေ့မြင်ရသည်။ 

ဆောက်လုပ်ရေးအလုပ်သမားများသည် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေထိုင်ရန်၊ လုပ်ငန်း လုပ်ကိုင်ရန် ဆောက်လုပ်နေသော အထပ်မြင့်အဆောက်အအုံများ၏ မျက်နှာချင်းဆိုင်လမ်းဘက်တွင် တာလပတ်မိုး၊ တာလပတ်ကာ တဲတန်းလျားများတွင် နေထိုင်ကြသည်။  

ရွှေကုက္ကိုမြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ ယာယီတဲများ ။ (ဓာတ်ပုံ – အောင်ခမ်း)

ထိုင်းနိုင်ငံမှ လျှပ်စစ်မီး နှင့် လောင်စာဆီ ဖြတ်တောက်ထားသည့်တိုင် ရွှေကုက္ကိုမြို့တွင်း၌ ဆောက် လက်စ အဆောက်အအုံများ ဆောက်လုပ်နေမှု ဟန်မပျက် ရှိနေသလို အိမ်ဆိုင်များ၊ စတိုးဆိုင်လေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များသည်လည်း ပုံမှန်အတိုင်း ဖွင့်ထားသည်။ 

ကျားဖြန့်ငရဲခန်းများမှ လွတ်လာသော ရှန်ကျန်းမြို့သား Greg အပါအဝင် တရုတ်နိုင်ငံသားများသည်  နေရပ် ပြန်ခွင့်ရတော့မည်ဖြစ်၍ ပျော်ရွှင်နေကြသည်။ သို့သော်လည်း   ရွှေကုက္ကိုမြို့တွင်း လမ်းများပေါ်တွင် ဆိုင်ကယ်စီးကာ သွားလာနေကြသော၊  စားသောက်ဆိုင်တချို့တွင် အသံကျယ်ကျယ်နှင့် ရယ်မောပြောဆို စားသောက်နေကြသော တရုတ်နိုင်ငံသား အများအပြားကိုလည်း တွေ့နေရလေသည်။  

Show More

Related Articles

Back to top button