အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်ရုံစီးနင်းမှု တရုတ်တစ်ဦး အပါအဝင် ၅ ဦးထက်မနည်း သေဆုံး

မြဝတီမြို့နယ်၊ မင်းလက်ပံရွာ ကျားဖြန့်ရုံ စီးနင်းမှုအတွင်း တရုတ်လူမျိုးတစ်ဦးအပါအဝင် သေဆုံးသူ ငါးဦးထက်မနည်း ရှိနေပြီး KNU ဘက်က ၎င်းတို့လက်ချက်မဟုတ်ဘဲ အချင်းချင်းသတ်ဖြတ်မှုဖြစ်ကြောင်း ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဝင်ရောက်စီးနင်းမှုအတွင်း တရုတ်လူမျိုးတစ်ဦးနှင့် မြန်မာလေးဦး ထက်မနည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ် သုံးဦးက Myanmar Now ကို ပြောသည်။

မြဝတီမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးတွင် ရှိသော မင်းလက်ပံရွာသည် ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသောနေရာဖြစ်သည်။

အဆိုပါရွာအနီး စစ်ကော်မရှင်တပ်နှင့် KNU လက်အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားနေစဉ် DKBA တပ်ဖွဲ့ဝင်များက စစ်ကော်မရှင်တပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် KNU တပ်များက မင်းလက်ပံကျေးရွာကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စီးနင်းခဲ့ပြီး DKBA တပ်ဖွဲ့ဝင် ၂၃၀ ၏  လက်နက်များကို ဖြုတ်သိမ်းခဲ့သည်ဟု KNU (ဗဟို) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ဂိတ်အထပ်ထပ်ပိတ်ထားသော ခြံဝင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် KNU က ဝင်ရောက်စီးနင်းရာ လူ ၂၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းဖမ်းဆီးမှုတွင် ပါဝင်သည့် တရုတ်လူမျိုး ၃၃၇ ဦး အနက် ၃၆ ဦးကို ထိုင်းအာဏာပိုင်များထံ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လွှဲပြောင်းပေးထားကြောင်း KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါနေရာရှိ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သူအချို့သည်  လက်နက်ကိုင်ဆောင်ထားကြောင်း KNU ဘက်က ပြောထားသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် KNU အရာရှိတစ်ဦးက “ဖြစ်စဉ်က ဒီလို ဗိုလ်ချုပ်စတီး (DKBA စစ်ဦးစီးချုပ်) ရဲ့ သားပေါ့။ သူ့ရဲ့ ကာစီနိုရုံ၊ အခုခေါ်တာတော့ ကျားဖြန့် ပေါ့။ အဲဒီကာစီနိုရုံနားမှာ စကစနဲ့ ကျွန်တော်တို့ KNLA တပ်နဲ့က ထိတွေ့မှုဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။ 

ဆက်လက်၍ “ ထိတွေ့မှု ဖြစ်တော့ DKBA က လူက စကစဘက်ကနေ ဝင်ပစ်တဲ့ပုံစံမျိုး အသံပေးတာပေါ့ဗျာ ။ အဲဒါကို KNU ကလည်း အင်အားများတော့ အရှိန်မရပ်ဘဲ ကာစီနိုရုံထဲကို ဝင်သွားတာပေါ့။ ဝင်သွားတော့ အရောင်းအဝယ်လုပ်မယ့် သေနတ်က အလက် ၁၀၀ ကျော်ရှိတယ်။ အဲဒီသေနတ်တွေသိမ်းမိတာ” ဟု  ထိုသူက ဆိုသည်။

ပစ်ခတ်မှု ဘယ်လိုဖြစ်လဲ

ငွေလိမ်လုပ်ငန်းနေရာ စတင်စီးနင်းသည့်နေ့ (နိုဝင်ဘာလ ၂၁ ရက်နေ့) ကတည်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာလူမျိုး လေးဦးနှင့် တရုတ်လူမျိုး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း DKBA သတင်းရင်းမြစ် တစ်ဦးက Myanmar Now ကို ပြောသည်။

“စီးနင်းမှုစတင်ချိန်မှာ သူတို့ (KNU) က အရပ်မျက်နှာအားလုံးကို ပစ်ခတ်နေတယ်။ အထဲကလူတွေက ထိတ်လန့်ပြီး ထွက်ပြေးဖို့ ကြိုးစားကြတယ်။ တချို့ကတော့ အပြန်အလှန်ပစ်ခတ်မှုမှာ ပိတ်မိနေနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ဘယ်ကိုပြေးရမှန်း မသိကြဘူး” ဟု DKBA သတင်းရင်းမြစ်က ဆိုသည်။ 

“ သူတို့ (ပစ်ခတ်ခံရသူတွေက)  အလယ်မှာ ပိတ်မိနေပြီး မတော်တဆ ပစ်ခတ်ခံခဲ့ရတယ်။ ဘယ်သူမှ ဒီလို ဖြစ်လာဖို့ မရည်ရွယ်ခဲ့ကြဘူး” ဟု ၎င်းက ဆက်ပြောသည်။

လတ်တလော သေဆုံးသွားသူများသည် တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် အလုပ်လုပ်နေသူများ သို့မဟုတ် လူကုန်ကူးခံထားရသည့် သူများ ဟုတ်မဟုတ်ဆိုသည်မှ မသိရသေးပေ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် Myanmar Now သတင်းရင်းမြစ်တစ်ဦးကလည်း မင်းလက်ပံဖြစ်စဉ်တွင် တရုတ်လူမျိုးများ အသတ်ခံရသည်ဟု ကြားသိရကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူအရေအတွက်ကို ၎င်းအနေဖြင့် တိတိပပမသိရကြောင်း ပြောသည်။

အဆိုပါဖြစ်စဉ်အပေါ် KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က နိုဝင်ဘာလ၂၆ ရက်နေ့မှ စတင်ကာ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်နေ့) အထိ ဖုန်း၊ Signal တို့မှတဆင့် ဆက်သွယ်ခဲ့သော်လည်း ပြန်ဖြေကြားခြင်း မရှိပေ။

KNU ၏ ပစ်ခတ်မှုဟု DKBA သတင်းရင်းမြစ်က ဆိုသော်လည်း KNU ကမူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု အတွင်း သေဆုံးသည်ဟု ဧရာဝတီသတင်းဌာနကို ပြောထားသည်။ 

အချင်းချင်းလက်ချက်ဟု KNU ဆို

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုအတွင်း  တရုတ်လူမျိုးတစ်ဦးနှင့် မြန်မာလူမျိုး ငါးဦး အသတ်ခံရကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံပို့ဆောင်ပေး ထားကြောင်း ပဒိုစောတောနီးက ပြောထားသည်ကို တွေ့ရသည်။ 

“တရုတ်လို့ ပြောပါတယ်။ သူတို့က ဒီမနက်မှာ ထပြီးသောင်းကျန်းနေကြတာ။ သူတို့အချင်းချင်းမှာလည်း ပြဿနာတွေရှိသလို တခြား အာဖရိကန်တွေနဲ့လည်း ပြဿနာရှိတယ်။ အဲဒီထဲမှာ သူတို့ ခေါင်းဆောင်လို့ ယူဆရသူတွေက လက်နက်တွေကို ဘယ်ကနေ ဘယ်လို ယူလာသလဲတော့ ကျွန်တော်မသိဘူး”

“ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုလည်း မစစ်ဆေးရသေးဘူးလေ။ အဲဒီမှာ သူတို့ပြဿနာရှာကြတယ်။ အချင်းချင်းခိုက်ရန် ဖြစ်ပွားပြီးတော့ သတ်ပုတ်တာတွေ ၊ ခုတ်ကြထစ်ကြတာတွေ ဖြစ်သွားတဲ့အခါကြတော့ အခုကျွန်တော်တို့ နောက်ဆုံးသိရတာက တစ်ယောက်သေဆုံးသွားတယ်လို့ သိတယ်” ဟု ပဒိုစောတောနီးက အဆိုပါသတင်းဌာနကို ဖြေကြားထားသည်။

ထိုင်းနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အခြေစိုက်ရာ KK Park၊ ရွှေကုက္ကိုတို့ကို စစ်ကော်မရှင်တပ်က စီးနင်းနေချိန် KNU ကလည်း DKBA ထိန်းချုပ်နေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၂၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။

လက်ရှိတွင် အဆိုပါသူများသည် ထိုင်းဘက်မှလည်း လက်မခံသဖြင့် မြစ်ကမ်းဘေး သဲသောင်များပေါ်တွင် နေထိုင်နေကြသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း လေကြောင်းဗုံးကြဲမှုများရှိသဖြင့် အဆိုပါနေရာ ရောက်ရှိနေသူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း မြန်မာသတင်းဌာနအချို့ကို ပြောထားကြသည်။ 

တရုတ်နိုင်ငံသို့ပြန်ပို့ခံရမည်ကို စိုးရိမ်ကာ ထိန်းသိမ်းခံရသူများ အချင်းများမှုများဖြစ်ပွားခဲ့ကြောင်း တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ကို ကြားရကြောင်း မင်းလက်ပံရွာသားတစ်ဦးက ပြောသည်။

“စစီးတဲ့နေ့ ညဘက်မှာ သောင်းကျန်းတာတွေဖြစ်တယ်။ တရုတ်သူဌေးတွေက အခုထိ ရှိသေးတယ်။ သူတို့က မပြန်ချင်ဘူး။ အချင်းချင်း လှုံ့ဆော်ပြီး လုံခြုံရေးယူထားတာတွေကို တိုက်ခိုက်တာတွေလုပ်တယ်။ တုတ်တွေ ၊ ဝါးရင်းတွေနဲ့ ရိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ သူတို့အချင်းချင်း ပြန်လုပ်ကြတာတွေလည်းရှိတယ်။ အဲဒီမှာ တစ်ယောက်သေသွားတယ်”ဟု အထက်ပါ ရွာခံက ပြောသည်။ 

ထို့ကြောင့် လတ်တလောတွင် မင်းလက်ပံရွာ ကျားဖြန့်ရုံ စီးနင်းမှုအတွင်း တရုတ်လူမျိုးတစ်ဦးအပါအဝင် သေဆုံးသူ ငါးဦးထက်မနည်း ရှိနေပြီး KNU ဘက်ကလည်း ၎င်းတို့လက်ချက်မဟုတ်ဘဲ အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း ငြင်းဆိုထားသည်။

သေဆုံးသူအရေအတွက်နှင့် ပစ်ခတ်မှုဖြစ်သည့်ရက်များ ကွဲလွဲမှုများ ရှိနေသည်ကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီအခြေစိုက် အွန်လိုင်းလောင်းကစားလုပ်ငန်းများ အကြောင်း ယနေ့ ထုတ်ပြန်ရာတွင် မင်းလက်ပံရွာဖြစ်စဉ်သည် KNU သည် DKBA ကို စွပ်စွဲထားကြောင်း ၊ ထုတ်ပြန်ချက်နှင့် လက်တွေ့အခြေအနေ ကွာခြားနေကြောင်း  ပြောထားသည်။

KNU အနေဖြင့် ၎င်းတို့အကြောင်း ထဲထဲဝင်ဝင် သိသူများကို နှုတ်ပိတ်ချင်၍ တစ်ကြောင်း၊ သဲလွန်စများ ဖျောက်ဖျက်ပြီး အခြားအဖွဲ့ကို အပြစ်ပုံချချင်၍ လိမ်လည်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ KNU အရာရှိကမူ တရုတ်နိုင်ငံမှ အာဏာပိုင်များက ထိုင်း- မြန်မာ နယ်စပ်ရှိ ကျားဖြန့်နေရာများတွင် ထောက်လှမ်းရေးများလွှတ်ထားနိုင်သဖြင့် သတ်ဖြတ်မှုမှန်ကန်ပါက ဖုံးကွယ်ထား၍ မရနိုင်ကြောင်း မှတ်ချက်ပြုသည်။
“အခုဟာက ဒီရုံတွေတိုင်းမှာ တရုတ်ထောက်လှမ်းရေးတွေရှိတယ်။ ပုံစံအမျိုးမျိုးနဲ့ရှိတယ်။ တကယ် သေရင်တော့ လိမ်လို့မရဘူး။ ဘာလို့ဆိုရင် သူတို့လူတွေရှိနေတယ်လေ။ တကယ်လို့ (KNU) ပစ်တာမှန်ရင် ကျွန်တော်တို့အတွက် အခြေအနေမကောင်းဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကရင်လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ရှိပြီး KNU လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့်  ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ ရှိကြသည်။

Related Articles

Back to top button