မြန်မာစစ်ကော်မရှင်တပ်ဖွဲ့များသည် အောက်တိုဘာလ ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ လေးကေ့ကော်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော နေရာများကို ဝင်ရောက်ခဲ့ပြီး ကမ္ဘာပေါ်တွင် အဆိုးဆုံးသော အွန်လိုင်းလိမ်လည်မှုစခန်းများထဲမှ တစ်ခုအဖြစ် သတင်းထွက်နေသည့် KK Park အတွင်းမှ အဆောက်အအုံများကို စီးနင်းခဲ့သည်။
စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများက ဆိုက်ဘာလိမ်လည်မှုများအား အဆိုပါနေရာတွင်အကြီးအကျယ် လုပ်ကိုင်နေပြီး ကမ္ဘာတစ်ဝန်းမှ လူကုန်ကူး၍ ခေါ်ဆောင်ထားသူများအား ငွေလိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခဲ့ကြသည်။
၎င်းတို့ထောင်ချောက်ကို မမြင်သည့် ပြည်ပမှ လိမ်လည်ရန် ပစ်မှတ်ထားခံရသူများနှင့် ယုံကြည်မှုတည်ဆောက်၍ ထိုသူများထံက ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူခဲ့ကြသည်။
ထိုနည်းလမ်းသည် ဝက်များကို ဆူဖြိုးအောင် ဝလင်စွာကျွေးမွေးပြီးနောက် သတ်စားသည့် (Pig Butchering Scams) နည်းလမ်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင်ရှိသော စစ်တပ် လက်အောက်ခံ ကိုးကန့်တပ် လက်ထက်တွင် အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများ ကြီးထွား ပျံ့နှံ့ခဲ့ပြီးနောက် နောက်ပိုင်းတွင် နိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ထိုလုပ်ငန်းများ ပျံ့နှံ့ရောက်ရှိခဲ့သည်။
ထိုနယ်မြေတွင် ကရင်နယ်ခြားစောင့်တပ် (သို့မဟုတ်) ကရင်အမျိုးသားတပ်မတော် (BGF သို့မဟုတ် KNA) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့ နယ်မြေစိုးမိုးကြသည်။
ထိုဒေသ ဆိုက်ဘာလိမ်လည်မှုများကို မြန်မာစစ်ကော်မရှင်နှင့် မဟာမိတ်ဖြစ်သော ကရင်လက်နက်ကိုင်အဖွဲ့များက အားပေးကူညီပြီး အကျိုးအမြတ်များရနေကြောင်း မှတ်တမ်းအထောက်အထားများစွာရှိသည်။
Justice For Myanmar နှင့် United States Institute of Peace အပါအဝင် အဖွဲ့အစည်းများ၏ သုတေသန မှတ်တမ်းများတွင် အဆိုပါ ကရင်ပြည်သူ့စစ်အဖွဲ့များသည် ဆိုက်ဘာလိမ်လည်မှုများတွင် အကြီးအကျယ် ဆက်စပ်မှု ရှိကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကရင် BGF နှင့် BGF ခေါင်းဆောင်များကို ရွှေကုက္ကိုဒေသ ရှိ KK Park တွင် ပတ်သက်မှုသာမက အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ (EU) တို့၏ ပိတ်ဆို့အရေးယူ ခြင်း ခံထားရသည်။
ကရင် BGF သည် စစ်ကော်မရှင်ကို ထောက်ခံသလို စစ်ကော်မရှင်က စီစဉ်ထားသည့် ရွေးကောက်ပွဲကိုလည်း ထောက်ခံသော ကရင်လက်နက်ကိုင်တပ်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်း KK Park အား ဝင်ရောက်စီးနင်းမှုသည် စစ်ကော်မရှင်အနေဖြင့် ၎င်းနှင့် ၎င်း၏ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF တို့ထံမှ ဆိုက်ဘာလိမ်လည်မှုပြဿနာကို အာရုံလွှဲရန် အခြားတစ်ဖွဲ့ကို အပြစ်ပုံချရန်လည်း လိုအပ်ခဲ့သည်။
မကြာသေးမီက ကမ္ဘောဒီးယားရှိ ငွေလိမ်ဂိုဏ်းစခန်းများတွင် တောင်ကိုရီးယားနိုင်ငံသားများ ပိတ်မိနေသည့် သတင်းများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းတစ်ခုသို့ လှည့်ဖြား ခေါ်ဆောင်ခံရသော ဘီလာရုစ်မော်ဒယ်လ်တစ်ဦး အသတ်ခံခဲ့ရသည့်အကြောင်း နိုင်ငံတကာ သတင်းခေါင်းစီးများတွင် ပါဝင်ခဲ့သည်။
ထိုအချက်များသည် စစ်ကော်မရှင်နှင့် ဒေသတွင်းနိုင်ငံများအပေါ်တွင် ဆိုက်ဘာရာဇဝတ်မှုများအပေါ် နိုင်ငံတကာ၏ ဒေါသထွက်မှုသည် ပြန်လည်မြင့်တက်လာသည်။
ထို့ကြောင့် စစ်ကော်မရှင်က အပြစ်ပုံချရန် ပစ်မှတ်သည် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံးနှင့် လူထောက်ခံမှု အများဆုံး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဖြစ်လာသည်။

စစ်တပ်က KK Park ကို ရှင်းလင်းသည် ဟု နိုင်ငံတကာမီဒီယာအချို့က သတင်းဖော်ပြနေသည်အထိ စစ်ကော်မရှင်က ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ။
မှားယွင်းစွာ အဓိပ္ပာယ်ဖော်ထားသော မြေငှားရမ်း စာချုပ်
KNU အား KK Park အတွက် တာဝန်ရှိသူအဖြစ် ပုံဖော်ရန် စစ်ကော်မရှင်သည် ယင်းနေရာအား စီးနင်းမှုကို လေးကေ့ကော်ရှိ KNU နယ်မြေများအား သိမ်းပိုက်မှုနှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် KK Park သည် KNU ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ၎င်းတို့ထံတွင် တာဝန်ရှိသည်ဟု ထင်စေရန်အတွက် စစ်ကော်မရှင်က အကွက်ဆင်ခြင်းဖြစ်သည်။
အမှန်တကယ်တွင် KK Park သည် စစ်ကော်မရှင်နှင့် ဆက်စပ်နေသည့် ကရင် BGF အပါအဝင် လက်နက်ကိုင် အဖွဲ့အများအပြား လှုပ်ရှားနေသည့် ရှုပ်ထွေးသော နယ်မြေတစ်ခုဖြစ်ပြီး BGF က KK Park အတွက် လုံခြုံရေးပေးနေသည်ဟု သိရသည်။
ဥပမာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် BGF သည် ထိုင်းနှင့် တရုတ်တို့၏ ဖိအားကြောင့် KK Park ၏ နေရာ အချို့ကို ဝင်ရောက်စီးနင်းကာ ယင်းနေရာတွင် လူကုန်ကူး ခိုင်းစေခံထားရသူအချို့အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ပေးခဲ့ခြင်းက BGF နှင့် KK Park ၏ ဆက်စပ်မှုကို ပိုသိသာစေခဲ့သည်။
ထို့နောက်ပိုင်း KK Park သည် လုပ်ငန်းများ မရပ်တန့်ဘဲ အရှိန်အဟုန်မပျက် ဆက်လက် ကြီးထွားလာသည်။
KK Park အား ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ပြီးနောက် စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park တွင် KNU ပါဝင်ပတ်သက်သည်ဟု စွပ်စွဲသည့် အသေးစိတ် ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် KNU ၏ Mulaei ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်တွင် KK Park အတွက် မြေငှားရမ်းမှု စာချုပ်ကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် KNU စစ်ဘက်ရေးရာဌာန အကြီးအကဲ စောရော်ဂျာခင် တို့ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယင်းစာချုပ်ကို ၂၀၂၂ ခုနှစ်၊ မေလတွင် KNU နှင့် ဆက်စပ်သည့် စောနေမင်းလွင်နှင့် ချိတ်ဆက်ထားသော Troth Star ကုမ္ပဏီက စာချုပ်အသစ် လက်မှတ်ရေးထိုးခြင်းဖြင့် ပြင်ဆင်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောခဲ့သည်။
ထိုမြေငှားရမ်းမှုစာချုပ်သည် KNU က နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေမှုကို သက်သေ ပြသည်ဟု ဆိုပြီး နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း အရေးယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းဆိုသည်။
ထိုပြောဆိုချက်သည် ဗိုလ်ချုပ်ဇော်မင်းထွန်းက The Irrawaddy သတင်းဌာန၏ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဖော်ပြခဲ့သောသတင်းတစ်ပုဒ်ကို အကျဉ်းချုပ် ပြန်ပြောနေသလိုဖြစ်နေသည်။ ထိုသတင်းတွင် မြေငှားစာချုပ်သည် KK Park အတွက်ဖြစ်သည်ဟု အဓိပ္ပာယ်ဖော်ခဲ့သည့် ပေါက်ကြားလာသော စာရွက်စာတမ်းများ ပါဝင်ခဲ့သည်။
သို့သော် Irrawaddy က ဖော်ပြခဲ့သည့် မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင် ဆောက်လုပ်ရေး အချိန်ကာလ၊ မြေဧရိယာအရွယ်အစား၊ တည်နေရာနှင့် ပါဝင်သည့် ကုမ္ပဏီများကို ကြည့်ပါက ထိုသဘောတူညီချက် သည် KK Park အတွက် လုံးဝ မဟုတ်ဘဲ Huanya ဟုခေါ်သော လူသိနည်းသည့် အခြားဆိုက်ဘာလိမ်လည်မှု စခန်းတစ်ခုသာ ဖြစ်သည်။
Huanya Park သည် KK Park ၏ မြောက်ဘက် မယ်ထော်တလဲကျေးရွာအနီးတွင် တည်ရှိပြီး၊ Huanya International Holding Group က တည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုကုမ္ပဏီကို Mulaei Alin နှင့် မြေငှားရမ်းမှုစာချုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
Huanya မြေငှားရမ်းမှုစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုလ၌ပင် အုတ်မြစ်ချ အခမ်းအနားကို ကျင်းပခဲ့သည်။
အွန်လိုင်းတွင် ဖော်ပြခဲ့သည့် အဆိုပါ အခမ်းအနားပုံများ၏ နဖူးစီးစာတမ်းတွင် KNU အမည်ကို ဖော်ပြထားပြီး စောရော်ဂျာခင်၏ တက်ရောက်မှုကို ဖော်ပြထားသည်။ ယင်းပုံများတွင် Huanya က ငှားရမ်းခဲ့သည့် မြေနေရာ၌ တည်ဆောက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ထားသည်ကို မတွေ့ရပေ။
ထိုလက ရရှိသော ဂြိုဟ်တုဓာတ်ပုံများအရလည်း Huanya နေရာ၌ ဆောက်လုပ်မှု မရှိသေးကြောင်း ပြသနေ သော်လည်း KK Park တွင်မူ ဆောက်လုပ်မှု ရှိနေခဲ့သည်။ ထို့ကြောင့် စာချုပ်၏ အချိန်ကာလသည် KK Park နှင့် မကိုက်ညီဘဲ Huanya Park ၏ လုပ်ဆောင်မှုများကိုသာ တွေ့ခဲ့ရသည်။
စာချုပ်ပါ မြေဧရိယာအရွယ်အစားသည် Huanya Park က ငှားရမ်းခဲ့သည့် အရွယ်အစားပင်ဖြစ်နေသည်။ စာချုပ်တွင် ဧက ၁၀၀ ဟု သတ်မှတ်ထားပြီး လက်ရှိ Huanya နေရာနှင့် ခန့်မှန်းခြေအားဖြင့် ကိုက်ညီနေကာ KK Park က ဧက ၅၀၀ ကျော် ကျယ်ဝန်းသည်။
စာချုပ်တွင် ဖော်ပြထားသော စီမံကိန်းတည်နေရာသည် မြောက်ဘက်တွင် မြဝတီမြို့ရှိပြီး အနောက်ဘက် ၌ တောင်ကုန်းများ ရှိသည့် Huanya Park ၏ တည်နေရာနှင့် ကိုက်ညီနေသည်။ သို့သော် KK Park သည် Huanya ထက် အရှေ့ဘက် ပိုကျသော နေရာတွင် တည်ရှိပြီး မြောက်ဘက်တည့်တည့်တွင် ထိုင်းနိုင်ငံရှိသည်။
KNU သည် KK Park တွင် ပါဝင်ပတ်သက်မှု မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားကာ Huanya စာချုပ်သည်သာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုသည်။ Huanya တွင် ပါဝင်ပတ်သက်မှုသည်လည်း ညှိနှိုင်း ဆောင်ရွက်မှုအနေအထားကို ကောင်းမွန်ခိုင်မာစေလိုသော ဒေသခံ မြေပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းစီမံကိန်းတွင် တရားမဝင် လှုပ်ရှားမှုများနှင့် ထိုဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် Huanya စီမံကိန်းမှ နုတ်ထွက်ခဲ့သည်ဟု KNU က ပြောထားသည်။
KNU သည် ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီး Huanya နှင့် ၎င်းတို့၏ ဆက်စပ်မှု အတွက် ဝေဖန်မှုကို ဆက်လက်ခံနေရသည်။ KNU အနေဖြင့် တရားဝင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စည်းမျဉ်းများ တိုးမြှင့်ခြင်း၊ သေချာစွာ စိစစ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုတို့အတွက် ယခုကိစ္စမှ သင်ခန်းစာယူနိုင်မည်ဖြစ်သည်။
အဆိုပါ အထောက်အထားများ ရှိသော်လည်း ယခုကိစ္စသည် လူအများအကြား နားလည်မှုလွဲမှားစေသလို မှားယွင်းသော သတင်းဖော်ပြမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် စစ်ကော်မရှင်အနေဖြင့် အချက် အလက်များကို လှည့်စားဖော်ပြရန်နှင့် KK Park ကိစ္စတွင် KNU သည် တာဝန်ရှိသည်ဟု မှားယင်းစွာ ဖော်ပြရန် အခွင့်အရေးများကို ဖြစ်ပေါ်စေခဲ့သည်။
KNU ဘက်ကမူ KK Park အတွက် မြေငှားရမ်းခြင်းနှင့် လုံခြုံရေးစောင့်ရှောက် ရယူခြင်းတို့အတွက် စွပ်စွဲထားမှုကို ပြတ်ပြတ်သားသားငြင်းဆန်ကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဧက ၁၀၀ မြေကွက်ကို (Trans -Asia International Holding Group (Thailand) Co. Ltd ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မုလအိအလင်းကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်း နုတ်ထွက်ခဲ့ပြီး ဖြစ်သည်ဟု KNU က ဆိုသည်။
KK Park လုပ်ငန်းလုပ်ကိုင်သော ဧက ၅၀၀ မြေကွက်တို့မှာ သီးခြားစီဖြစ်ပြီး တစ်ခုနှင့်တစ်ခု သုံးကီလိုမီတာ အကွာတွင်ရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် KK Park သည် KNU နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ဘဲ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ၏ စွပ်စွဲချက်ကို ပြတ်ပြတ်သားသားငြင်းဆိုသည်ဟု KNU ကြေညာချက်တွင် ပါရှိသည်။
စစ်တပ်အနေဖြင့် ထိုလုပ်ငန်းများမှအကျိုးအမြတ်များ ရရှိနေမှုကို ဖုံးကွယ်လိုသဖြင့် KNU ကို စွပ်စွဲပြီး သတင်းမှားဖြန့်ချိခြင်းသာဖြစ်ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်တွင်ိ ဖော်ပြသည်။

KK Park မှာ ဘာတွေဖြစ်နေလဲ
KK Park ထဲသို့ စစ်ကော်မရှင်တပ်နှင့် BGF တပ်များ ပူးပေါင်း၍ နောက်တစ်ကြိမ် စစ်ဆေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး KK Park ထဲမှ လူထောင်ချီသည် အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲ အချိန်မှစ၍ အုပ်စုလိုက် အပြင်ထွက်လာနေသည်။
KK Park အတွင်းရှိ AA ဆိုက် ဆိုသည့် နေရာမှ မြန်မာအလုပ်သမားများနှင့် တရုတ်လူမျိုးများ ထွက်လာခြင်း ဖြစ်ကြောင်း KK Park အနောက်ဘက် မယ်ထော်သလေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“Side ဝမ်းကနေ အကုန်လုံးတော့ ထွက်လာပြီ။ အလုပ်သမားတွေရော၊ တရုတ်တွေရောပေါ့။ အခုလမ်းတွေတောင် ပိတ်နေပြီ။ ကားတွေနဲ့အများကြီးပဲ။ အဲဒါ စီးစရာကားမရှိလို့ အမှိုက်ကားတွေနဲ့ပါ တရုတ်တွေ ခေါ်လာကြတယ်။ ကိုယ့်မြန်မာပြည်သားတွေကတော့ လမ်းလျှောက်ပြီးထွက်လာကြတာ” ဟု ဒေသခံအမျိုးသားက ဆိုသည်။
စစ်ကော်မရှင်တပ်နှင့် BGF တပ်များသည် အောက်တိုဘာလ ၂၁ ရက်နေ့ တွင် KK Park ဝင်းထဲ ထပ်မံဝင်လာပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာအလုပ်သမားနှင့် တရုတ်လူမျိုးများ KK Park ဝင်းထဲမှ အစုလိုက်အပြုံလိုက် ထွက်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားက ဆက်ပြောသည်။
BGF တပ်နယ် (၂) မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းကလည်း စစ်ကော်မရှင်တပ်က KK Park ကိစ္စ ဖိအားပေးလာသဖြင့် KK Park ထဲမှ လူများကို ပြန်ခွင့်ပြုနေခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနသို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖြေကြားသည်။
“KK park ကိစ္စနဲ့ပတ်သက်ပြီး ကျားဖြန့်လို့နာမည်ထွက်တော့ အဖွဲ့အစည်းနာမည်လည်း ထိခိုက်တယ်။ ပြီးတော့ မြန်မာစစ်တပ်ဘက်ကလည်း ကျွန်တော်တို့ ဖိအားပေးလာတာရှိတယ်။ အဲဒါကြောင့် သူတို့မှာရှိတဲ့ အဆက်အသွယ်ကနေတဆင့် ကျွန်တော်တို့ပေးပြန်တာ” ဟု စောတင်ဝင်းက KIC သတင်းဌာနကို ပြောသည်။
ထို့ကြောင့် စစ်ကော်မရှင်က KK Park တွင် KNU ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားသော်လည်း လက်တွေ့ မြေပြင်တွင် စစ်ကော်မရှင်တပ်၏ လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကသာ KK Park ကို ထိန်းချုပ်ပြီး KK Park ထဲမှ လူများကို နေရာရွှေ့ပေးနေခြင်းဖြစ်ကြောင်း ထင်ရှားနေပေသည်။




