
ငွေသားထုတ်ယူရန် ခက်ခဲခြင်းကြောင့် မိုဘိုင်းဘဏ်ငွေလွှဲပြောင်းခြင်း (Mobile Banking) နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု (Pay) အကောင့်တစ်ခုမှ အခြားအကောင့်တစ်ခုသို့ ငွေဖလှယ်၍ ငွေသားထုတ်ယူရာတွင် လိမ်လည်ခံရမှု များပြားနေကြောင်း ငွေအလိမ်ခံရသူတို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဘဏ်နှင့် ATM (အလိုလျောက်ငွေထုတ်စက်များ) အပြင် Wave Money, KBZ Pay, CB Pay, MPT Pay, OK Dollar စသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှ ငွေသားထုတ်ယူမှု ကန့်သတ်ထားခြင်းကို အခွင့်ကောင်းယူကာ ငွေလိမ်နေကြခြင်းဖြစ်သည်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုအသုံးပြုသည့် ဘဏ်နှင့် ငွေဝန်ဆောင်မှုဌာန မတူညီခြင်းကြောင့် ယုံကြည်မှုဖြင့် ငွေကို အရင်လွှဲပြောင်းမိကြခြင်းဖြစ်သည်ဟု ငွေဖလှယ်ရာတွင် ၅၀,၀၀၀ ကျပ် လိမ်လည်ခံခဲ့ရသူ မသော်သော်အောင်က ရှင်းပြသည်။
“ကိုယ်ကနေ ဟိုဘက်ကိုလွှဲမဲ့သူက CB ပဲရှိတယ်။ ကိုယ့်ဆီမှာက CB Bank အကောင့်ထဲမှာ ပိုက်ဆံမရှိဘူး။ KBZ pay ထဲမှာပဲ (ပိုက်ဆံ)ရှိတာ။ အဲ့လိုဆို (အွန်းလိုင်းမှ ချိတ်ဆက်ပြီး) ငွေချိန်းကြတယ်။ KBZ ကနေ CB ကို ဘယ်သူငွေလွှဲပေးမလဲ။ ကိုယ်က KBZ ကနေ ငွေပေးမယ်။ ကိုယ့်ကို CB ထဲကို ပြန်ထည့်ပေး။ (အသုံးပြုသူအချင်းချင်း) အဲဒီလိုမျိုးချိန်းကြတာ” ဟု မသော်သော်အောင်က ပြောသည်။
ထို့အပြင် KBZ Pay အကောင့်တွင် ငွေရှိသူသည် ငွေထုတ်ရမည့်ဒေသတွင် Wave Money မှသာ ငွေထုတ်ယူခွင့်ရပါက Wave Money နှင့် KBZ Pay ကို ရာခိုင်နှုန်းတစ်ခု ပိုပေး၍ အကောင့်အချင်းချင်း တိုက်ရိုက်ငွေလဲလှယ်ရာတွင် လိမ်လည်ခံနေရသည်။
ငွေထုတ်ယူမှုခက်ခဲခြင်းကြောင့် အကောင့်အချင်းချင်းငွေဖလှယ်မှု ခေတ်စားနေပြီး ငွေလဲလှယ်လုပ်ငန်းအဖြစ် Facebook Page ဖွင့်လှစ်ကာ လိမ်လည်သူများရှိပြီး ပုံမှန်အသုံးပြုသူအချင်းချင်း လိမ်လည်မှုများရှိကြောင်း ၎င်းက ပြောသည်။
“ယုံကြည်ရမှာပါလို့ ကိုယ့်ဘက်ကနေ Transfer (ငွေလွှဲ) လုပ်လိုက်တယ်။ Transfer လည်းလုပ်ပြီးရော ဟိုဘက်က ပိုက်ဆံဝင်မဝင် Check up (ပြန်စစ်)လုပ်ဦးမယ်ပေါ့။ စောင့်နေတယ်။ ငါးမိနစ်လောက်နေတော့ ဒီဘက်က Message ပြန်ပို့တယ်။ ရလား၊ အဆင်ပြေလား၊ ပိုက်ဆံဝင်လားဆိုတော့ အဲ့ဒီ Message က လုံးဝမဝင်ဘဲ Block လုပ်သွားတယ်” ဟု ဆိုသည်။
ငွေသားထုတ်ယူရန် ခက်ခဲသည့်အပြင် မိုဘိုင်းဝန်ဆောင်မှုကိုယ်စားလှယ်ဆိုင်များက အကောင့်တစ်ခုမှ အခြားအကောင့်သို့ ငွေလွှဲပို့ပေးခြင်းမရှိသောကြောင့် ငွေလိမ်ခံရသူ များပြားလာခြင်းဖြစ်သည်ဟု ကျပ် ၁၂၆,၀၀၀ ခန့် အလိမ်ခံရဖူးသည့် ရန်ကုန်မြို့မှ အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းအနေဖြင့် Wave Money ထဲတွင် ငွေရှိသော်လည်း KBZ Pay သို့ အရေးပေါ်ငွေလွှဲရန် လိုအပ်သောကြောင့် ကိုယ်စားလှယ်ထံကို အကောင့်အချင်းချင်း ဝန်ဆောင်ခပေး၍ ငွေဖလှယ်ရာတွင် အလိမ်ခံရသည်ဟု ဆိုသည်။
“အေးဂျင့်ဆိုတော့ ယုံရမှာပါဆိုပြီး (အွန်လိုင်းကနေ) ဆက်သွယ်လိုက်တာ။ သူ့ကို အရင်လွှဲပါဆိုတော့ လွှဲလိုက်တာပေါ့။ လွှဲလည်းလွှဲပြီးရော အချိန်တွေဆိုင်းတာ” ဟု ၎င်းက ဆိုသည်။
အရေးပေါ်ငွေလွှဲရန် လိုအပ်ခြင်းကြောင့် မျက်နှာချင်းဆိုင်ငွေလွှဲရန် အချိန်မရှိသည့်အပြင် အယုံလွယ်သောကြောင့် လိမ်လည်ခံရခြင်းဖြစ်ကြောင်း၊ Wave Money Call Center သို့ ဆက်သွယ်ပါက ငွေပြန်လည်ရသည်ဟု ဆိုသော်လည်း အဆင်မပြေကြောင်း ၎င်းက ဆိုသည်။
အွန်လိုင်းပေါ်တွင် အကောင့်အမျိုးမျိုးဖွင့်၍ လိမ်လည်မှုများရှိနေပြီး Wave Money နှင့် MPT Pay ဖလှယ်ရာတွင် ကျပ် ၄၅,၀၀၀ လိမ်လည်ခံလိုက်ရကြောင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့မှုပြုလုပ်လေ့ရှိသည့် ဒေါ်စန္ဒာက ဆိုသည်။
မိုဘိုင်းငွေကြေးအသုံးပြုသူများ စုဖွဲ့ထားသည့် Facebook Group များတွင်လည်း အလိမ်ခံရမှုများကို ဓာတ်ပုံအထောက်အထားများဖြင့် မျှဝေရေးသားသူတို့ ရှိနေသည်။
အကောင့်တစ်ခုမှ တစ်ခုသို့ ငွေဖလှယ်ခြင်းကို ရာခိုင်နှုန်းတစ်ခုယူ၍ မှန်မှန်ကန်ကန်လွှဲပြောင်းပေးသူများရှိသော်လည်း လက်ရှိကာလတွင် စားဝတ်နေရေးကျပ်တည်းမှုကြောင့် ရင်းနှီးသည့် မိတ်ဆွေဖြစ်သည့်တိုင်အောင် မယုံကြည်ရတော့ကြောင်း ငွေလိမ်ခံရသူတို့က ဆိုသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် အင်တာနက်အသုံးပြုမှု ကန့်သတ်ပိတ်ပင်ခြင်း၊ ဝန်ထမ်းများ CDM ပြုလုပ်ခြင်းတို့ကြောင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ကမောက်ကမဖြစ်ခဲ့ရာ ဘဏ်များအပေါ် ယုံကြည်မှုလျော့ကျလာပြီး လက်ရှိတွင် အပ်နှံငွေအများအပြားကို ရသည့်နည်းဖြင့် ပြန်လည်ထုတ်ယူလျက်ရှိသည်။
ထိုနည်းတူ ငွေသားမဲ့လူ့အဖွဲ့အစည်းဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ကတ်စနစ်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသည် အာဏာသိမ်းမှု၊ အင်တာနက်ကန့်သတ်ပိတ်ပင်မှုကြောင့် အများပြည်သူ၏ ယုံကြည်မှု ပျောက်ဆုံးသွားပြီဖြစ်ကြောင်း ဘဏ်အသိုင်းဝိုင်းက ကောက်ချက်ချသည်။