ဆောင်းပါး

သစ်မှောင်ခိုတွေရန်ပြုတာ ခံနေရတဲ့ ပဲခူးရိုးမသစ်တောဝန်ထမ်းများ

ပဲခူးရိုးမကို ဖြတ်ပြီး ဖောက်ထားတဲ့ မြို့ကျောင်း-စိန်ကန့်လန့်လမ်းဟာ ဒေသတွင်း သစ်ခိုးထုတ်သူတို့ရဲ့အဓိက လမ်းကြောင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သစ်တုံးတွေ လမ်းဘေးဝဲယာ ဟိုတစ်ပုံ၊ ဒီတစ်ပုံဖြစ်နေတဲ့ ဒီလမ်းရဲ့အစမှာပဲ ဖြတ်သန်းသွားလာမယ့် မော်တော်ယာဉ်တွေ ရပ်တန့်စေမယ့် သံတန်းမောင်းတံကြီးကို တွေ့ရပါတယ်။ ဒီနေရာကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့ အနောက်ဘက် ၉ မိုင်ခန့် အကွာမှာရှိတဲ့ စိန်ကန့်လန့် စစ်ဆေးရေးဂိတ်ပါ။

ဒီဂိတ်မှာ နေ့ရော ညပါ သစ်တောဝန်ထမ်းတွေ အလှည့်ကျတာဝန်ထမ်းဆောင်နေသလို ပြီးခဲ့တဲ့ လကစပြီး ပဲခူး တိုင်းဒေသကြီးရဲ့ လက်နက်ကိုင်သစ်တောရဲ ၂ဝ ထဲက ထက်ဝက်ကို ဒီဒေသမှာ တာဝန်ချထားပါတယ်။ လက်နက်တပ်ဆင်မထားတဲ့ သစ်တောဝန်ထမ်းတွေ အန္တရာယ်ပြုခံရပြီးနောက်ပိုင်းမှာ သစ်တောရဲတွေကို အားဖြည့် တာဝန်ချထားရတာပါ။

ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်တွေက သစ်တောဝန်ထမ်းတွေ ပါဝင်တဲ့ အင်အား ၂၂ ဦးပါ ခရိုင်သစ်တောအဖွဲ့ဟာ ပြီးခဲ့တဲ့ဇွန်လက ၂ ဖွဲ့ခွဲပြီး ပဲခူးရိုးမထဲကို ကင်းလှည့်ရာမှာ ခိုးထုတ်ပြီးသား သစ်တွေကို တင်နေတဲ့ကားတစ်စီး တွေ့ရတယ်လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင် ကွာဝေးပါတယ်။ ရန်ကုန်၊ မန္တလေး အမြန်လမ်းမရှိရာဆီ အတင်းမောင်းထွက်တဲ့ ခိုးသစ်တင်ကားနောက် သစ်တောအဖွဲ့နှစ်ဖွဲ့က လိုက်ဖမ်းရာမှာ သိပ်မကြာခင်မှာပဲ သစ်ခိုးကား မီးလောင်တာကြောင့် ကားပေါ်မှာပါတဲ့သူတွေက ဆင်းပြေးကြတယ်၊ သစ်တောဝန်ထမ်းတွေ မီးငြှိမ်းနေတုန်း ထွက်ပြေးသွားသူများ ပြန်ရောက်လာတယ်၊ လေးခွထဲ သံကုံးသီးထည့်ပြီး ပစ်ခတ် တိုက်ခိုက်ကြရာမှာဝန်ထမ်း ၃ ဦး ဒဏ်ရာရသွားတယ်လို့ သစ်တောဦးစီးမှူးက ဆက်ပြောပါတယ်။

သစ်ခိုးသူတစ်ဦးက ဓားကိုင်ပြီး တိုးဝင်လာတယ်၊ ဝန်ထမ်းတွေက လမ်းဘေးက ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ကြတဲ့အတွက် ရန်မူသူ ၄ ဦး ပြန်လည်ထွက်ပြေးသွားကြတယ်လို့ ဦးစန်းယုက ဆက်ပြောပါတယ်။

“ကျွန်တော် ဒီကိုပြောင်းလာတာ ၈ လပဲ ကြာသေးတယ်။ ဒီလို ကျွန်တော်တို့သစ်တောဝန်ထမ်းတွေကို ပြန်ရန်ပြုတဲ့အဖြစ်အပျက်က ပထဆုံး အတွေ့အကြုံပါ။ စိတ်ထဲမှာတော့ တော်တော်လေးလန့်တာပေါ့” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့မှာက ဘာလက်နက်မှ ပါသွားတာမဟုတ်ဘူး။ လက်နက်ဆိုလို့ တောတောင်ထဲသွားတဲ့အခါ သုံးဖို့ဆောင်သွားတဲ့ ဓားမြှောင်လေးပဲပါတာ။ ၄ ယောက်က လေးခွနဲ့ ပစ်တယ်ဆိုပေမယ့် သူတို့နောက်ကွယ်မှာ လူတွေ ထပ်ပါ မပါလည်း ကျွန်တော်တို့ မသိနိုင်ဘူး”

အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီးအစိုးရက စိန်ကန့်လန့်စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင် သစ်တောရဲ ၁ဝ ဦး ပို့ပြီး အားဖြည့်ပေးခဲ့တာပါ။

“သစ်တောရဲတွေ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလည်း (သစ်ခိုးထုတ်တဲ့ ထရပ်ကားတစ်စီး) ကျွန်တော်တို့ စစ်ဆေးရေးဂိတ် မောင်းတံကို အတင်းတိုက်ပြီး ထွက်ပြေးမယ်လုပ်လို့ သစ်တောရဲတွေက ကားဘီးကို သေနတ်နဲ့ပစ်ပြီး ဖမ်းလိုက်ရသေးတယ်” လို့ ဦးစန်းယုက ဆိုပါတယ်။

သစ်တောကာကွယ်ရေး ကြိုးပမ်းမှု

ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း နိုင်ငံရဲ့သစ်တောတွေဟာ သစ်ထုတ်တဲ့ကုမ္ပဏီတွေ၊ လယ်ယာ စီးပွား ကုမ္ပဏီတွေ၊ သစ်ခိုးဂိုဏ်းတွေကြောင့် ဖြူခါပြာခါကျခဲ့ရပါတယ်။ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူး ဒေသတွေက ထူထပ်တဲ့သစ်တောကြီးတွေ ပြောင်တလင်းခါသွားခဲ့ပြီး ဒေါ်လာဘီလျံနဲ့ချီပြီးတန်တဲ့ သစ်လုံးတွေဟာ အိမ်နီးချင်းနိုင်ငံများဆီကို တံခါးမရှိဓားမရှိရောက်သွားကြတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ခန့်မှန်းနေကြပါတယ်။

တပ်မတော်စစ်ကြောင်းတွေ၊ သူပုန်တပ်တွေက တိုင်းရင်းသားဒေသ သစ်မှောင်ခိုသမား၊ သစ်ခိုးထုတ်သူများကို အခွန် ကောက်ကြတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့သလို အစိုးရ အရာရှိတွေရဲ့ခြစားမှုတွေကလည်း သစ်တောပြုန်းတီးမှုကို မီးထိုးပေးခဲ့ပါတယ်။ ယခင်အစိုးရများလက်ထက် သစ်တောကာကွယ်ရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း သစ်တောတွေကတော့ မြန်မြန်ကြီးပဲ လျော့ကျပြုန်းတီးနေခဲ့တာပါ။

၂ဝဝ၁ နဲ့ ၂ဝ၁၃ အတွင်း သစ်တောဟက်တာ ၁ ဒသမ ၇ သန်း (ဧက ၄ ဒသမ ၂ သန်း) ဆုံးရှုံးခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းဖော်ထုတ်ရေးအေဂျင်စီ (Environmental Investigation Agency) ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သစ်တောဖုံးလွှမ်းမှုအမြင့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်း ၂ ရာခိုင်နှုန်းရှိတဲ့အတွက် တောပြုန်းနှုန်းအမြင့်ဆုံး နိုင်ငံတစ်ခုလည်းဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရလာပြီးတဲ့နောက်မှာ သစ်တော၊ မြစ်ချောင်း၊ သဘာဝ ရင်းမြစ်တွေကို ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲအုပ်ချုပ်ရေးကို ဦးစားပေးမယ်လို့ ဆိုထားပါတယ်။ တစ်နိုင်ငံလုံးမှာ သစ်ထုတ်ယူခွင့်ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရပ်ဆိုင်းပြီး သစ်ထုတ်ယူနိုင်စွမ်း အကြီးအကျယ် ကျဆင်းခဲ့တဲ့ မြန်မာ့ကျွန်းသစ်မူရင်းဒေသ ပဲခူးရိုးမမှာတော့ ကျွန်းနဲ့ သစ်မာထုတ်ယူခြင်းမပြုဘဲ ၁ဝ နှစ်အထိ အနားပေးဖို့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လ ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

၂၉၆ မိုင် ရှည်လျားတဲ့ ဒီပဲခူးရိုးမဟာ တစ်ချိန်က သစ်တောထူထပ်၊ သားငှက်တွေ အလွန်ပေါခဲ့ပေမယ့် အခုအခါမှာတော့ အဆိုးရွားဆုံး သစ်ထုတ်လုပ်မှု၊ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်မှုများနဲ့ ရင်ဆိုင်နေရပါပြီ။

နိုင်ငံအနှံ့မှာ ယခုနှစ် ပထမ ခြောက်လ အတွင်း သစ်မျိုးစုံ တန်ချိန် ၁၅,ဝဝဝ ကျော် ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲက ၁၂ ရာခိုင်နှုန်းနီးပါးဟာ ပဲခူးတိုင်း ဒေသကြီးမှာ ဖမ်းမိတာဖြစ်တယ်လို့ ဝန်ကြီး ဦးအုန်းဝင်းက ဇူလိုင် ၂၉ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားပါတယ်။

သစ်တောဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပဲခူးတိုင်းမှာ သစ်တောဝန်ထမ်း ၉ဝဝ ကျော် လျာထားပေမဲ့ ခန့်ထားနိုင်တာ ၆ဝဝ ကျော်ပဲ ရှိတယ်၊ လက်နက်ကိုင် သစ်တောရဲ အင်အား ကလည်း ၂ဝ ပဲ ရှိသေးတယ်လို့ ပြောပါတယ်။ အင်အား မပြည့်စုံတာကြောင့် ဒေသတွင်း တောပြုန်းတီးမှု၊ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ဖမ်းဆီးခံနေရမှုတို့ကို ရပ်တန့်အောင်လုပ်ဖို့ ခက်ခဲမယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဆင်ရိုင်း ၂ဝ အသတ်ခံခဲ့ရပြီး ဒီနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ အသတ်ခံရတာ ၁၂ ကောင် ရှိပြီ ဖြစ်ကြောင်း၊ အထူးသဖြင့် ပဲခူးနယ်မှာ သစ်တောမြေ ဧရိယာ အများအပြား ပျောက်ကွယ်လာတာကြောင့် ဆင်နဲ့ လူတို့ကြားက ပဋိပက္ခ ကြီးထွားလာကြောင်း သူက ပြောပါတယ်။

ဒေသခံတို့အတွက် တခြား ရွေးချယ်စရာ

ပဲခူးရိုးမဒေသခံ အများအပြားဟာ သူတို့ဘဝရပ်တည်ရေးအတွက် တခြားရွေးစရာအခွင့်အလမ်းတွေ မရှိသေးတာကြောင့်လည်း သစ်ခိုးထုတ်မှုတွေမှာ တစ်နည်းနည်းနဲ့ ပါဝင် ပတ်သက်နေကြတယ် လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက သုံးသပ်ပါတယ်။

ချို့တဲ့ကြတဲ့ ဒေသခံ အများအပြားဟာ သစ်ခုတ်ရောင်းချရခြင်းကနေ ဝင်ငွေရကြပြီး ကျွန်း၊ ပျဉ်းကတိုးစတဲ့ သစ်မာတွေကို အဓိကထား ခုတ်ကြကာ တောလမ်းတွေအတိုင်း နွားလှည်းနဲ့ ခိုးထုတ်ကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ဒေသတွင်း သစ်အချောထည်လုပ်ငန်းတွေ၊ ပရိဘောဂလုပ်ငန်းတွေက ပြည်တွင်းဈေးကွက်အတွက် အဲဒီသစ်တွေကို သုံးကြတာပါ။

အခုဆိုရင် ရိုးမတောကြီးရဲ့အစွန်အဖျားတွေမှာဆိုရင် ကျွန်း၊ ပျဉ်းကတိုး စတဲ့ သစ်မာတွေကို တောနက်နက်ထဲသွားမှသာ တွေ့နိုင်တော့တယ်လို့ ဦးစန်းယုက ပြောပါတယ်။ ပဲခူးရိုးမထဲမှာ သစ်တော ကြိုးဝိုင်းပေါင်း ၁ဝ၃ ခု (ဧက ၃ သန်းကျော်) ရှိပေမယ့် သစ်ခိုးထုတ်မှု၊ အပြောင်ရှင်းမှုတွေကြောင့် တောတွေက ပုံစံပြောင်းသွားပြီလို့ သူက ပြောပါတယ်။

ရန်မူတတ်တဲ့ သစ်ခိုးဂိုဏ်းကြီးတွေကို ရင်ဆိုင်ရာမှာ သစ်တောဝန်ထမ်းတွေ၊ သစ်တောရဲတွေက လက်နက် မပြည့်စုံဘူး၊ ဒါကြောင့် သစ်ခိုးထုတ်ရာမှာ ပါဝင်တဲ့ ဒေသခံ ဆင်းရဲသား ဖမ်းမိတာ များတယ်လို့ ဦးစန်းယုက ဆိုပါတယ်။ သစ်ခိုးဂိုဏ်းတွေကို ဥပဒေအရ အပြစ်ပေးရမှာဖြစ်ပေမယ့် ဒေသခံအများအပြားက တခြားလုပ်ငန်းပြောင်းလုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သူက မှတ်ချက်ပေးပါတယ်။ အဲ့ဒီအတွက် အစိုးရအနေနဲ့ ဒေသခံတွေရဲ့ စားဝတ် နေရေးကို ဖြည့်ဆည်းပေးနိုင်မယ့် သစ်တောအခြေခံ နည်းပညာသစ်တွေ၊ လုပ်ငန်းမျိုးတွေကို ရွေးချယ်စီမံချက်ချဖို့ လိုအပ်တယ်လို့ ဦးစန်းယုက သုံးသပ်ပါတယ်။

“ဒီဒေသမှာ ဝါးထွက်တယ်ဗျာ။ အဲ့ဒီဝါးကို အလုံးလိုက်ထုတ်နေတာထက် ဝါးကနေရလာမယ့် ထရံတွေ၊ ဝါးတူတွေ ထုတ်တဲ့လုပ်ငန်းမျိုးကို စနစ်တကျ တည်ထောင်ပေးမယ်၊ ဝါးကိုပေါင်းခံတဲ့ နည်းပညာတွေနဲ့အတူ လူသုံးကုန် ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမျိုးတွေကို ထူထောင်ပေး (သင့်တယ်)” လို့ သစ်တောဦးစီးမှူးက ပြောလိုက်ပါတယ်။ ။

Show More

Related Articles

Back to top button