
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်များက တိုက်ခိုက်နေရာ သုံးရက်အတွင်း ပြင်းထန်သည့်တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
မြို့အရှေ့မြောက်ဘက် ၅ မိုင်ကျော်အကွာရှိ အုပ်ဖိုစုရွာမှ ပဲခူးရိုးမသို့ ဦးတည်လာသည့် စစ်ကြောင်းကို ဩဂုတ်လ ၂၄ နှင့် ၂၇ တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF က ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဩဂုတ်လ ၂၄ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အရှင်မိပြီး ၂၀ ခန့် သေဆုံးကြောင်း PDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်သည် လက်ပံတန်းမှ စစ်ကူများဖြင့် နောက်တစ်ကြိမ်ရှေ့တိုးလာရာ အုပ်ဖိုစုရွာအရှေ့ဘက်၊ ပဲခူးရိုးမတောင်ခြေအနောက်ဘက် တောင်တန်းမြိုင်ရွာဝန်းကျင်တွင် ဒုတိယအကြိမ် စောင့်ကြိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။
၁ နာရီခန့်အပြင်းအထန်ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲကို ဒေသတွင်း အခြားတပ်ဖွဲ့များနှင့် ပူးပေါင်း ဖော်ဆောင်ခဲ့သည်ဟု PDF က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းအသုံးပြု တိုက်ခိုက်မှုများ ရှိလာသဖြင့် တော်လှန်ရေးအင်အားစု နောက်ပြန်ဆုတ်ခဲ့ကြောင်း တပ်ရင်း ၃၈၀၂ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက Myanmar Now ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ မှ ၃၀ အထိ သေဆုံးနိုင်ပြီး၊ သေဆုံးသူများထဲတွင် သာယာဝတီမြို့ အခြေစိုက် ခလရ (၃၅) ယာယီတပ်ရင်းမှူး ဗိုလ်ကြီးအောင်ဇော်၊ ပြည်မြို့အခြေစိုက် ခလရ (၁၄) မှ ဗိုလ်ကြီးတစ်ဦးတို့ ပါဝင်ကြောင်း ရဲဘော်ဒူးယားက ပြောသည်။
“လက်နက်ကောက်ဖို့လုပ်နေတုန်း xx ဘက်က ဒရုန်းနဲ့ ဗုံးကြဲတာရယ် ထန်းပင်ချောင်ဘက်က xx တွေဆီက လက်နက်ကြီးနဲ့ထုတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ရဲဘော်ဒူးယားက တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဒရုန်းတစ်စီးကို ပစ်ချခဲ့သည်၊ လက်ပံတန်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမတောင်ခြေ၌ စစ်ကောင်စီတပ် ဆက်ရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည်၊ အုတ်ဖိုစုရွာ၊ ရေငံရွာနှင့် တောင်တန်းမြိုင်ရွာမှ ဒေသခံများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြသည်ဟု ၎င်းက ပြောသည်။
နှစ်ဖက်ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီက တိုက်ပွဲသတင်း သီးခြားထုတ်ပြန်ခြင်း မရှိသော်လည်း ထိုဒေသတွင် ပစ်ခတ်မှုရှိကြောင်း ပြောသည်။

လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာနှင့် အုပ်ဖိုကျေးရွာတို့ကို ဩဂုတ်လ ၂၇ ညပိုင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အွန်လိုင်းတွင် ဖော်ပြထားကြသည့် သတင်းမှာ မှားယွင်းနေသည်ဟု စစ်တပ်က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။
ရေငံကျေးရွာအနီးရှိ PDF တို့ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု စစ်တပ်သတင်းတွင် ဖော်ပြထားသည်။
ပဲခူးရိုးမကို PDF များ ခြေကုပ်ယူထားနိုင်ပြီဖြစ်သည်၊ တိုက်ပွဲများ ခြေသံလုံလုံဖြင့် ဖော်ဆောင်နေသည်ဟု ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ပါဝင်သော NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၏ စစ်ဒေသခွဲမှူး ဦးတင်ဦးက ဆိုသည်။
ပဲခူးရိုးမတွင် PDF များ အင်အားကောင်းလာသဖြင့် စစ်ကောင်စီတပ်က ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်သည်။
“ပြည်ခရိုင်မှာရော၊ သာယာဝတီခရိုင်မှာရောက PDF တပ်ရင်း ၂ ရင်းစီရှိတယ်။ အခုက သာယာဝတီခရိုင်ထဲမှာ နောက်တစ်ရင်းတောင် PDF က ထပ်ဖွဲ့ဦးမယ်။ ၃၈၀၃ ထပ်ဖွဲ့ဖို့။ အဲဒီမှာ စစ်လေ့ကျင့်နေကြတယ်။ သင်တန်းတွေတောင် ပေးနေတယ်။ အဲဒါတွေကိုရှင်းဖို့ စစ်ကြောင်းထိုးတာ” ဟု ၎င်းက ဆိုသည်။
အင်အား ၂၀၀ ခန့်သုံးကာ စစ်ကြောင်းထိုးနေသော်လည်း အောင်မြင်မည်မဟုတ်ကြောင်း ပြောသည်။
“မအောင်မြင်နိုင်ဘူး။ ၁၉၇၅ ခုနှစ် ပဲခူးရိုးမ ဗမာပြည်ကွန်မြူနစ်ပါတီဗဟို ကျရတာက ဖြတ်လေးဖြတ်လုပ်လို့။ ပဲခူးရိုးမတစ်ခုလုံးကို အရှေ့ခြမ်းရော၊ အနောက်ခြမ်းရော တပ်တွေနဲ့ပိတ်၊ ဖြတ်လေးဖြတ်လုပ် တိုက်လို့ ပဲခူးရိုးမက ကျရတာ” ဟု သူက ဆက်ပြောသည်။
“အဲဒီလိုမတိုက်ဘဲ အခုလို တစ်ကြောင်းထိုးလိုက်လုပ်လို့ကတော့ ပဲခူးရိုးမက အကျယ်ကြီးပဲ။ အရင်ကလို တောမထူပေမဲ့တောတောင်လျှိုမြောင်များတယ်။ ရှောင်လို့ရတယ်”
ပဲခူးတိုင်း၏ အလယ်တည့်တည့်တွင် မြောက်မှတောင် သွယ်တန်းနေသော ပဲခူးရိုးမတောင်တန်း တည်ရှိသည်။
မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် ပဲခူးရိုးမကို ဗဟိုပြု၍ တော်လှန်တိုက်ခိုက်ခဲ့ဖူးသည်။
သို့သော်လည်း စစ်တပ်သည် ပဲခူးရိုးမကို ဝိုင်းပတ်ပိတ်ဆို့၍ ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်၊ လူသစ်ရရှိနိုင်မှု စသည်တို့ကို ဖြတ်တောက်သည့် ဖြတ်လေးဖြတ်စစ်ဆင်ရေးပြုလုပ်၍ တိုက်ခိုက်ရာ ၁၉၇၅ ခုနှစ်မတ်လတွင် ထိုဒေသမှ ဗကပတို့ ဆုတ်ခွာလိုက်ရသည်။
ပဲခူးရိုးမတွင် ဗကပဗဟို ကျပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) က ၁၉၈၀ တွင် တပ်ဖွဲ့ဝင်များ စေလွှတ်ကာ ပဲခူးရိုးမအတွင်း အခြေချနိုင်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။
စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်အထိ နှစ် ၄၀ တိုင်တိုင် ပဲခူးရိုးမတွင် လက်နက်ကိုင်တော်လှန်ရေးတပ် ကင်းစင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ PDF များ ပဲခူးရိုးမတွင် ခြေကုပ်ယူလာနိုင်ခြင်းဖြစ်သည်။