
နေပြည်တော်နှင့် ထိစပ်နေသော ပဲခူးမြောက်ဘက်အစွန်ဆုံးရှိ ရေတာရှည်မြို့နယ်တွင် ယခုလ ၂၇ ရက်က ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု တိုးမြှင့်နေသည်ဟု သိရသည်။
စီးပွားရေးမြို့တော်ရန်ကုန်နှင့် နေပြည်တော်ကြား စစ်ရေးအရ မဟာဗျူဟာကျသည့် ပဲခူးတိုင်းတွင် ဒီဇင်ဘာလလယ်မှစတင်၍ လက်နက်နှင့် လူအင်အား ဖွဲ့စည်းပုံအပြည့်ဖြင့် စစ်ကြောင်းများထိုးလာပြီး တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်နေကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“တိုက်ပွဲဧရိယာအနားဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့က နည်းနည်းလေးဂရုစိုက်ပြီးတော့ အရင်ကထက် စစ်ရေးအသိ၊ သတိထားစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုလ ၂၇ ရက်နေ့က ရေတာရှည်မြို့နယ် နဂျပ်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲသည့် အင်းအာ ၃၂ ခန့်ပါ စစ်ကြောင်းက ဂူတောင်တောရကျောင်းဘက်ကို စစ်ကြောင်းထိုးလာစဉ် လက်ဦးမှုယူတိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လက်အောက်ခံ တပ်ရင်း ၃၅၀၁ မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“သတင်းရလို့ ကြိုစောင့်ဖို့ သွားတဲ့အချိန်မှာ သူတို့နဲ့ အချိန်တူတူရောက်သွားတာ။ ကိုယ်တွေဘက်က အရင်မြင်လို့ လက်ဦးမှုရလိုက်တယ်။ လက်နက်ကြီး ၄၀ မမနဲ့လည်း ထုတယ်ပေါ့။ ကျည်ကုန်သုံးပြီးတော့ ပြန်ဆုတ်လာတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။
နံနက် ၁၁ နာရီမှစ၍ ၄၅ မိနစ်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါဝင် ခြောက်ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်းလည်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ က ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီတပ်က ပြင်ဆင်ချိန်မရသလို လက်နက်ကြီးများမသုံးနိုင်သဖြင့် လက်နက်ငယ်များသာ တရစပ်ပစ်ခတ်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင်နေသည့် စစ်ကောင်စီက ပြည်မကို ထိန်းချုပ်နိုင်သော တော်လှန်ရေးအင်းအားစုများ လှုပ်ရှားသည့် ပဲခူးရိုးမကို လုံခြု့ရေးအရ အသာစီးရရန် ကြိုးစားလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆိုသည်။
“ပြည်မကို ထိန်းချုပ်နိုင်တဲ့၊ ခြိမ်းခြောက်နိုင်တဲ့ ဒီအဖွဲ့အစည်းတွေရှိကြတဲ့ ပဲခူးရိုးမတစ်ခွင်ကိုတော့ သူတို့ရဲ့ စစ်ကြောင်းထိုးတဲ့အခြေအနေတွေ၊ အင်အားတွေက အရင်ကထက် ပိုပြီးတော့ များလာတယ်။ နောက်တစ်ခါ သာလွန်အင်အားတွေသုံးလာတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် ပစ်ခတ်တိုက်ခိုက်မှုများပေါ်ပေါက်ပါက အနီးအနားရှိကျေးရွာကို ရွားလုံးကျွတ် မီးတင်ရှို့သည့် ဖြစ်စဉ်များရှိခြင်းကြောင့် တပ်အပြောင်းအရွှေ့များကို သတိထားသင့်ကြောင့် ၎င်းက ဆိုသည်။
၁၉၄၈ လွတ်လပ်ရေးပြီးချိန်မှစ၍ သမိုင်းအစဉ်အဆက် တော်လှန်ပုန်ကန်မှုများ၏ ဘူမိနက်သန်ဖြစ်သည့် ပဲခူးရိုးမတည်ရှိရာ ပဲခူးတိုင်းတွင် အခြားဒေသများနည်းတူ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းဒေသများတွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
ပဲခူးတိုင်းတွင် ပဲခူး၊ တောင်ငူ၊ သာယာဝတီနှင့် ပြည် ခရိုင်လေးခုရှိပြီး တစ်ခရိုင်လျှင် အနည်းဆုံး တပ်ရင်း နှစ်ခုဖြင့် ဖွဲ့စည်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)