သတင်း

မြိတ်မြို့အခြေစိုက်သတင်းထောက်နှစ်ဦး ထောင်၂ နှစ်စီ ချမှတ်ခံရ 

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် သတင်းထောက်နှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ မြိတ်အကျဉ်းထောင်တွင်းတရားရုံးက ယနေ့ (ဇွန် ၂) ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

DVB သတင်းထောက် ကိုအောင်ကျော်နှင့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့မှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုဖြစ်သည့် သတင်းတင်ဆက်၊ ရေးသားခြင်းသာ ဆောင်ရွက်ခဲ့သည်ကို ဆူပူအောင်လှုံ့ဆော်သည်ဟု ပုဒ်မတပ်၍ ဖမ်းဆီးထောင်ချခြင်းမှာ လုံးဝမတရားကြောင်း ၎င်းတို့၏ ဇနီးသည်များက Myanmar Now ကို ပြောသည်။ 

“ဒီပုဒ်မသည် သတင်းထောက်နဲ့ ဘာမှမဆိုင်ပါဘူး။ သတင်းထောက်က သတင်းအလုပ်ကို လုပ်တာ။ အခုလိုမျိုး ၅၀၅ ကနဲ့ တရားစွဲပြီး အမိန့်ချတာသည် လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ပြီးတော့ ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီနေ့အမိန့်ချတဲ့အချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မပေးတာက နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့် ချိုးဖောက်ခံတာပါ”ဟု ကိုအောင်ကျော်၏ ဇနီးသည်က ပြောသည်။

ကိုအောင်ကျော်သည် သတင်းသမားများကို တရားစွဲဆိုနေသည့် စစ်ကောင်စီ၏ တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိသဖြင့် ထောင်ဒဏ်အတွက် အယူခံဝင်မည်မဟုတ်ဟု ဆုံးဖြတ်ထားကြောင်းလည်း ဇနီးဖြစ်သူက ပြောသည်။ 

DVB သတင်းထောက် ကိုအောင်ကျော်သည် မတ်လ ၁ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က နေအိမ်၌ ရှိနေစဉ် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော စစ်တပ်နှင့် ရဲများ၏ အကြမ်းပတမ်း လာရောက်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်သည်။

ထိုနေ့က မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နှင့် အင်းလေးမြိုင်ရပ်ကွက်များရှိ နေအိမ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း Live လွှင့် သတင်းတင်ဆက်ခဲ့ပြီးနောက် ညပိုင်းတွင် ကိုအောင်ကျော်ဖမ်းဆီးခံရသည်။ 

၎င်းဖမ်းဆီးခံရချိန်တွင် ကိုအောင်ကျော်က DVB သတင်းဌာန၏ Facebook စာမျက်နှာမှ Live လွှင့်ခဲ့ပြီး အဆိုပါ ဗီဒီယိုတွင် ရဲနှင့် စစ်သားတို့က ၎င်း၏ နေအိမ်ကို ခဲဖြင့်ပစ်ခြင်း၊ အော်ဟစ်၍ ခြိမ်းခြောက်ခြင်း၊ အိမ်တံခါးကို ရိုက်ဖျက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ထို့အပြင် ကိုအောင်ကျော်ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရချိန်တွင် ၎င်း၏ဘက်မှ အမှုကို လိုက်ပါဆောင်ရွက်ခြင်းမပြုရန် စစ်ကောင်စီက တရားလွှတ်တော်ရှေ့နေများကို ဖိအားပေးခဲ့ကြောင်း DVB သတင်းဌာနက ယနေ့တွင် ရေးသားဖော်ပြသည်။ 

ကိုအောင်ကျော်၏ ဇနီးဖြစ်သူကမူ အထက်ပါကိစ္စကို အတိအကျအတည်မပြုနိုင်သော်လည်း ကနဦး၌ ငှားရမ်းခဲ့သည့် ရှေ့နေမှာ တရားရုံးသို့သွားရန် ပျက်ကွက်မှုများရှိ၍ ဆက်လက်ငှားရမ်းခြင်းမပြုတော့ဘဲ ဧပြီလကတည်းက စွပ်စွဲခံရသူကိုယ်တိုင် တရားခွင်၌ ခုခံနေရသည်ဟု Myanmar Now ကို ပြောသည်။

“ကိုအောင်ကျော်ကလည်း ရှေ့နေမလိုအပ်တော့ဘူး။ သူ့ဘာသာထုချေမယ်လို့ ပြောတယ်” ဟု ၎င်း၏ ဇနီးက ဆိုသည်။

ကိုအောင်ကျော်နှင့်အတူ တစ်ရက်တည်း အမိန့်ချမှတ်ခံရသည့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်မှာလည်း ဧပြီ ၆ က နေအိမ်၌ ရှိနေစဉ် ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်မှစ၍ ယနေ့အထိ သတင်းထောက် ၄၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button