
ရန်ကုန် – ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသမှ မခင်ထားကြူသည် သူ၏ ညီမ၊ သူငယ်ချင်း နှစ်ဦးတို့နှင့်အတူ ရန်ကုန်မြို့သို့ ရောက်လာပြီး လွယ်လင့်တကူ ရရှိသည့် အိမ်အကူအလုပ် လုပ်ကိုင်နေကြသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။
အလုပ်လုပ်သည့်အိမ်တွင် နေထိုင်သည့် မခင်ထားကြူသည် ညဉ့်နက်မှ အိပ်ရာဝင်၊ အိမ်ရှင်များထက် ဦးစွာ အိပ်ရာထကာ အလုပ်တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်ကိုင်ရသည်မှာ တစ်ပတ်လျှင် ခုနစ်ရက် ဖြစ်သည်။
“တစ်ရက်တလေတော့လည်း နားချင်တယ်” ဟု ၂၃ နှစ်အရွယ် မခင်ထားကြူက သက်ပြင်းရှည်တစ်ခု ချရင်း ပြောပြသည်။
သူ့သူငယ်ချင်း အသက် ၂ဝ အရွယ် မမြင့်မြင့်မော်သည် အခြားအလုပ်ရှင်တစ်ဦးထံတွင် ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းတိုက် စသည့် ရေနှင့် ထိတွေ့ရသည့် အလုပ်များကို ခြေလက်များ ရေဝဲစားသည်အထိ အဆက်မပြတ်လုပ်ခဲ့ရသည်။ ရေဝဲပျောက်အောင် နှစ်လနီးပါးကုသမှုခံယူရပြီး နောက်တစ်အိမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
မခင်ထားကြူတို့၏ လုပ်ငန်းခွင်အခြေအနေမျိုးကို မြန်မာပြည်အနှံ့ အိမ်အကူလုပ်သားများ နေ့စဉ် တွေ့ကြုံနေကြရသည်။ အိမ်ဖော် ဟု လူသိများသည့် အိမ်အကူတို့သည် အလုပ်ရှင်နှင့်အတူ နေထိုင် လုပ်ကိုင်ရသောကြောင့် ၎င်းတို့၏ အလုပ်ချိန်မှာ တစ်ရက်လျှင် ၈ နာရီထက် ပိုနေတတ်သည်။
ပြင်ပလောက နှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း တို့နှင့် ရင်ဆိုင်နေကြရသော အိမ်အကူအလုပ်သမားများမှာ နိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်သမားများထဲတွင် အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။
အသက်မပြည့်သေးသော အိမ်အကူ
ကလေးမွေးစားမည်ဟုပြောဆို ခေါ်ဆောင်သွားပြီးနောက် အိမ်အကူသဘောမျိုး ခိုင်းစေ ဆက်ဆံပြီး ညှဉ်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များ ရှိနေကြောင်း လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
“တစ်ခါတစ်ခါ အိမ်အကူအလုပ်သမားလို့တောင် ပြောလို့မရပါဘူး။ ထမင်းစားကျွန်ခံသဘောမျိုး ဖြစ်နေတယ်” ဟု သူက မှတ်ချက်ချသည်။
အလုပ်ရှင်တချို့၏ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးပြုခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ရင်ဆိုင်ရသည့် အိမ်အကူများလည်း ရှိနေပြီး အနည်းငယ်သော ဖြစ်ရပ်တချို့သာ မီဒီယာတွင် ဖော်ပြခံရသည်ဟု သူက ထောက်ပြသည်။
၂ဝ၁၅ ခုနှစ် သြဂုတ်လက ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက် အိမ်တစ်အိမ်ရှိ ၁၄ နှစ်အရွယ် အိမ်အကူကို အိမ်ရှင်၏ မောင်ဖြစ်သူ ဦးထွန်းဇော်မြင့်က အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲ တိုင်ကြားချက်ကို မြို့နယ်တရားရုံးက အရေးယူ စစ်ဆေးနေကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းမှ ထင်ရှားသည့် ရဲဘက်ပြေး ဦးကျော်ဝင်းစိန်သည် မကြာသေးမီက ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးနှစ်ဦးကို အကြိမ်ကြိမ် သားမယား ပြုကျင့်သူအဖြစ် စွပ်စွဲခံထားရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တစ်အိမ်တွင် အိမ်ရှင်၏ သားနှစ်ဦး အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အိမ်အကူမိန်းကလေးမှာ ၁၂ နှစ်အရွယ်သာ ရှိသေးသည်။
အဓမ္မကျင့်ခံရပြီးနောက်ပိုင်း အိမ်အကူနှင့်အလုပ်ရှင်ကြား ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းမှုလည်း အများ အပြားရှိနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
စာနယ်ဇင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့် ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုနှစ်ခု ရှိသည်။
ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်ရှိ ကိုကြည်လှမြင့်၊ မော်ဒယ်လ် သီရိကိုကိုနိုင်တို့က ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး၏လက်ကို ဆီပူအိုးထဲနှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲ အခန်းတွင်း ပိတ်လှောင်ထားခြင်း တို့ကို ကျူးလွန်ခဲ့သည်ဆိုသည့်အမှု မြို့နယ်တရားရုံးသို့ ရောက်လာသည်။ တိမ်းရှောင်နေသော မော်ဒယ်လ်အမျိုးသမီးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး သူ၏ခင်ပွန်းသည်ကို ၂ဝ၁၄ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်တစ်လုံးတွင် လုပ်ကိုင်နေသူ ၈ နှစ်အရွယ် မစုဝေထွန်း ကြိုးတုပ်ခံရပြီး နေပူထဲ ဒူးထောက်ထိုင်ရသည့်နည်းဖြင့် နှိပ်စက်ခံရပုံသည် Facebook တွင် ပျံ့နှံ့ခဲ့ရာမှာ ထင်ရှားသည့်အမှု ဖြစ်လာသည်။ အမှုဖြစ်ပွားစဉ် ခရီးလွန်နေသည့် အိမ်ရှင်အမျိုးသားသည် တပ်မတော်အရာရှိတစ်ဦး ဖြစ်နေသည် ဆိုသော အချက်ကြောင့်လည်း ထိုအမှုကို အများက အာရုံစိုက်ခဲ့ကြသည်။ မြို့နယ်တရားရုံးက အိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူများကို စစ်ဆေးလျက်ရှိသည်။
ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကို တုတ်၊ စတီးယောက်မဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။
မသန်းသန်းအိသည် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အရောင်းစျေးသည်အဖြစ် လုပ်ကိုင်နေကြောင်း သူ၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက ပြောသည်။
အိမ်အကူဥပဒေပြဋ္ဌာန်းရေး
အိမ်အကူကို အိပ်စက် အနားယူချိန် အနည်းငယ်သာ ပေးခြင်း၊ ကြမ်းပြင်ပေါ်တွင် အိမ်ခိုင်းခြင်း၊ အဆက်မပြတ်စေခိုင်းခြင်း စသည့် အလုပ်ရှင်တချို့၏ အပြုအမူများမှာ တရားရုံးတွင် သက်သေပြရန် ခက်ခဲလှသည်။
ညှဉ်းပန်းနှိပ်စက်ခံရပါကလည်း ရဲစခန်းသို့သွားရောက်တိုင်ကြားသူ နည်းပါးကြောင်း၊ ဒဏ်ရာ၊ မျက်မြင် သက်သေတို့ မရှိလျှင် တရားရုံးတွင်လည်း အခက် တွေ့နိုင်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။
“အိမ်အကူက ပစ္စည်းခိုးပြီးထွက်ပြေးရင် ခိုးမှုနဲ့ တရားစွဲလို့ရတယ်။ အိမ်အကူက အိမ်ရှင်နဲ့ ပြဿနာဖြစ်ရင် အိမ်အကူကို ကာကွယ်ပေးဥပဒေမရှိတဲ့ အခါကျတော့ သူတို့အနေနဲ့ နစ်နာတာပေါ့ဟု” ဦးမောင်မောင်စိုးက ပြောသည်။
ရဲတပ်ဖွဲ့ မှတ်တမ်းများတွင်မူ အိမ်အကူ နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး ၅ နှစ်အတွင်း လာရောက်တိုင်ကြားသည့် အမှုအရေ အတွက်မှာ ၈ မှုသာ ရှိကြောင်း တွေ့ရသည်။
ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားဆိုင်ရာဥပဒေ မရှိသေးသော်လည်း ပြဋ္ဌာန်းထားသော ဥပဒေများထဲမှာ ရပိုင်ခွင့်များအကြောင်း အများသိရှိစေရေးအတွက် ပညာပေးအစီအစဉ် အများအပြား လိုအပ်သည်ဟု ဆိုသည်။
“အိမ်အကူများအနေနဲ့ ဘာဖြစ်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်” ဟု သူက ပြောသည်။
အမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် သင်တန်းပေးနေသည့် အဖွဲ့ဖြစ်သည့် မေ့စွမ်းရည်မှ အစီအစဉ်မန်နေဂျာ နော်အေးအေးလှိုင်က အိမ်အကူအများစုသည် ၎င်းတို့ကိုယ်တိုင် အခွင့်အရေး တောင်းဆိုရကောင်းမှန်း မသိကြကြောင်း ပြောသည်။
အိမ်အကူများကို သီးသန့် အကူအညီပေးနေသည့် အဖွဲ့အစည်း မရှိသေးကြောင်း၊ အိမ်အကူများအရေး အလေးထားရန် အားနည်းနေကြကြောင်း၊ အလုပ်ရှင်များကလည်း အိမ်အကူ အလုပ်သမားကို လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်း နော်အေးအေးလှိုင်က ရှင်းပြသည်။
“စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အိမ်ရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု နော်အေးအေးလှိုင်က ပြောသည်။
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း၊ အိမ်အကူသည်လည်း လူသားဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကို မထိခိုက်စေသည့် အခြေခံအကြောင်းအရာများ ထည့်သွင်းရေးဆွဲရမည်ဖြစ်ကြောင်း ပြောသည်။
“ငြင်းခုန်ရတာတွေကတော့ အများကြီးပဲ။ ခွင့်ရက်၊ အလုပ်ချိန်တွေက သတ်မှတ်ရ ခက်ခဲပါတယ်။ တစ်နေ့ ၈ နာရီပဲ အလုပ်ချိန်ပေးမယ် ဆိုရင်လည်း အလုပ်ရှင်ပြန်လာတဲ့အချိန် ထမင်းမချက် အဝတ်မလျှော်ဘူး ဆိုတာမျိုးကျတော့လည်း အဆင်မပြေဘူးပေါ့” ဟု ဦးညွန့်ဝင်းက ဆိုသည်။
အိမ်အကူများ နစ်နာမှုရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံသို့ တိုင်ကြားရမည်ဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခံရပါက ရဲစခန်းသို့ တိုင်ကြားရမည် ဟု သူက ဆက်ပြောသည်။
အိမ်အကူ ဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အခြေခံလုပ်ခလစာ၊ အလုပ်ချိန်၊ ခွင့်ရက်၊ အနိမ့်ဆုံး အသက် ကန့်သတ်ချက်၊ လုပ်ငန်းအမျိုးအစား၊ ခံစားခွင့်တို့ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။
ပွဲစား
အိမ်အကူများက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သကဲ့သို့ အိမ်ရှင်အများစုကလည်း အိမ်အကူ ပစ္စည်းခိုးပြီး ထွက်ပြေးမည်ကို စိုးရိမ်ကြသည်။
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဝင်းက ၎င်းတို့မိသားစု လိုအပ်သည့် အိမ်အကူ ရရှိရန် ပွဲစားများနှင့် ချိတ်ဆက်ခြင်း မပြုကြောင်း၊ အုပ်ထိန်းသူ တစ်ဦးဦးက လာရောက် ပို့ဆောင်မှသာ အလုပ်ခန့်ထားကြောင်း ပြောသည်။
“ပွဲစားအများစုက ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းရှောင်ကြတာများတယ်။ မိဘနဲ့ ဆက်သွယ်ထားတဲ့ အခါကျတော့ တစ်ခုခုဖြစ်ရင် တိုက်ရိုက်ဆက်သွယ်လို့ရတယ်” ဟု ဒေါ်ခင်ဆွေဝင်းက ပြောသည်။
ရန်ကုန်တွင် လုပ်ကိုင်နေသော အိမ်အကူ အများအပြားမှာ တရားဝင် မှတ်ပုံတင်မထားသည့် ပွဲစား၊ အကျိုးဆောင်များမှတစ်ဆင့် အလုပ်ရသွားကြခြင်းဖြစ်သည်။ Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်ကို ပွဲစား၊ အကျိုးဆောင် အများစုက လက်ခံ ဖြေကြားခြင်း မရှိကြပေ။
အိမ်အကူက ပစ္စည်းခိုးခြင်း၊ အိမ်ရှင်က အနိုင်ကျင့်ခြင်း စသည့် ပြဿနာမျိုး ပေါ်ပေါက်မလာစေရန် လူရွေးချယ်ပြီး လုပ်ကိုင်ရကြောင်း၊ အကျိုးဆောင်ပေးခဲ့သည့် ဦးရေမှာ ဆယ်ဂဏန်းများစွာရှိကြောင်း အိမ်အကူပွဲစားလုပ်သက် ၄ နှစ် ပြည့်တော့မည့် ဒေါ်မိုးမိုးက ဆိုသည်။
“တစ်ခုခုဆို ကိုယ့်ခေါင်းပေါ်ရောက်လာမှာလေ။ နှစ်ဖက်စလုံးက ကိုယ်နဲ့သိတဲ့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့” ဟု ဒေါ်မိုးမိုးက ပြောသည်။
ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအသင်း လက်အောက်ရှိ အိမ်တွင်းဝန်ဆောင်မှု အမျိုးသမီးများအား ကူညီစောင့်ရှောက်ရေးဌာန ဒါရိုက်တာ ဒေါ်နော်ဖေါဝါးက အသင်းဝင်များ အိမ်အကူလုပ်ငန်း လုပ်ဆောင်လိုပါက အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်များသို့ အခါအားလျော်စွာ သွားရောက်စစ်ဆေးသည်ဟု ပြောသည်။
“လူသားတစ်ဦးလို ထားရှိ ဆက်ဆံတာမျိုး မရှိဘူးဆိုရင်တော့ (အလုပ်ရှင်ကို) ပထမအကြိမ် သတိပေးတယ်၊ ဒါကိုမှ မလိုက်နာရင် အိမ်အကူကို အဲဒီလို အိမ်မျိုးမှာ ဆက်မထားတော့ပါဘူး” ဟု သူက ရှင်းပြာသည်။
၎င်းတို့အဖွဲ့က အမျိုးသမီး ၁ဝဝ နီးပါးကို ချိတ်ဆက် အကူအညီ ပေးနေကြောင်း၊ အိမ်ရှင်တချို့ ကျူးလွန်သည့် မတရားမှုများထဲတွင် အိမ်အကူကို လတ်ဆတ်မှုမရှိသည့် အစားအစာ ကျွေးခြင်း၊ အိမ်သာရှေ့၊ ဝရန်တာ၊ ကွန်ကရစ်ကြမ်းခင်း စသည့် နေရာများတွင် အိပ်စက်စေခြင်း၊ နားရက် မပေးခြင်း၊ လုံလောက်စွာ အနားယူ အိပ်စက်ခွင့် မပေးခြင်းတို့ ပါဝင်နေသည်ကို တွေ့ရကြောင်း သူက ရှင်းပြသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မခင်ထားကြူ ရန်ကုန်တွင် အိမ်အကူ ဖြစ်လာရခြင်းမှာ အလုပ်ချိန် သတ်မှတ်ချက်ရှိသည့် အထည်ချုပ်စက်ရုံအလုပ်ကို ရုတ်တရက် ရှာဖွေရ ခက်ခဲခြင်း ကြောင့် ဖြစ်သည်။ ရန်ကုန်တွင် ၄ နှစ်ကြာပြီ ဖြစ်သော်လည်း တခြားအလုပ်ရှာဖွေရန် အခြေအနေ မပေးသည့် မခင်ထားကြူက မွေးရပ်မြေတွင် ပေါင်နှံထားသည့် မိသားစုပိုင်လယ်မြေ ပြန်ရွေးနိုင်ရေးအတွက် ငွေစုလိုသောကြောင့် အနိုင်ကျင့်မှုနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သော အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
ကျေးလက် လယ်ယာလုပ်ငန်းခွင် ပြန်ဝင်လိုသည့် မခင်ထားကြူက အိမ်အကူအဖြစ် လုပ်ကိုင်နေရသည်မှာ “ဘဝ လုံခြုံမှုမရှိ” ဟု ခံစားရသည်ဟု ပြောသည်။ ။