
ရန်ကုန် – မကြာခဏ ပေါ်ပေါက်လာနေတဲ့မုဒိမ်းမှုတွေ ပပျောက်သွားအောင်လုပ်ဖို့ ခဲယဉ်းပေမဲ့ လျော့ပါးသွားအောင်လုပ်ဖို့တော့ နည်းလမ်းတွေ ရှိပါတယ်။ နည်းလမ်းတစ်ခုကတော့ မှုခင်းဖြစ်ပွားတတ်တဲ့ဒေသမှာ နေထိုင်သူတွေကို ပညာပေးခြင်းပါပဲ။
မတ်လကုန်ပိုင်း တနင်္ဂနွေညနေခင်းတစ်ခု ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူတချို့ဟာ သူတို့ဆီမှာ တင်ဆက်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း စင်တင်ပြဇာတ်တစ်ခုကို ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီအဖြစ်အပျက်က ပြဇာတ်မကခင် တစ်လအလိုမှာ ပေါ်ပေါက်ခဲ့တာပါ။ ၇ နှစ်အရွယ် မိန်းကလေးကို ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက မူလတန်းကျောင်းထဲ ခေါ်သွားပြီး အဓမ္မကျင့်တယ်၊ မိဘတွေက ကလေးပျောက်တာကို သိသိချင်း လိုက်ရှာတော့ သူတို့ကို ကျောင်းထဲမှာ သွားတွေ့တယ်ဆိုတဲ့ မှုခင်းဖြစ်ရပ်ပါ။
မြောက်ဥက္ကလာပ၊ မေတ္တာလမ်းမကြီးပေါ်မှာ ကတဲ့ဒီပြဇာတ်ကို ကလေးရဲ့ မိခင်၊ ဖခင်ဖြစ်သူတို့ လာကြည့်တာလည်း တွေ့ရပါတယ်။
“သမီး ဒီလိုဖြစ်တဲ့အတွက် လုံးဝ မရှက်ပါဘူး။ တကယ်ရှက်ရမှာက ကျူးလွန်တဲ့သူပါ။ သမီးလေးလို တခြား သမီးငယ်လေးတွေ မဖြစ်စေလိုတဲ့ စေတနာနဲ့ ဒီပြဇာတ်ကပြဖို့ကို သဘောတူခဲ့တာပါ” လို့ မိခင်ဖြစ်သူက ရှင်းပြပါတယ်။
စာနယ်ဇင်းတချို့မှာ ပါဝင်ခဲ့တဲ့ မုဒိမ်းမှု သတင်း၊ ဆောင်းပါးတွေကို ပြဇာတ်ကတဲ့နေရာနားမှာ ကပ်ထားတာကို ပြဇာတ်ကြည့်ပရိသတ် စိတ်ဝင်တစားဖတ်ကြတာ တွေ့ရပါတယ်။
ညနေခင်းမှောင်ရီပျိုးစ အချိန်မှာပဲ ပြဇာတ် စတင်ပါတယ်။ ထူးခြားချက်တစ်ခုက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေးကို သရုပ်ဆောင်တစ်ဦးအဖြစ် တွေ့ရခြင်းပါပဲ။ ဒါပေမဲ့ သူက အဓိက ဇာတ်ဆောင်နေရာမှာတော့ မဟုတ်ပါဘူး။
ပြဇာတ်ကနေချိန်မှာ ကလေးမလေးက ပျော်ရွှင်တက်ကြွနေပါတယ်။ တခြားအချိန်တွေမှာတော့ ဒီကလေးက ငေးငိုင်နေတတ်တယ်၊ တစ်ယောက်တည်း စကားတွေ ထိုင်ပြောနေတဲ့ အချိန်တွေလည်းရှိတယ်လို့ သူ့မိခင်က ပြောပါတယ်။
အဓမ္မကျင့်တယ်ဆိုတဲ့သူကို ထိန်းသိမ်းလိုက်တယ်၊ တရားစွဲတယ်၊ ကျူးလွန်သူရဲ့မိသားစုဝင်တွေကတော့ ရပ်ကွက်ထဲကနေ ညတွင်းချင်း ပြောင်းပြေးသွားတယ်လို့ သူက ပြောပါတယ်။
သူက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက် တရားစီရင်ရေးကိုလည်း မျှော်လင့်ချက်ထားနေသူပါ။

“အမှုတစ်ခု ရင်ဆိုင်ရင် အချိန်ကုန်လူပင်ပန်းမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ နောက်ပြီး NLD အစိုးရကလည်း တရားမျှတတဲ့ တရားစီရင်ရေးဖြစ်အောင် ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ သူကပြောပါတယ်။
ဒီမိန်းကလေးအပါအဝင် သားသမီး ခြောက်ယောက်ကို ရှာဖွေကျွေးမွေးဖို့အတွက် မိဘနှစ်ဦးက ဖိနပ်ထုတ်လုပ်တဲ့အိမ်မှာ သွားရောက် လုပ်ကိုင်နေတုန်း ဒီအမှု ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
မိဘကွယ်ရာမှာ မှုခင်းတွေ ဖြစ်ပွားတတ်ကြောင်း ပညာပေးတဲ့ ဒီပြဇာတ်ကို မေတ္တာလမ်းနဲ့ ဝန်းကျင်က အရွယ်စုံ ပရိသတ် လာကြည့်ကြပါတယ်။ အများစုကတော့ သူတို့ကြည့်နေကြတာဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းမှန်း မသိကြဘူးလို့ ဆိုပါတယ်။ တချို့လည်း ပြဇာတ်ကြည့်နေရင်းနဲ့ တစ်ဆင့်စကား တစ်ဆင့်နားကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတာ သိခဲ့ကြပါတယ်။
ကလေးတစ်ယောက်မိခင် မအေးအေးငယ်က ဒီလိုပညာပေး ပြဇာတ်တွေ မကြာခဏကပြသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။
“ဒါမှ လူတွေလည်း အသိပညာဗဟုသုတတွေကြွယ်ဝမှာ၊ လူမဆန်တဲ့ သူတွေက ကိုယ့်ပတ်ဝန်းကျင်ထဲမှာပဲ ရှိနေတယ် ဆိုတာကို သိသွားပြီး ကိုယ့်သားသမီးတွေကို ယခင်ထက် ပိုဂရုစိုက်ဖြစ်မှာ” လို့ မအေးအေးငယ်က ပြောပါတယ်။
၄၇ နှစ်အရွယ် ဦးနိုင်ဝင်းကတော့ ဒီပြဇာတ်ကို ကလေးရှိတဲ့ မိဘတွေ ပိုပြီး ကြည့်သင့်တယ်လို့ ဆိုပါတယ်။
“မုဆိုးဆိုတာ သားကောင်ကို အမြဲချောင်းနေတာ။ ဒါကြောင့် ကိုယ့်ကလေးတွေ သားကောင်မဖြစ်ဖို့ မိဘတွေမှာ အပြည့်အဝ တာဝန်ရှိပါတယ်” လို့ ဦးနိုင်ဝင်းက ပြောပါတယ်။
မုဆိုးဆိုတာ အနီးဝန်းကျင်မှာပဲ ရှိနေတတ်တယ်လို့ ပြပွဲစီစဉ်တဲ့ ရန်ကုန်အခြေစိုက် အခရာအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဝင်းဝင်းခိုင်က ဆိုပါတယ်။
“အမေတွေ အနေနဲ့ သမီးကို အဖေနဲ့ပဲ ဖြစ်ပါစေ စိတ်ချလက်ချ မထားသင့်ပါဘူး။ သက်ငယ်မုဒိမ်းမှုတွေကို ကြည့်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့သူတွေကပဲ ကျူးလွန်ကြတာပါ” လို့ မဝင်းဝင်းခိုင်က ပြောပါတယ်။
ပြဇာတ်ပြီးချိန် အိမ်ပြန်သွားကြတဲ့ ပရိသတ်ဟာ ကလေးတွေကို ဘယ်လို စောင့်ရှောက်ဖို့ လိုတယ်၊ ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် ဘယ်လို တားဆီးနိုင်တယ် ဆိုတာတွေကို ပိုမို သိရှိ နားလည်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ။