
အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေး ရရာနည်းဖြင့် တစ်နိုင်ငံလုံး တညီတညွတ်တည်း အချိန်ကိုက် ထကြွတော်လှန်ရန် စစ်ကောင်စီတပ်များကို အန်တုလျက်ရှိသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဆော်ဩလိုက်သည်။
လက်ရှိတွင် မြို့ရွာအလိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်နေသော်လည်း လက်နက်လူသူ အင်အားမမျှမှုကြောင့် တစ်မြို့ပြီးတစ်မြို့ ဖိနှိပ်ဖြိုခွင်းခံနေရသည်။
“ဝိုင်းဝန်းထကြွမှဖြစ်မယ်။ ကျွန်တော်တို့ကို Facebook ပေါ်ကနေ လက်ခုပ်တီးနေရုံနဲ့ မရဘူး။ ဆုတောင်းပေးနေလို့ မပြီးဘူး။ အာဏာရှင်အမြစ်ဖြတ်ဖို့ဆိုရင် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြမှရမယ်။ စစ်အာဏာရှင်ကို အမြစ်ဖြုတ်ချင်တဲ့သူတိုင်းက တကယ်ထကြွဖို့လိုတယ်။ ဒီမြို့ကျသွားရင် ကိုယ်နေတဲ့မြို့ဟာ စစ်ကောင်စီရဲ့ နောက် Target (ပစ်မှတ်) တစ်ခုဖြစ်လာလိမ့်မယ်” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မေ ၁၄ တွင် ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းနေရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တစ်ကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်မှာ သုံးရက်မြောက်ရှိလာပြီဖြစ်သည်။
စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကို ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Special Division Act) ဖြင့် အန်တုကာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်သွားမည်ဖြစ်ကြောင်းလည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။
ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီကြား ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးဆိုင်ရာဆွေးနွေးပွဲများ ပျက်ပြယ်သွားပြီးနောက် မေ ၁၂ ရက် ညပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။
စစ်ကောင်စီတပ်များက အမြောက်ပစ်ကူများအပြင် မင်းတပ်မြို့တွင်းမြို့ပြင် သုံးနေရာမှနေ၍ အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ရိုးရာလက်လုပ်တူမီးသေနတ်များ၊ လက်လုပ်သေနတ်များဖြင့် ကြံ့ကြံ့ခံ ခုခံလျက်ရှိသည်။
အားလုံးတန်းတူအခွင့်အရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုပါက တန်းတူရုန်းကန်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြို့အသီးသီးမှ ဒေသခံကာကွယ်ရေးအဖွဲ့များအားလုံး ထကြွတော်လှန်ဖို့ လိုအပ်ကြောင်းလည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။
“လက်ခုပ်တီးနေရုံနဲ့ မရဘူး။ ထကြွမှဖြစ်မယ်။ သိုးတစ်ကောင်ကို ဝံပုလွေတစ်ကောင်က စားနေတာကို ကျန်သိုးတွေက ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ကြည့်နေသလိုမျိုး၊ ငါ့ကို မစားသေးဘူးဆိုတဲ့ပုံစံနဲ့ အဲ့ဒီလိုမျိုး ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
မင်းတပ်မြို့သို့ စစ်ကူသွားရောက်မည့် စစ်ကောင်စီတပ်များကို အခြားမြို့များရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။ မင်းတပ်မြို့အရှေ့ဘက် မိုင် ၂၀ အကွာရှိ ဆောမြို့တွင် မေ ၁၃ ရက်ညပိုင်းက စစ်ကောင်စီတပ်များကို ဆောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားငါးဦး ဒဏ်ရာရရှိခဲ့သည်။
ထိုနည်းတူ မင်းတပ်မြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကန်ပက်လက်မြို့တွင်လည်း ယမန်နေ့ညပိုင်း၌ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်များကို လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့သည်။ မင်းတပ်၌ အပြင်းအထန်တိုက်ပွဲဖြစ်နေချိန် အခြားမြို့များတွင်လည်း တစ်ပြိုင်တည်းတိုက်ခိုက်ခြင်းက စစ်ကောင်စီတပ်များကို အခက်တွေ့စေသည်ဟု ဒေသခံများက ဆိုသည်။
“အခုချိန်မှာ ညီညီညွတ်ညွတ် ထကြွရင် ဘယ်နေရာကိုမှ သူတို့ စစ်ကူပို့ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ခုလိုမျိုး မင်းတပ်ကို အရမ်းပြန်ဖိနေတဲ့အချိန်မှာ လက်ခုပ်တီးနေရုံနဲ့ ပြီးသွားရင် အာဏာရှင်တွေ ဆက်ပြီး သက်ဆိုးရှည်နေမှာပဲ။ ရရာနည်းနဲ့ ကျန်တဲ့မြို့ရွာတွေ အကုန်ထကြွတဲ့အခါမှသာလျှင် သူတို့အကျပ်ရိုက်မယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီတပ်များကို တစ်ပြိုင်နက်တည်း ခုခံတော်လှန်ရန် မင်းတပ်ဒေသခံများနည်းတူ အခြားဒေသများရှိ ဆန္ဒပြခေါင်းဆောင်တချို့ကလည်း တိုက်တွန်းထားသည်။
“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ရဲဘော်တွေကို ကျွန်တော် သတင်းစကား ပါးချင်ပါတယ်။ ထကြွကြပါ။ စစ်ခွေးတွေရဲ့ အာဏာစက်အောက်က လွတ်အောင်ရုန်းပေးကြပါ။ ကိုယ့်မြို့ကိုယ့်ရွာမှာ ရှိနေတဲ့ စစ်ခွေးတွေ တခြားမြို့တွေ၊ ရွာတွေဆီ မကူးနိုင်အောင် ဝိုင်းပြီးတော့ တားပေးကြပါ” ဟု စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ လူထုခေါင်းဆောင်တစ်ဦးက ပြောသည်။
ထကြွသည့်မြို့နယ်သာ ပစ်မှတ်ထား ဖိနှိပ်ခံနေရသည့်အတွက် ပြိုင်တူထကြွရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။
ဆန္ဒပြလူငယ်တချို့ ပုန်းအောင်းနေသည့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မေ ၁၃ နံနက်အစောပိုင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖြိုခွင်းခဲ့သည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရစဉ် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး လူငယ်နှစ်ဦးဖမ်းဆီးခံရကာ လက်လုပ်သေနတ်အများအပြားလည်း သိမ်းဆည်းခံခဲ့ရသည်။
ထို့အတူ မန္တလေးတိုင်း မြင်းခြံမြို့အနီးရှိ တလုပ်မြို့ရွာကြီးကို စစ်ကောင်စီတပ်များက တစ်လအတွင်း သုံးကြိမ် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူငယ်အချို့ဖမ်းဆီးခံခဲ့ရကာ အသက် ၂၃ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည်။
ထိုသို့ စစ်ကောင်စီဘက်က လက်ဦးမှုရယူပြီး တစ်နေရာပြီးတစ်နေရာ နှိမ်နင်းဖြိုခွင်းနေလျက်ရှိရာ မြို့တစ်မြို့ချင်း ခုခံနေပါက ပိုပြီးအဖိခံရနိုင်ကြောင်း ပဲခူးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်မြောက်ရေး ဦးဆောင်နေသူတစ်ဦးက ဆိုသည်။
“မြို့ပေါ်ပြောက်ကျား လုပ်နေတဲ့သူတွေအနေနဲ့လည်း ပြောက်ကျားလုပ်တာလုပ်ပေါ့။ တိုက်တော့မယ်ဆိုရင် မြို့နယ်တစ်ခုနဲ့တစ်ခု၊ တိုင်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးမှ တစ်ပြိုင်တည်းလုပ်ကြတာမျိုးဆိုရင် ပိုပြီးတော့ကောင်းလိမ့်မယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NGU) အနေဖြင့် လက်ရှိမြေပြင်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူများကို ကူညီရန် အစီအစဉ်ရေးဆွဲသင့်သည်ဟုလည်း ၎င်းက ဆိုသည်။
မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ NUG အစိုးရနှင့် အဆက်အသွယ်ရရှိထားသော်လည်း ထိရောက်သည့် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိသေးဟု ဆိုသည်။
ထိုသို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ NUG အစိုးရတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများမှစ၍ စစ်ကိုင်းတိုင်းအနောက်ခြမ်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ မြို့ရွာများဖြစ်သည့် တမူး၊ ကလေး၊ ကနီ၊ ယင်းမာပင်၊ ပင်လည်ဘူး၊ တန့်ဆည်၊ ထီးလင်း၊ ဂန့်ဂေါ၊ ဟားခါး၊ ဆော၊ ကန်ပက်လက်နှင့် မင်းတပ်မြို့များတွင် ဒေသခံတို့က ရရာလက်နက်စွဲကိုင်ပြီး ပြောက်ကျားစနစ်ဖြင့် ခုခံတော်လှန်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ဒဏ်ရာရရှိနေသည်။
“စစ်ကောင်စီကလည်း ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတာ။ စိတ်ကြိုက် အားကုန်ဖိနေတဲ့သဘောမျိုးရှိနေတယ်။ အဲ့ဒါတွေက ကျွန်တော်တို့မြို့ငယ်လေးက လက်လုပ်သေနတ်တွေ၊ လုပ်မိုင်းလေးတွေ၊ တူမီးခါးချိုးတွေနဲ့ တင်းခံနေရတယ်။ ကျွန်တော်တို့က ရှေ့ကို ဆက်တိုးပြီး ပစ်နေတာဆိုတော့ တစ်နိုင်ငံလုံးက ဝိုင်းဝန်းထကြွပေးဖို့လိုတယ်” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။
နိုင်ငံအနှံ့တွင် စစ်ရေးအတွေ့အကြုံရှိသည့် လက်နက်ကိုင်အဖွဲ့များစွာရှိသော်လည်း ပြည်သူအများအပြား ပစ်သတ်ခံနေရသည့် အခြေအနေတွင် အများစုက စစ်ကောင်စီတပ်များကို ဝင်တိုက်ခြင်း မရှိကြပေ။ မြို့အသီးသီးရှိ ခုခံတော်လှန်သူများကလည်း ထိုအဖွဲ့များထံမှ အကူအညီရသည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
လူထုကိုယ်စားလှယ်များ၊ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကမူ ခုခံတော်လှန်သူတို့ကို ဆူပူအကြမ်းဖက်သူများဟု တံဆိပ်ကပ်နေသည်။
တူမီး၊ လက်လုပ်သေနတ်တို့ဖြင့် ခုခံသည့် ဒေသများတွင် လူနေအိမ်များစွာရှိနေသော်လည်း လက်နက်ကြီး၊ ရဟတ်ယာဉ်တို့သုံး၍ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အရပ်သားအများအပြားကို စစ်ကောင်စီက သတ်ဖြတ်နေသောကြောင့် R2P ခေါ် နိုင်ငံတကာတပ်က ဝင်ရောက်တိုက်ခိုက်အရေးယူမှု ဖြစ်ပေါ်လာရေးကို ဆန္ဒပြသူတချို့က ကမ္ဘာသိ တောင်းဆိုခဲ့ကြဖူးသည်။