
ကျောက်ကြီး – လွန်ခဲ့သည့် ၂ နှစ်ခန့်က ဦးကြာရင် ရွာအပြင်ဘက် တောထဲတွင် ဝါးခုတ်နေစဉ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိသွားသည်။
ဘယ်ဘက်ခြေထောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားရာ အဖော်မပါ တစ်ယောက်တည်း ဖြစ်နေသောကြောင့် ဦးကြာရင်က ကိုယ့်ကိုယ်ကိုယ် ရက်ရက်စက်စက် ပြုလုပ်ခဲ့ရသည်။
“ကျွန်တော် လဲနေရာကနေ ထထိုင်လိုက်တယ်။ ပြီးတော့ ပါလာတဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး ခြေထောက်ကို ကိုယ့်ဘာသာ လှီးဖြတ်ပစ်ရတယ်။ အရမ်းနာပေမဲ့ ခြေထောက်က အသားစတွေကို လှီးပြီး ဖယ်ပစ်ရတယ်။ ဒီလိုမှမလုပ်ရင် အခြေအနေက ပိုဆိုးမှာမို့လို့ ရွေးချယ်စရာ ဒီတစ်လမ်းပဲ ရှိတော့တယ်” ဟု ၅၆ နှစ်အရွယ် ဦးကြာရင်က ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းမှ သူနေထိုင်သည့် အောင်ချမ်းသာရွာကလေးသည် တစ်ချိန်က စစ်မြေပြင်ဖြစ်သည်။ KNU ကရင်လက်နက်ကိုင်အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား သီးခြားစီဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ခဲ့သည်။
KNU နှင့် မြန်မာ့တပ်မတော် ပဋိပက္ခတွင် နှစ်ဖက်စလုံးက မြေမြှုပ်မိုင်း သုံးကြရာ အောင်ချမ်းသာဝန်းကျင်ရှိ တောထဲတွင်လည်း မိုင်းအများအပြား ကျန်ရှိနေသည်။
ဒေသခံတို့က စိုက်ပျိုးရေးလုပ်ငန်းနှင့် တောထွက်ပစ္စည်းများကို မှီခိုအားထားနေရသည်။ အိမ်အတွက် ဟင်းသီးဟင်းရွက်မှ အစပြု၍ ပြန်လည်ရောင်းချရန် ကွမ်း၊ ဝါးတို့ကိုလည်း ထိုတောမှပင် ရရှိကြသည်။
ရွာသားများက တောထဲဝင်တိုင်း အန္တရာယ်များမှန်း သိကြသည်။ ဤသည်မှာ ပဋိပက္ခ အများဆုံးဖြစ်ပွားနေသည့် နယ်စွန်နယ်ဖျားတွင် ပြည်သူ သိန်းသန်းချီ ကြုံတွေ့နေရသော ဒုက္ခဖြစ်သည်။
နိုင်ငံအနှံ့ မြေမြှုပ်မိုင်းကဲ့သို့သော လက်နက်ပုန်းများကြောင့် သေဆုံးရသူအရေအတွက်မှာ နှစ်စဉ် ရာပေါင်းများစွာ ရှိသည်။ မြေမြှုပ်မိုင်း စောင့်ကြည့်ရေးဆိုင်ရာအဖွဲ့ Landmine Monitor ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းများကြောင့် နှစ်စဉ် သေဆုံးရသူအရေအတွက် ကမ္ဘာ့တတိယ အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ၁၉၉၉ နှင့် ၂ဝ၁၄ အကြား မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၃,၇၄၅ ဦး ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသော စာရင်းများအရ သိရှိရသည်။ မှတ်တမ်းတင်ခြင်း မပြုနိုင်သော ဖြစ်ရပ်များလည်း ရှိကြောင်း သိရသည်။
ယခုအခါ ဦးကြာရင်က သူ့ဓားကို ပုံစံတစ်မျိုးဖြင့် အသုံးချရန် စဉ်းစားထားသည်။
“ကျုပ်ကို အခုလို ဒုက္ခိတဘဝရောက်အောင် လုပ်တဲ့သူတွေကိုတွေ့ရင် ကျုပ် ဒီဓားနဲ့ သတ်ပစ်ချင်စိတ် ပေါ်လာမှာပဲ” ဟု သစ်သားခြေတု တပ်ထားသည့် ခြေထောက်ဘက်သို့ ယိုင်ကျမသွားအောင် သစ်ပင်ကို မှီကာ အားပြုရင်း ဦးကြာရင်က ပြောသည်။
လူခြောက်ယောက်၊ ခြေထောက် ငါးချောင်း
မြေမြှုပ်မိုင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဆုံးရှုံးသွားသည်မှာ ဦးကြာရင်တစ်ယောက်တည်းသာ မဟုတ်။ သူအပါအဝင် အိမ်ရှိ မိသားစုဝင် ခြောက်ယောက်စလုံး ဒဏ်ရာရခဲ့ဖူးပြီး တစ်အိမ်ထောင်စုလုံးတွင်မှ ခြေထောက်ငါးချောင်းသာ ရှိသည်။
သူ့အစ်ကို ဦးကြာခင်သည် ဇနီးနှင့်အတူ ဝါးခုတ်သွားစဉ် မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရသည်။
“ကျုပ်မှတ်မိသေးတယ်၊ အဲဒီတုန်းက မိုးတွင်းဘက်ကြီး။ သွေးတွေ တအားထွက်တာ။ မိန်းမက ကျွန်တော့်ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးကို စောင်နဲ့ ပတ်ပေးထားခဲ့ရတယ်” ဟု ဦးကြာခင်က ပြောသည်။
အောင်ချမ်းသာရွာ အနီးဝန်းကျင်မှ အမျိုးသားများသည် တောထဲတွင် သွားလာလုပ်ကိုင်ရသဖြင့် မိုင်းထိခံရခြင်းသည် သူတို့အတွက် အထူးအဆန်းပင် မဟုတ်တော့ပေ။ ကလေး လေးယောက်အဖေ ဦးကြာခင်မှာ မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရသူဖြစ်သည်။
“လောလောဆယ်မှာတော့ မိန်းမကပဲ ရှာဖွေကျွေးနေရတာပေါ့။ သူက ဟင်းသီးဟင်းရွက်လေးတွေ ရှာဖွေ ရောင်းချနေရလို့ အိမ်စရိတ် မလောက်ငပါဘူး။ တစ်ခါတလေတော့ ကျွန်တော် ဝါးခြင်းတောင်းလေးတွေ ရက်ရောင်းရင် တစ်နေ့ကို ၅ဝဝ လောက် ရတယ်။ ဒီငွေပိုလေးကတော့ ကျွန်တော့် ဆေးဖိုးဝါးခ ရတာပေါ့” ဟု ဦးကြာခင်က ပြောသည်။
သူ့နှမဝမ်းကွဲ ဒေါ်ငွေရင်ကတော့ ရွာတွင် လွန်ခဲ့သည့် နှစ် ၄ဝ က ပထမဆုံး မိုင်းထိမှန်ခံရသူဖြစ်သည်။
ဒေါ်ငွေရင်က ညာဘက်ခြေထောက် ပြတ်သွားခဲ့ရာ ဝါးတောထဲတွင်ရပ်လျက် သူမိုင်းထိမှန်ခဲ့သည့် နေရာကို လိုက်ပြခဲ့သည်။ သူ့ကိုလာဆွဲခေါ်သည့် မိခင်နှင့်အဒေါ်တို့သည်လည်း မိုင်းနင်းမိကြကြောင်း ပြန်ပြောပြသည်။
“ကျွန်မကို တွဲခေါ်ဖို့ လာတဲ့အဒေါ်က ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားပြီး အမေကတော့ ဗိုက်နဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေ ရသွားတယ်” ဟု ဒေါ်ငွေရင်က ပြောသည်။
ရွာလူဦးရေက ၇ဝဝ ခန့် ရှိသည်။ ဒေါ်ငွေရင်ဖြစ်ရပ် နောက်ပိုင်း သူတို့ရွာလေးတွင် မိုင်းထိမှန်မှုကြောင့် သေဆုံးသူ ၂ဝ၊ ဒုက္ခိတဖြစ်သွားသူ ၁၂ ဦးခန့် ရှိလာသည်။
တိုက်ပွဲများကြောင့် အခြေအနေ ပိုမိုဆိုးရွား
KNU တပ်ဖွဲ့ဝင်များ ထောင်သည့် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဦးကြာရင်နှင့် ဒေါ်ငွေရင် နှစ်ဦးစလုံးက ပြောသည်။
မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန်၊ ရွာသားများ တောအတွင်း သစ်ခုတ်ခြင်း မပြုရန်၊ ဆက်ကြေး ရရှိရန် KNU က မိုင်းထောင်သည်ဟု ၎င်းတို့က ပြောသည်။
KNU တာဝန်ရှိသူတစ်ဦးက ၎င်းတို့ မိုင်းထောင်ကြောင်း ဝန်ခံသည်။ သို့သော်လည်း မိုင်းထောင်ခြင်း၏ ရည်ရွယ်ချက်မှာ ဆက်ကြေး၊ သစ်တောတို့နှင့် သက်ဆိုင်မှု မရှိကြောင်း၊ မြန်မာ့တပ်မတော်ကလည်း မိုင်းထောင်ကြောင်း သူက ပြောသည်။
ပြည်တွင်းစစ်ကာလအတွင်း မြေမြှုပ်မိုင်းကို ဗုံးပေါလအော သုံးကြသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တစ်နိုင်လုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် ပြည်သူအများအပြားက လိုလားနေကြသည်။
“သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးရင် မြေမြှုပ်မိုင်း ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက Myanmar Now ကို ပြောသည်။
“လက်ရှိအစိုးရလက်ထက်မှာ မြေမြှုပ်မိုင်း ပြဿနာကို ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်”
ဘယ်တော့မှ အားလုံးရှင်းလင်းသွားမှာလဲ
နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်းများက မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေသော်လည်း မိုင်းရှင်းလင်းမှုလုပ်ငန်းကို တရားဝင် စတင်နိုင်ခြင်း မရှိသေးပေ။
နော်ဝေနိုင်ငံမှ Norwegian People’s Aid အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာယာယီတာဝန်ခံ အင်ဂီဘော့ မိုအာက ၂ဝ၁၁ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ မတိုင်မီ အစိုးရတာဝန်ရှိသူများနှင့် ပြောဆိုရာ၌ မြေမြှုပ်မိုင်းဆိုသည့် စကားလုံးကိုပင် သုံးနိုင်သည့်အခြေအနေ မရှိခဲ့ကြောင်း ရှင်းပြသည်။
“မြေမြှုပ်မိုင်းဆိုတဲ့ စကားလုံးအစား အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေလို့ပဲ သုံးနှုန်းခဲ့ရပါတယ်။ အခုတော့ ပြောင်းလဲသွားပါပြီ။
အစိုးရအာဏာပိုင်တွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကရော မြေမြှုပ်မိုင်းကိစ္စတွေ၊ မိုင်းရှင်းလင်းရေးတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာကြပါပြီ” ဟု ပြောသည်။
သူတို့အဖွဲ့က မြေမြှုပ်မိုင်းများ မည်သည့်နေရာတွင် ရှိနေသည်ကို အချက်အလက်များ စုဆောင်း လေ့လာထားသော်လည်း တည်နေရာများ အတိအကျ ဖော်ထုတ်နိုင်မည့် နည်းပညာလုပ်ငန်းစဉ်များအတွက် ခွင့်ပြုချက် မရသေးကြောင်း ပြောကြားသည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလက အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ထိုးပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် တိုးတက်မှုများ ရှိခဲ့ကြောင်း မိုအာက ပြောသည်။
တစ်သက်စာ အနာတရများ
ကျောက်ကြီးမြို့နယ်မှ ရွာသားများကမူ မိုင်းရှင်းလင်းရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ် တစ်ခုခုကို အမြန်ဆုံး မြင်ချင်လှပြီ ဖြစ်သည်။ မြေမြှုပ်မိုင်းများသည် ကိုယ်လက်အင်္ဂါချို့တဲ့မှု ဖြစ်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေကြောင်း ပြောသည်။
ကော့ဗျင်းရွာမှ ၃၁ နှစ်အရွယ် မငွေရီသည် ကိုယ်အင်္ဂါချို့တဲ့သူများကို ဆွေးနွေးနှစ်သိမ့် အားပေးနေသူတစ်ဦး ဖြစ်သည်။ သူ ၂၁ နှစ်အရွယ်က တောထဲရှိ မိဘများထံ စက်ဘီးစီးပြီး ထမင်းသွားပို့စဉ် မြေမြှုပ်မိုင်း ထိမှန်ရာ ညာဘက်ခြေထောက် ဖြတ်ပစ်ခဲ့ရသည်။
“မြေမြှုပ်မိုင်းကြောင့် ခြေလက်အင်္ဂါချို့တဲ့သွားသူ အများစုဟာ အိမ်မှာပဲ နေကြရပြီး အပြင်ထွက် အလုပ် မလုပ်နိုင်လို့ စိတ်ဓာတ်ကျရာကနေ အမျိုးသားတွေအများအပြားကတော့ အရက်စွဲသွားကြတာပါပဲ။ ခြေလက်အင်္ဂါချို့တဲ့တာဟာ ရှက်စရာမဟုတ်ဘူး၊ ကျွန်မတို့အနေနဲ့ သူများတွေလို အပြင်သွားနိုင်သလို လူမှုရေးကိစ္စတွေမှာလည်း ပါဝင်ဆောင်ရွက်လို့ ရတယ်ဆိုတာ ပြောပြရပါတယ်” ဟု မငွေရီက ရှင်းပြသည်။
သတ္တိ၊ ရဲရင့်မှုတို့က သူ့မျက်နှာတွင် ပေါ်လွင်နေသည်။ မြေမြှုပ်မိုင်းသည် သူ့ခြေထောက်တစ်ဖက်ကို ဆုံးရှုံးစေရုံသာမက ကိုယ်ပိုင်ဆိုင်ဖွင့်ရေးအိပ်မက်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
“ကျွန်မ မျှော်လင့်ချက်တွေ မထားနိုင်တော့ပါဘူး။ လုပ်မှ မလုပ်နိုင်တော့တာ” ဟု သူ့မိဘအိမ် အပြင်ဘက်တွင် ထိုင်ပြီး မျက်ရည်ဝိုင်းနေသည့် မငွေရီက ပြောသည်။
“စိတ်မကောင်းဖြစ်တာကို ကျွန်မကူညီနေတဲ့ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ မမြင်အောင်နေပါတယ်။ သူတို့ရှေ့မှာတော့ ကြံ့ကြံ့ခိုင်ခိုင် ရပ်ပြနိုင်ဖို့တော့ လိုတယ်လေ” ဟု သူက ပြောလိုက်သည်။ ။