ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၁၈) က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ညာခြေထောက် ဖြတ်တောက်လိုက်ရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။
မြို့ပေါ်မှ ၄ မိုင်အကွာ နဒင်ကျေးရွာမှ ခမီတိုင်းရင်းသား ကိုကျော်ဆန်းသည် ရွာမှ တစ်မိုင်ခန့်အကွာတွင် သစ်ခုတ်နေစဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူ ကိုမောင်ဆန်းဝင်းက ပြောသည်။
“ကျွန်တော်တို့အစ်မကြီးမှာ အိမ်ဆောက်ဖို့ဆိုလို့ သစ်ခုတ်ဖို့ သွားတာ။ ရွာအနီးလေးမှာပဲ။ ကျွန်တော့်ညီက သစ်ပင်ခုတ်ပြီးတာနဲ့ (မိုင်း) ပေါက်သွားတာ။ ကျွန်တော်နဲ့ ၅ ပေလောက်ပဲ ကွာတာ။ ဒဏ်ရာပြင်းထန်လို့ ခြေထောက်တစ်ဖက်ကို ဆေးရုံမှာဖြတ်လိုက်ရတယ်။ နောက်တစ်ဖက်မှာလည်း ဒဏ်ရာရသွားတယ်” ဟု သူက ဆိုသည်။
အဆိုပါအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း မိုင်းပေါက်ကွဲသည့် နေရာနှင့် ပေ ၁၀၀ ခန့်အကွာတွင် ခြေမြန်တပ်ရင်း (ခမရ) ၃၇၈ လက်အောက်ခံ စစ်တပ်စခန်းတစ်ခု ရှိသည်ဟု ဒေသခံများက ဆိုကြသည်။
“အရင်ကလည်း မိုင်းပေါက်လို့ ကျွဲတွေ၊ နွားတွေ သေဖူးတယ်။ အခု လူပါ ထိခိုက်လာပြီ။ ကျွန်တော်တို့ ဒေသခံတွေက မရှိဆင်းရဲသားတွေဆိုတော့ တောတောင်တွေ သွားပြီး ဟင်းရှာ၊ ထင်းခုတ်ရတာတွေလည်း ရှိတယ်။ ဆိုတော့ ခုလိုမျိုး မိုင်းပေါက်တော့ ဘယ်သူမှ မသွားရဲကြတော့ဘူး။ မိုင်းတွေကို ရှင်းလင်းပေးစေချင်ပါတယ်” ဟု ထိုနေရာအနီး နေထိုင်သူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ဒဏ်ရာ အပြင်းအထန်ရသွားသည့် ကိုကျော်ဆန်းမှာ မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ငွေကြေးအကူအညီလိုအပ်နေသည်ဟု အစ်ကိုဖြစ်သူက ပြောသည်။
“ကျွန်တော် သိပ်ခံစားရတယ်။ ဘာလို့လဲဆိုတော့ ပထမတော့ အကောင်း၊ အခုက ခြေထောက် မရှိတော့ဘူး။ (ကိုကျော်ဆန်းက) လူပျိုလည်း လူပျို၊ ပညာလည်း တတ်တာမဟုတ်တော့ ဘဝရှေ့ရေးအတွက် စိတ်မကောင်းဘူး” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာပထမပတ်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် ၂၀၂၂ သြဂုတ်လတွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ရာမှ နိုဝင်ဘာလတွင် ယာယီအပစ်ရပ်စဲထားသည်။
သို့သော် တိုက်ပွဲရပ်တန့်နေသည့် ကာလများတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ် ပေါ်နေသောကြောင့် ဒေသခံများ ထိခိုက်မှုအရေအတွက် မြင့်တက်နေပြီး တောတောင်များသို့ ဟင်းရှာ၊ ထင်းခုတ်ရန်ပင် မသွားရဲသည့်အခြေအနေ ဖြစ်နေသည်။
တစ်ဖက်တွင်လည်း စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ပြည်နယ်စစ်ကောင်စီက ဖိအားပေးနေသည်။ သို့သော်လည်း မိုင်းအန္တရာယ်နှင့် ရွာအနီး စစ်တပ်က တပ်စွဲနေထိုင်နေမှုများကြောင့် စစ်ဘေးရှောင်များမှာ နေရပ်မပြန်ရဲကြပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)