စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပြင်တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားရာ ကလေးအများအပြား ဒဏ်ရာရပြီး ထိုအထဲမှ ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြို့တောင်ဘက် ၇ မိုင်ခန့်အကွာ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကျေးရွာမှ ရွာသားတစ်ဦးက ၎င်းတို့ထံတွင် ၅ ဦး၊ သင်ပေါင်းကျင်းရွာတွင် ၃ ဦး ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
သင်ပေါင်းကျင်းရွာအနီး ပေါက်ကွဲမှုတွင် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသား မောင်တုတ်ပေါ၊ ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသားများဖြစ်သည့် မောင်ဖြိုးဝေအောင်နှင့် မောင်ပိုင်ပိုင်စိုးတို့ ထိခိုက်သွားသည်ဟု အဆိုပါ ဒေသခံက ပြောသည်။
“တောထဲကို ဇီးသီးသွားကောက်ရင်းနဲ့ မိုင်းထိသွားတာလို့ သိရတယ်ဗျ။ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတာ။ တစ်ယောက်ကတော့ သတိပြန်ရလာပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောသည်။
သေဆုံးသူမှာ မောင်ဖြိုးဝေအောင် ဖြစ်ပြီး ၎င်း၏ ညီ မောင်တုတ်ပေါမှာ ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ကျန်တစ်ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။
ညောင်ဇင်ရွာနှင့် အနီးဝန်းကျင်တွင် မိုင်းသုံးကြိမ် ပေါက်ကွဲခဲ့သည်။
ဆိုင်ကယ်ဖြင့် ဈေးရောင်းလာသော လင်မယားနှစ်ဦး ရွာအဝင်တွင် မိုင်းထိခဲ့သလို ပေါက်ကွဲသံကြောင့် ရွာအပြင်သို့ ထွက်ကြည့်သည့် ညောင်ဇင်ရွာခံနှစ်ဦးလည်း မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ နေ့လယ်ပိုင်း ရွာအပြင်သို့ ထွက်သည့် ဒေသခံနောက်တစ်ဦးလည်း မိုင်းထိခဲ့ကြောင်း အထက်ပါရွာသားက ဆက်ပြောသည်။
ထိုရွာသည် ပြည်သူ့စစ် ခေါ် ပျူစောထီးများ အခြေစိုက်တပ်စွဲထားသည့် ရွာဖြစ်သည်။
ပေါက်ကွဲသည့်နေရာသုံးခု အကွာအဝေး မည်မျှရှိသည်၊ မည်သည့်မိုင်းအမျိုးအစားများဖြစ်သည်၊ မည်သည့်အဖွဲ့က ထောင်ထားသည့်မိုင်းများဖြစ်သည်တို့ကို မသိရသေးပေ။
မိုင်းကွဲမှုမတိုင်မီ တစ်လအလိုတွင် ရွာကို ရံဖန်ရံခါ ပစ်ခတ်တိုက်ခိုက်ကြသည့် ဒေသခံကာကွယ်ရေးအဖွဲ့များက ထောင်ထားခြင်း ဖြစ်နိုင်သည်ဟု ပျူစောထီးအဖွဲ့နှင့် နီးစပ်သည့် အထက်ပါဒေသခံက ပြောသည်။
“ဇန်နဝါရီ ၂၅ ရက်နေ့လောက်ကတည်းက လက်နက်ကြီးတွေနဲ့ ရွာကို လာ,လာပစ်တယ်။ ခုနောက်ပိုင်း အတင့်ရဲလာပြီး ရွာနားလေးအထိ မိုင်းလာထောင်တာ….. ရွာနဲ့ တော်တော်နီးတဲ့ ဝန်းကျင်မှာ ကွဲတာ” ဟု သူက ဆိုသည်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံကမူ ထိုမိုင်းများမှာ စစ်ကောင်စီလက်နက်ကိုင်တို့ ထောင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ရွာနီးချုပ်စပ် ကွဲတယ်ဆိုတော့ သူတို့မိုင်းပဲဖြစ်မယ်၊ ထစ်ခနဲဆို ကျွန်တော်တို့ကို လွှဲချချင်တဲ့ သဘောပဲ.. သူတို့ရွာ တိုက်မှာစိုးလို့ မိုင်းကာတာ။ သူတို့က မိုင်းသတင်းကိုလည်း ပြည်သူကို အသိမပေးရဲဘူးလေ။ သူတို့ရွာသားတွေကိုလည်း မယုံကြဘူး၊ အဲဒီတော့ သူတို့ဟာ နင်းမိတာပေါ့” ဟု ဆိုသည်။
ပျူစောထီးများသာမက ကာကွယ်ရေးအဖွဲ့များကလည်း ၎င်းတို့ထိန်းချုပ်သည့်ရွာကို ရန်သူများ အလွယ်တကူ ဝင်ရောက်မလာစေရန် ရွာပတ်ပတ်လည် မိုင်းထောင်ထားလေ့ရှိကြသည်။
ပေါက်ကွဲမှုများဖြစ်သည့် အဆိုပါထန်းကုန်းတိုက်နယ်ဒေသသည် ပျူစောထီးများတပ်စွဲထားသည့် ကျေးရွာအများအပြားရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ အလွယ်တကူ ဝင်ထွက်သွားလာ မိုင်းထောင်နိုင်သည့် ဒေသမဟုတ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် နောက်တစ်ဦးကလည်း ပြောသည်။
“(PDF က) ရွာနား ကပ်ထောင်လို့တော့ မရဘူးဗျ။ ကတုတ်ကျင်းတွေနဲ့ ကွင်းပြောင်ကြီး သတ်ကွင်းဖြစ်သွားမှာပေါ့။ ပျူစောထီးနဲ့ စစ် xx နေတဲ့ရွာတွေက ဘေးပတ်ပတ်လည် ရှင်းထားတာ။ မီတာ တစ်ထောင်လောက်ကတော့ လူမပြောနဲ့ ကြွက်ဖြတ်ပြေးရင်တောင် မြင်တယ်၊ ရှင်းရှင်းကြီး” ဟု သူက ဆိုသည်။
လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူမြို့နယ်၊ ၎င်းနှင့် ဆက်စပ်နေသည့် ကျွန်းလှမြို့နယ်တို့တွင် ပျူစောထီး ထိန်းချုပ်ထားသည့် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၄ ခုကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)