ယမန်နေ့ (မေ ၇ ရက်) နံနက်ပိုင်းမှစတင်သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာရှိ တိုက်ပွဲတွင် ရဟတ်ယာဉ်၊ လေယာဉ်တို့လည်း လာရောက် တိုက်ခိုက်ခဲ့ရာ ရွာအတွင်း ထိခိုက်ပျက်စီးမှု များပြားသည်ဟု သိရသည်။
မြို့အရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေး မလယ်ကျေးရွာရှိ စစ်ကောင်စီတပ်သား အနည်းဆုံး ၄၀ ခန့်ဖြင့် အထိုင်ချထားသည့် စစ်စခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းများက တစ်နေကုန်ထိုးစစ်ဆင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
“စခန်းတစ်ခုလုံးမှာ ဘန်ကာတစ်ခုပဲ ကျန်တယ်၊ ကျန်တာတွေအကုန် ဖျက်ဆီးနိုင်ပြီးပြီ။ အဲ့လောက်ဖြစ်သွားတော့ လေကြောင်းလာကြဲတော့တာပဲ” ဟု ကန့်ဘလူခရိုင် PDF တပ်ရင်း ၂ မှ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် မလယ်ကျေးရွာအတွင်း အပျက်အစီးများပြားခဲ့သည်ဟု ကန့်ဘလူခရိုင် PDF တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
“စခန်းတစ်ခုလုံး ရခါနီးအချိန်မှာ လေကြောင်းလာတဲ့အတွက် တိုက်ပွဲဝင်ရဲဘော်တွေက ထွက်လမ်းပိတ်သွားတာလည်းရှိတယ်” ဟု သူက ဆိုသည်။
“ဗုံးတွေကလည်း ရွာထဲကို တိုက်ရိုက်ကျတဲ့အတွက် ရွာသူရွာသားတွေလည်း ထိတာရှိတယ်။ ရဲဘော်ရော၊ ရွာသူရွာသားရော အထိအခိုက်အတော်များတယ်။ အတိအကျတော့ မသိရသေးဘူး”
ယနေ့တွင်လည်း မလယ်တိုက်ပွဲဆီသို့ စစ်ကူနိုင်ရန် ရွှေဘို-မြစ်ကြီးနားကမ်းလမ်းဘေးရှိ ယမနေကျေးရွာ စစ်ကောင်စီစခန်းမှ အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုးလာနေသည့်အတွက် အဆိုပါစစ်ကြောင်းကို ဟန့်တားသည့် တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။
တိုက်ပွဲကြောင့် မလယ်ကျေးရွာနှင့် အနီးကျေးရွာများမှ ဒေသခံတို့မှာ နီးစပ်ရာကျေးရွာနှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကန့်ဘလူအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်ကြသည့် ခရိုင်အလိုက် PDF တပ်ရင်းများက စစ်ကောင်စီ၏ စစ်စခန်းများကို ဆက်တိုက် စီးနင်းတိုက်ခိုက်နေသည်ကို တွေ့ရသည်။
ကျွန်းလှ၊ ကန့်ဘလူ၊ တန့်ဆည် စသည့်မြို့နယ်အတွင်းရှိ PDF တပ်ရင်းများက စခန်းများကို တိုက်ခိုက်စီးနင်းသည့် တိုက်ပွဲများ ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်လာသည်။
မေ ၆ ရက်နေ့တွင် တန့်ဆည်မြို့နယ်တွင်းမှ တပ်ရင်းများက မြို့နယ်အရှေ့ဘက်အစွန်တွင်ရှိသည့် ပျူစောထီးစစ်စခန်းငယ်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ ဦး သေဆုံးကာ လက်နက်ခဲယမ်းများကို PDF တို့ ရရှိသွားသည်။