သတင်း

ပဲခူးတိုင်း ဝေါမြို့နယ်တွင် မိုင်းနင်းမိ၍ ၅ နှစ်အရွယ် ကလေးငယ်သေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်မြောက်ခြမ်း၊ ကျွန်းရွှေဝါသောင်ကျေးရွာအုပ်စု၊ လက်ပန်ရွာအနီး စစ်တောင်းမြစ်ကမ်းဘေးတွင် မတ်လ ၁၃ ရက်နေ့က ကလေးနှစ်ဦး မြေမြှုပ်မိုင်း နင်းမိရာ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မတ် ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုးမှာ မိုင်းပေါက်ကွဲမှုကြောင့် ဗိုက်မှ မျက်နှာအထိ အရေပြားများပျက်စီးကာ ပေါက်ပြဲဒဏ်ရာများဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယမန်နေ့က သေဆုံးခဲ့သည်ဟု သထုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မျက်လုံးနှင့် ဗိုက်တွင် မိုင်းအစထိမှန်ခဲ့ပြီး ဒဏ်ရာရသော အသက် ၇ နှစ်အရွယ် ကျန်ကလေးတစ်ဦးမှာမူ မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

ဖြစ်စဉ်မှာ မတ် ၁၃ ရက် မွန်းလွဲက လက်ပန်ရွာအနီး ငှက်ပျောတပင်သောင်ရှိ စစ်တောင်းမြစ် အနောက်ဘက်ကမ်းစပ်တစ်နေရာသို့ စက်လှေအသေးတစ်စီး ဆိုက်ကပ်ခဲ့ရာ အနီးရှိ အုတ်ဖိုကျေးရွာတွင် နေထိုင်သော ဦးသောင်းဟန်နှင့်အတူ သားဖြစ်သူ မောင်ကောင်းပြည့်ဖြိုး (၅ နှစ်) နှင့် တူဖြစ်သူ အသက် ၇ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးတို့ လိုက်ပါလာကြသည်။

ကမ်းစပ်မှ ပေ ၂၅၀ ဝန်းကျင် အကွာတွင် ရှိသော တဲတစ်ခုသို့ ခေတ္တသွားရောက်စဉ် ကလေးနှစ်ဦးကို ခေတ္တ စောင့်ဆိုင်းရန် ထားခဲ့ရာ အဆိုပါ ကလေးနှစ်ဦးက ကမ်းအစပ်နှင့် ကမ်းပါးအနီး သွားရောက်ဆော့ကစားနေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ငှက်ပျော်တပင်သောင်စပ်တွင် လယ်ယာလုပ်ကိုင်နေသော မိသားစုများ ဖြစ်ကြသည်ဟု အထက်ပါ လူက ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး ဘောနတ်ကြီးကျေးရွာအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၁ လက်အောက်ခံတပ်များနှင့် အမြောက်တပ် (အမတ) ၂၀၅ အပါဝင် ဗိုလ်မှူးအဆင့် ပါရှိသော စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က ငှက်ပျောတပင်သောင်အနီးသို့ စစ်ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းက မိုင်းများ ထောင်ခဲ့ကာ အရပ်သားတဲများသို့ ဝင်ရောက်မွှေနှောက်ခဲ့သလို ဖုန်းနှင့် ငွေသားတချို့ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ် ၄ ရက်မှ ၆ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) နယ်မြေတွင် ပါဝင်သော ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်နှင့် ၁၅ နှစ်အကြား ကလေး ၃ ဦး သေဆုံးအပါအဝင် ၇ ဦးသေဆုံးခဲ့ရပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။၊

အလားတူ မတ် ၉ နှင့် ၁၀ ရက် ၂ ရက်တို့တွင် လက်နက်ကြီးများပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦး ဒဏ်ရာရကာ KNU စာရင်းများအရ လက်ရှိတွင် မုန်းမြို့နယ်အတွင်း ရွာပေါင်း ၂၅ ရွာမှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ ပစ်ခတ်မှုများတွင် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနှင့် နေအိမ်အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့သည်။

Show More

Related Articles

Back to top button