
ရန်ကုန် — မပြည့်ဖူးခိုင်* အသက် ၃ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက AIDS ခေါ် ခုခံကျရောဂါဖြင့် ကွယ်လွန်သွားပြီး နောက်၂ နှစ်အကြာတွင် မိခင်ဖြစ်သူလည်း ထိုရောဂါဖြင့်ပင် ကွယ်လွန်သွားရာ ကျန်ရစ်သူ မပြည့်ဖူးခိုင်ကို အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ခဲ့သည်။
မပြည့်ဖူးခိုင်၏ ဘဝအခက်အခဲများက ဤမျှနှင့် ရပ်မသွား။ အလယ်တန်းကျောင်းသူဘဝတွင် သွေးစစ်ကြည့်ရာ သူ့တွင်လည်း HIV ပိုး ရှိနေသည်ဟူသောအဖြေ ထွက်လာသည်။
ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြီးကြပ်သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးဂေဟာ တစ်ခုတွင် သွားရောက်နေထိုင်၊ ကုသမှု ခံယူစဉ် ကျောင်းတစ်နှစ် နားလိုက်သည်။ NLD AIDS CENTER ဝန်ထမ်းတို့၏ အကူအညီဖြင့် ကျောင်းပြန်တက်ရာ ယခုအခါ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထက်တန်းကျောင်းတစ်ခုတွင် နဝမတန်း တက်ရောက်နေသော မပြည့်ဖူးခိုင်က အနာဂတ်တွင် သူနာပြုဆရာမ ဖြစ်လိုသည်ဟု ဆိုသည်။
မပြည့်ဖူးခိုင်က ဘဝပေးအခြေအနေ မကောင်းသော်လည်း ပညာသင်ကြားနိုင်ခွင့်နှင့် ပတ်သက်လာလျှင် ဘဝတူ မိဘမဲ့ကလေးများထက် အခွင့်အလမ်းပိုရှိနေသည်ဟု HIV နှင့် နေထိုင်သူများကို အကူအညီ ပေးနေသည့် ရန်ကုန်မြို့မှ Phoenix Association Yangon အဖွဲ့ မန်နေဂျာတစ်ဦးဖြစ်သည့် ကိုနေလင်းက ပြောသည်။
ထိုသို့သော ကလေးငယ်များ၊ HIV/AIDS ကြောင့် ကွယ်လွန်သွားသူတို့၏ ကလေးများမှာ ပညာသင်ယူခွင့် အခက်အခဲနှင့် ကြုံတွေ့ရပြီး စာသင်ခန်းထဲရောက်သွားပါကလည်း ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ကိုနေလင်းက ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပြီးခဲ့သည့်နှစ် ပူးတွဲစစ်တမ်းကောက်ယူမှု ရလဒ်တစ်ခုကို ကိုးကားပြီး ရှင်းပြသည်။ ထိုစစ်တမ်းမှာ တိုင်းနှင့်ပြည်နယ် ၁၃ ခုရှိ မြို့နယ်ပေါင်း ၃ဝ မှ အုပ်ထိန်းသူ ၁၁၅၁ ဦးကို လေ့လာမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် HIV/AIDS နှင့် နေထိုင်သူပေါင်း ၂၁ဝ,ဝဝဝ ရှိမည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ခန့်မှန်းထားသည်။ ၎င်းတို့အနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စည်းကမ်းချက်များအတိုင်း ART ဆေး လက်ခံရရှိပြီး ကုသမှု ခံယူနေသူ အရေအတွက်မှာ ၁၆ဝ,ဝဝဝ ဝန်းကျင်ရှိမည်ဟု ဆိုသည်။
HIV နှင့် နေထိုင်သူ ကလေးငယ်များအတွက် ပညာရေးဆိုင်ရာ အထောက်အပံ့မှာ အကန့်အသတ်နှင့်သာ ရှိနေသည်။
“(HIV နဲ့ နေထိုင်တဲ့ ကလေးတွေရဲ့) ပညာရေးနဲ့ပတ်သက်ပြီး ပံ့ပိုးပေးနေတဲ့ အဖွဲ့တွေ လက်ချိုးရေလို့ ရပါတယ်” ဟု ကိုနေလင်းက ပြောသည်။
အကူအညီပေးရေးအဖွဲ့အစည်းများကလည်း ပညာရေးထက် ကျန်းမာရေးကိုသာ ဦးစားပေးနေကြသည်ကို တွေ့ရကြောင်း ကိုနေလင်းက ရှင်းပြသည်။
ကိုနေလင်းတို့အဖွဲ့သည် HIV နှင့် နေထိုင်သည့် ကလေးငယ်များအတွက် ကျောင်းလခ၊ စာရေးကိရိယာများကို ၂ဝဝ၅ မှ ၂ဝ၁၃ ခုနှစ် အထိ ထောက်ပံ့ပေးခဲ့သည်။ ၂ဝ၁၄ မှစ၍ ဘဏ္ဍာရေးအခက်အခဲကြောင့် စာရေးကိရိယာကိုသာ ထောက်ပံ့နိုင်တော့သည်ဟု ကိုနေလင်းကပြောသည်။
NLD AIDS CENTER မှ တာဝန်ခံတစ်ဦးဖြစ်သူ ဦးမြင့်ဇော်ကလည်း ကလေးငယ်များကို ကျောင်း၊ ကျူရှင် တက်နိုင်ရန်၊ စိတ်ဓာတ်မကျစေရန် ကူညီပေးနေကြောင်း၊ ထိုအစီအစဉ်များအတွက် ဘဏ္ဍာရေးအခြေအနေ အကန့်အသတ် ကြီးမားကြောင်း ပြောပြသည်။
“ငွေရေးကြေးရေးပိုင်းက လုံလောက်မှုမရှိတော့ လိုအပ်ချက်တွေတော့ အများကြီးရှိသေးတာပေါ့” ဟု သူက ဆိုသည်။
ဆယ်ကျော်သက်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်း စသည့် အစီအစဉ်များ လိုအပ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုများကို လျော့ကျအောင် ဖန်တီးပေးနိုင်သည့် အစီအစဉ်များလည်း လိုအပ်နေကြောင်း ဦးမြင့်ဇော်ကပြောသည်။
လူမှုရေးအခက်အခဲ
HIV နှင့် နေထိုင်သည့် ကလေးငယ်များက ၎င်းတို့၏ ကျန်းမာရေး အခြေအနေကို အခြားသူတို့ သိရှိသွားမည်ကို စိုးရိမ်ခြင်းကြောင့် ကျောင်းထွက်သွားသည့် ဖြစ်ရပ်များလည်းရှိကြောင်း ကျန်းမာရေး အကူအညီပေး ဝန်ထမ်းများက ပြောသည်။
မပြည့်ဖူးခိုင်ကလည်း “ကျောင်းကလူတွေ သမီးဒီရောဂါရှိတယ်ဆိုတာသိသွားမှာ အကြောက်ဆုံးပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ကိုင်သူများထဲတွင် အထင်ရှားဆုံးဖြစ်သော မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ကူးစက်ရောဂါဥပဒေဆိုတာ ရှိပါတယ်။ အဲဒီဥပဒေထဲမှာ ကူးစက်ရောဂါဖြစ်ပွားနေတဲ့သူတွေကို ခွဲခြားမဆက်ဆံဖို့၊ ပညာသင်ကြားတဲ့အခါမှာလည်း တန်းတူအခွင့်အရေးရဖို့ ဆိုတဲ့အချက်တွေကို ထည့်သွင်းရေးဆွဲသင့်ပါတယ်” ဟု မှတ်ချက်ပေးသည်။
ကူးစက်ရောဂါဥပဒေထဲတွင် ခေတ်ကာလနှင့်အညီ ပြန်လည်ပြင်ဆင်သင့်ကြောင်း သူက ပြောသည်။
“အတန်းငယ်သေးတဲ့ အချိန်မှာ ကျောင်းတက်တာ ပြဿနာမရှိပေမဲ့ အတန်းကြီးလာတာနဲ့အမျှ သူတို့ရဲ့ စိတ်ထဲမှာ အားငယ်စိတ်တွေ သိမ်ငယ်စိတ်တွေ ဝင်ရောက်လာပါတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။ ။
(မှတ်ချက် – * မပြည့်ဖူးခိုင်သည် အမည်ရင်းမဟုတ်ပါ)