သတင်း

HIV/AIDS ဝေဒနာရှင်များ အပြင်ထွက်ရနည်းစေရန် ART ဆေးကို မူလထက် နှစ်ဆတိုးထုတ်ပေး

ကိုဗစ်နိုင်တင်း ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေသည့်ကာလအတွင်း ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV/AIDS) ဝေဒနာရှင်များသောက်သုံးရသည့် ART ဆေးဝါးကို ယခင် သုံးလတစ်ကြိမ်ထုတ်ပေးရာမှ ဧပြီလဆန်းမှစ၍ ခြောက်လတစ်ကြိမ်ပြောင်းလဲ ထုတ်ပေးသည်ဟု အဆိုပါရောဂါတိုက်ဖျက်ရေးစီမံချက်မှ အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။

လက်ရှိစာရင်းအရ မြန်မာနိုင်ငံ၌ ထိုဆေးပုံမှန်မှီဝဲနေရသည့် လူနာ ၁၈၀,၀၀၀ ကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းကို ဆေးခြောက်လစာပေးနိုင်ရန်စီစဉ်ထားပြီး ကျန် ၂၀ ရာခိုင်နှုန်းကို သုံးလစာထုတ်ပေးရန် လျာထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားအဆင့် ခုခံကျ/ကာလသားရောဂါ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးစီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၂၄၀,၀၀၀ ကျော်ရှိပြီး အသစ်ကူးစက်ခံရသူဦးရေ ၁၁,၀၀၀ ခန့် ရှိသည်ဟု HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂပူးပေါင်းအစီအစဉ် (UNAIDS) ၏ ၂၀၁၈ ခုနှစ်စာရင်းများတွင် တွေ့ရ သည်။

ဆေးရုံများ၊ ဆေးခန်းများတွင် မှတ်ပုံတင်စာရင်းသွင်းပြီး ART ဆေးထုတ်ပြီး သောက်နေသူများသည် အခြားမြို့နယ်သို့ ရောက်ရှိပါကလည်း ဆေးဆက်လက်ထုတ်ယူနိုင်ရန်စီစၿဉ်ထားသည်ဟု ဒေါက်တာထွန်းညွန့်ဦးက ဆိုသည်။

နိုင်ငံတစ်ဝန်း မြို့နယ် ၂၄၀ ကျော်တွင် ART ဆေးကုစင်တာနှင့် ဆင့်ပွား ဆေးကုဌာနပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး လာမည့်နှစ်တွင် မြို့နယ် ၃၃၀ စလုံးတွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“လက်ရှိဆေးသောက်နေတဲ့ဌာနကို ဆက်သွယ်ဖို့လိုတယ်။ လက်ရှိဆေးသောက်နေတဲ့ ဌာနကို ဆက်သွယ်မှ ချိတ်ဆက်ပေးလို့ရမှာ။ အဲဒီလိုမဆက်သွယ်ဘဲ ရန်ကုန်မှာ သောက်နေတယ်။ သာယာဝတီမှာ ဆေးထုတ်မယ် ဆိုရင်တော့ ချက်ချင်းရချင်မှရမှာ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး HIV/AIDS တိုက်ဖျက်ရေးတွင်ပါဝင်နေသည့် နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့အစည်း (INGO) များသည်လည်း ဝန်ကြီးဌာနနည်းတူ ဧပြီလဆန်းမှစ၍ ၎င်းတို့ဌာနများ၌ ART ဆေးထုတ်ယူနေသော လူနာများအား ခြောက်လစာဆေးဝါးများ ထုတ်ပေးလျက်ရှိသည်။

မျိုးဆက်ပွားကျန်းမာရေးနှင့် HIV/AIDS တိုက်ဖျက်ရေးလုပ်ကိုင်နေသည့် နိုင်ငံတကာအဖွဲ့အစည်း Population Services International (PSI) အဖွဲ့ကမူ ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့မှုဆိုးရွားလာ၍ အပြင်သွားရ လုံးဝ မလွယ်ကူတော့ပါက ၎င်းတို့လူနာများထံ ဆေးဝါးများအိမ်တိုင်ရာရောက် ပို့ပေးရန် စဉ်းစားထားသည်။

“နောက်ပိုင်းအခြေအနေက ဘယ်မှသွားလို့၊လာလို့ ထွက်လို့မလွယ်ဘူး၊ ဆေးခန်းကို လာဖို့မလွယ်ဘူးဆိုရင် hot line (အရေးပေါ်ဖုန်းနံပါတ်) တွေထားပြီးတော့ carrier service (ချောပို့ဝန်ဆောင်မှု) နဲ့ဆက်ပြီး ပေးသွားဖို့ အစီအစဥ်တွေရှိတယ်” ဟု PSI ၏ ဒုတိယဌာနေကိုယ်စားလှယ် ဒေါက်တာဟန်ဝင်းထက်က Myanmar Now ကိုပြောသည်။

PSI သည် လူနာ ၇၄၀၀ ကျော်ကို ART ဆေးထုတ်ပေးလျက်ရှိပြီး ၉၀ ရာခိုင်နှုန်းနီးပါးအတွက် ဆေးကို ခြောက်လစာ ထုတ်ပေးထားသည်ဟု ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း ART ဆေးကိုခြောက်လထိ ထုတ်ပေးသော်လည်း နယ်ကျော်ပြီး ဆေးထုတ်ယူသူများ အတွက် အခက်အခဲများရှိနေဆဲဖြစ်သည်ဟု ရန်ကုန် ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ NLD AIDS Center တည်ထောင်သူ ဒေါ်ဖြူဖြူသင်းကပြောသည်။

“ဒါပေမဲ့ တချို့ကျတော့ မသိစေချင်လို့ နေရာမပြောင်းတာတွေရှိတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ဆိုသည်။

ထို့ပြင် မိမိအစီအစဉ်ဖြင့် ဆေးဝယ်ယူသောက်သုံးနေသူများမှာလည်း နယ်ဝေးယာဉ်လိုင်းများ ရပ်ထားသည့်အတွက် ဆေးသယ်ယူရန် အခက်အခဲကြုံနေခြင်းများ ရှိသည်ဟု ဒေါ်ဖြူဖြူသင်းက ထောက်ပြသည်။

“ဒီဆေးသောက်နေရင်းနဲ့ တကယ့်ကိုအခက်အခဲဖြစ်တယ်ဆိုရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းတွေ မှာသွားပြီးတော့ အချိန်မရွေးယူနိုင်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ပေးထားနိုင်ရင် အဆင်ပြေမယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

ART (Anti-Retroviral Treatment) ဆေးကို ကျန်းမာရေးဝန်ကြီးဌာနနှင့် လူဦးရေရန်ပုံငွေအဖွဲ့မှ ထောက်ပံ့သည့် ရန်ပုံငွေတို့ဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းထားခြင်းဖြစ်ပြီး ဆေးအလုံအလောက်ရှိသည်ဟု ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

HIV ပိုးကူးစက်ခံထားရသူသည် ART ဆေးကို တစ်သက်တာ သောက်သုံးရမည်ဖြစ်ပြီး ပုံမှန်မသောက်ပါက ဆေးမတိုးခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုးခံစားရနိုင်သည်ဟု ကျန်းမာရေးပညာရှင်များကပြောသည်။

Show More

Related Articles

Back to top button