သတင်း

နယ်စပ်ဖြတ်ကျော်ပြီး ART ဆေးထုတ်နေရသူများကို ပြည်တွင်း၌ထုတ်ပေးရန်စီစဉ်

ကိုဗစ်နိုင်တင်းဂယက်ကြောင့် နယ်စပ်ဂိတ်များပိတ်လိုက်၍ အိန္ဒိယနိုင်ငံဘက်တွင် ART ဆေး သွားရောက်ထုတ်ယူနေသော HIV ဝေဒနာရှင်များ ဆေးပြတ်လပ်မှုမဖြစ်စေရန် မြန်မာနိုင်ငံဘက်တွင်သာ ဆေးထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း အမျိုးသားအဆင့် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက်မှ အရာရှိတစ်ဦးက ပြောသည်။

နယ်စပ်ဖြတ်ကျော်ပြီး ART ဆေးထုတ်နေသည့် ဝေဒနာရှင် ၁၄၀ ကျော်အား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးလိုကြောင်း အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်တွင် HIV တိုက်ဖျက်ရေးဆောင်ရွက်နေသည့် MSF Holland (နယ်စည်းမထားဆရာဝန်များအဖွဲ့)က ယခုလဆန်းပိုင်းတွင် အီးမေးလ်ဖြင့် အကြောင်းကြားခဲ့သည်ဟု အမျိုးသားအဆင့်ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့မှ HIV ပိုးကူးစက်ခံထားရသူများသည် နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ မိုရေးမြို့တွင် ART ဆေးထုတ်ယူကြသော်လည်း မတ် ၁၀ မှစ၍ နယ်စပ်ဂိတ်များကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည့်အတွက် ဆေးပြတ်မည့်အရေး ကြုံတွေ့နေရခြင်းဖြစ်သည်။

လူနာလွှဲပြောင်းမှုအစီအစဉ်အရ ART ဆေးကို မြန်မာနိုင်ငံဘက်မှ ထုတ်ပေးရမည်ဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ တင်ပြထားသည်ဟု ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

“ဒီလမကုန်ခင်တော့ ပေးနိုင်မယ်ထင်တယ်”ဟု ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

နယ်စပ်ဖြတ်ကျော် ART ဆေးသောက်သူများအနက် ယခုအကြိမ်လွှဲမည့် ၁၄၀ ကျော်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်လွှဲမည့် လူနာအရေအတွက်နှင့်ပတ်သက်ပြီး မသိရသေးဟု ဒေါက်တာထွန်းညွန့်ဦးက ဆိုသည်။

၂၀၁၄ မတိုင်ခင်အထိ မြန်မာနိုင်ငံတွင် ART ဆေးကို အကန့်အသတ်ဖြင့်သာ ဖြန့်ဝေနိုင်ခဲ့သည့်အတွက် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ HIV ပိုးကူးစက်ခံထားရသူများသည် အိန္ဒိယနယ်စပ် မိုရေးမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ARTဆေး သောက်ခဲ့ကြသည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။

“ကလေးမြို့ကလူတွေတောင်မှ ဟိုဘက်မှာ သွားထုတ်တယ်၊ သွားကုသတဲ့အခြေအနေ ဖြစ်နေတယ်။ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နိုင်တဲ့ ဆေးရုံကပဲလုပ်လုပ်၊ အပြင် NGO တွေကပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်” ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောသည်။

HIV ရောဂါပိုးကူးစက်ခံထားရသူသည် ART ဆေးကို တစ်သက်တာသောက်သုံးရမည်ဖြစ်ပြီး၊ ဆေးပုံမှန်သောက်ပါက သက်တမ်းစေ့နေနိုင်သော်လည်း ပုံမှန်မသောက်ပါက ဆေးမတိုးခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် ART ဆေးသောက်နေရသူများကို ယခင်က သုံးလတစ်ကြိမ် ထုတ်ပေးသော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ဧပြီလမှစ၍ ခြောက်လတစ်ကြိမ် ထုတ်ပေးနေသည်။

ART ဆေးထုတ်ယူမည့်သူများအနေဖြင့် သက်ဆိုင်ရာ ထုတ်ယူမည့် ဆေးခန်းတွင် မှတ်ပုံတင်စာရင်းသွင်းရန် လိုအပ်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ဆေးထုတ်သူများအနေဖြင့် ဆေးပြတ်လပ်ချိန်တွင် ART စင်တာ တစ်ခုခုတွင် မိမိသဘောဖြင့် ဆေးထုတ်ယူရန် မလွယ်ကူသည့်အနေအထား ဖြစ်နေသည်။

“နိုင်ငံတော်ရဲ့ဆေးဆိုတော့ တရားဝင်မှတ်ပုံတင်ထားမှပဲ ပေးလို့ရတာ။ သူတို့က ဆေးပြတ်လို့ပါဆိုပြီး လာပြောလို့ မရဘူး။ မှတ်ပုံတင်စာရင်းသွင်းပြီးမှသာလျှင် တရားဝင် ဆေးပေးလို့ရတာ” ဟု တမူးဆေးရုံအုပ်ကြီး ဒေါက်တာသူရက ဆိုသည်။

မြန်မာနိုင်ငံတွင် ART (Antiretroviral Therapy) နည်းလမ်းဖြင့် ၂၀၀၅ တွင် စတင်ကုသမှုပေးခဲ့ပြီး ၂၀၁၂ နောက်ပိုင်းတွင် အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂပူးပေါင်းအစီအစဥ် (UNAIDS) ၏ ၂၀၁၈ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံထားရသူ ၂၄၀,၀၀၀ ကျော်ရှိပြီး ART ဆေးပုံမှန်သောက်နေရသည့် လူနာ ၁၈၀,၀၀၀ ကျော်ရှိသည်။

Show More

Related Articles

Back to top button