နိုင်ငံတကာသတင်းသတင်း

သိပ္ပံပညာရှင်များက ဓာတ်ခွဲခန်းကြွက်များထံမှ HIV ပိုးကို ပထမဆုံးအကြိမ် ဖယ်ရှားနိုင်ပြီ

သိပ္ပံပညာရှင်များက ဓာတ်ခွဲခန်း ကြွက်များတွင် slow acting (အနှေးသုံး) ဆေးနှင့် မျိုးရိုးဗီဇ ပြုပြင်မှုတို့ကို အသုံးပြုကာ HIV ပိုးကို ပထမဆုံးအကြိမ် ဖယ်ရှားလိုက်နိုင်ပြီဖြစ်ကြောင်း Daily Mail  သတင်းစာက ဖော်ပြသည်။ 

နီဘရာစကာနှင့် ဖီလာဒဲလ်ဖီးယားမှ သုတေသနပညာရှင်များသည် ကြွက်များတွင် အနှေးကုသော ဆေးတစ်မျိုးကို အသုံးပြုပြီးနောက်တွင် ပြုပြင်ထားသော မျိုးရိုးဗီဇကို ဆက်လက်အသုံးပြုကာ HIV ပိုးကို ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

တီဆဲလ် ထုတ်လုပ်ရန်အတွက် စမ်းသပ်နေသော ကြွက်များထဲမှ တတိယမြောက်ကြွက်တစ်ကောင်တွင် HIV ပိုးကို ပညာရှင်များက ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

သုတေသနအဖွဲ့သည် ယခုအခါ ထိုနည်းကို မက်ကာကီးမျောက်များတွင် စမ်းသပ်ရန် စတင်လုပ်ဆောင်နေပြီး ၂၀၂၀ နွေရာသီတွင် လူသားများအား စမ်းသပ်ကုသနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် အဆိုပါ ရေရှည်ကုသနည်းနှစ်မျိုးသည် လူသားများအား ပျောက်ကင်းအောင် ကုသရေးတွင် အခြေခံဖြစ်သည်ဟု တင်ပြထားသည်။

ယခင်က သွေးကင်ဆာနှင့် အေအိုင်ဒီအက်စ်(AIDS) ရောဂါ နှစ်မျိုးရှိနေသူ နှစ်ဦးကို အန္တရာယ်များသော ရိုးတွင်းချဉ်ဆီ အစားထိုးကုသနည်းဖြင့် ရောဂါနှစ်ခုစလုံး ပျောက်ကင်းအောင် ကုသပေးခဲ့ဖူးသော်လည်း ထိုနည်းမှာ လူနာတိုင်းနှင့် အဆင်မပြေနိုင်ဘဲ အသက်အန္တရာယ်ရှိသည့်အပြင် ရောဂါနှစ်မျိုးစလုံး ရှိရန် လိုအပ်သည်ဟု ဆိုသည်။

ယခုအခါတွင်မူ နီဘရာစကာမှ HIV ပညာရှင်နှင့် ဖီလာဒဲလ်ဖီးယားမှ မျိုးရိုးဗီဇပညာရှင်တို့ ဦးဆောင်သော သုတေသနအဖွဲ့က ငါးနှစ် သုတေသနစီမံချက်တွင် Laser Art ဟုခေါ်သော အနှေးကုဆေးဖြင့် ဗိုင်းရပ်စ်ပိုးကို ဦးစွာနှိမ်နင်းပြီးနောက် ပြုပြင်ထားသော CRISPR Cas9 မျိုးရိုးဗီဇကို အသုံးပြုကာ ယတိပြတ်ဖယ်ရှားနိုင်ခဲ့ပြီး မမျှော်လင့်သော ရလဒ်ကို ဖော်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

HIV ဗိုင်းရပ်စ်သည် Genome ဟုခေါ်သော မျိုးရိုးဗီဇ ခရိုမိုဇုန်းတွင် စွဲကပ်ခြင်းဖြစ်သောကြောင့် အမြစ်ပြတ်ဖယ်ရှားရန် ခက်ခဲသောပိုးဖြစ်သည်။ HIV ပိုးသည် ရောဂါလက္ခဏာ မပြသေးဘဲ ခိုအောင်းပွားများကာ အချိန်မရွေးထကြွလာရန် အသင့်ဖြစ်နေသော ဗိုင်းရပ်စ်မျိုးဖြစ်ပြီး ယခုအခါ သိပ္ပံပညာရှင်များက တွေ့ရှိရန်ခက်ခဲသော ခိုအောင်းပွားများနိုင်သည့် နေရာများမှ ကင်းစင်အောင် ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

နီဘရာစကာ ဆေးသုတေသနဌာနမှ ဒေါက်တာ ဟောင်းဝပ် အီး ဂျင်ဒါလ်မန်ကကျွန်တော်တို့ အစက မယုံနိုင်ခဲ့ဘူး။ ဂရပ်ဖ်မျဉ်းတွေ မှားပြီးပြနေသလားလို့ ထင်မိတာ။ ဗိုင်းရပ်စ်စွဲကပ်နေတဲ့ ဆဲလ်တွေ သေကုန်ပြီဆိုတော့ ကျွန်တော်တို့ရဲ့ ဓာတ်ခွဲခန်းစနစ်တွေများ ပျက်သွားသလားပေါ့ဟုပြောကြားသည်။

အကြိမ်ကြိမ် ပြန်လည်စမ်းသပ်တဲ့အခါ ဒီရလဒ်တစ်မျိုးတည်း ထွက်နေတော့မှ ငါတို့တော့ မမျှော်လင့်ဘဲ ကြက်ကန်းဆန်အိုး တိုးသွားပြီလို့ သိလိုက်ရတာပါ ဟု ၎င်းက ပြောကြားသည်။

အဖြေသေချာသွားလို့ အစီရင်ခံစာ ထုတ်ပြန်ဖို့ လုပ်တဲ့အခါ ဆေးပညာဂျာနယ်တွေက မယုံလို့ ပယ်ချကြသေးတယ်ဗျ။ HIV ပိုးကို အမြစ်ပြတ် ဖယ်ရှားနိုင်ပြီဆိုတာကို ယုံကြည်ဖို့အတွက် သူတို့ အတော့်ကို ခက်ခဲခဲ့ကြတယ်ဟု ၎င်းကဆက်လက် ပြောကြားသည်။

တွဲဖက်သုတေသနပြုခဲ့သူ ဖီလာဒဲလ်ဖီးယား တင်ပယ်လ်ဆေးတက္ကသိုလ်မှ မျိုးရိုးဇီဇပညာရှင် ဒေါက်တာ ကာမယ်လ်ခါလီလီကကျွန်တော်တို့ရဲ့ စာတမ်းမှာ ရလဒ်တွေကို သက်သေပြဖို့အတွက် ပုံပြဇယားတွေကို ထုံးစံထက်ပိုပြီး ၂၀ ထက်မနည်း အပိုထည့်ပေးခဲ့ရတယ်ဟု ပြောကြားသည်။

ယခုအချိန်အထိ AIDS ရောဂါ ကုသရာတွင် အသုံးပြုနေသော ART ဆေးမှာ AIDS ရောဂါဖြစ်မလာစေရန်နှင့် အခြားသူသို့ မကူးစက်နိုင်စေရန် အတိုင်းအတာတစ်ခုအထိ HIV ပိုး အရေအတွက်ကို လျှော့ချပေးနိုင်သောကြောင့် လူကောင်းပကတိသဖွယ် နေထိုင်သွားနိုင်သော်လည်း ဗိုင်းရပ်စ်ပိုး ခိုအောင်းနေသော နေရာများကို တိုက်ခိုက်နိုင်ခြင်း မရှိပေ။

ဒေါက်တာ ဂျန်ဒါလ်မန်သည် လွန်ခဲ့သောနှစ်အနည်းငယ်က နီဘရာစကာမှ ဆေးဝါးဗေဒပညာရှင် ဒေါက်တာဘင်ဆန်အဒက်ဝါနှင့်အတူ အနှေးကုသနိုင်သော ART ဆေးတစ်မျိုးဖြစ်သည့် LASER ကို တီထွင်ကာ စမ်းသပ်ခဲ့သေးသည်။

ရိုးရိုး ART ဆေးမှာ သွေးတွင်ပျော်ဝင်လွယ်သောဆေး ဖြစ်သော်လည်း LASER ဆေးမှာ နာနိုခရစ်စတယ်များအဖြစ် ထုပ်ပိုးထားသောကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်က ပြင်ပအရာဝတ္ထုအဖြစ် သတ်မှတ်ကာ HIV ပိုး ခိုအောင်းသော နေရာများသို့ ပို့ဆောင်ပေးရာ ထိုနေရာသို့ရောက်မှ စတင်ပျော်ဝင်ကာ ART ဆေးကို ဖြည်းဖြည်းချင်းထုတ်လွှတ်ပေးခြင်းဖြစ်သည်။

LASER ဆေးကို တစ်နှစ်လျှင် တစ်ကြိမ်သာ သောက်ရန် လိုအပ်သောကြောင့် လွယ်ကူပေါ့ပါးသည်ဟု ပညာရှင်များက ဆိုသည်။

ဒေါက်တာ ကာမယ်လ်ခါလီလီ တီထွင်ထားသော CRISPR Cas9 မျိုးရိုးဗီဇသည် ဗိုင်းရပ်စ်စွဲကပ်နေသော ခရိုမိုဇုန်းကို ဖယ်ရှားပေးနိုင်သော်လည်း နှေးသောကြောင့် ဗိုင်းရပ်စ်၏ မြန်ဆန်သော ပွားများနှုန်းကို အမီမလိုက်နိုင်ကြောင်း သိရသည်။

ပညာရှင်နှစ်ဦးသည် အစပိုင်းတွင် ဆေးနှင့် မျိုးရိုးဗီဇကို တစ်ပြိုင်တည်း နှစ်မျိုးတွဲဖက် အသုံးပြုစမ်းသပ်ခဲ့ရာ အောင်မြင်မှုမရခဲ့ကြပေ။ ထို့နောက်တွင် LASER ဆေးဖြင့် ဗိုင်းရပ်စ်ပိုးကို ဦးစွာ နှိမ်နင်းကာ CRISPR Cas9 မျိုးရိုးဗီဇဖြင့် ပိုးတွယ်ကပ်နေသော ခရိုမိုဇုန်းများကို ဆက်လက်ဖယ်ရှားလိုက်သောအခါမှ အံ့အားသင့်ဖွယ်ရလဒ်ကို မမျှော်လင့်ဘဲ ဖော်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

Credit: Daily Mail

Show More

Related Articles

Back to top button