သတင်း

H1N1 ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၃၀ ခန့်ရှိလာ

ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၃၀ ခန့်  ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှ က ပြောသည်။

၂၀၁၉ ခုနစ် ဇန်နဝါရီလမှ ဇူလိုင်လ ၄ ရက်အထိ စာရင်းအရ တစ်နိုင်ငံလုံးတွင် ရာသီတုပ်ကွေးသံသယရှိသူ ၄၀၂ ဦးကို စစ်ဆေးခဲ့ရာ ရာသီတုပ်ကွေးဖြစ်ပွားသူ ၁၄၁ ဦးရှိပြီး ၂၉ ဦးသေဆုံးကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၅ ရက်အထိ ထပ်တိုးစာရင်းအရ အဆိုပါရောဂါကြောင့် သေဆုံးသူ ၃၀ ဦး ရှိလာပြီး ဇူလိုင်လဆန်း ၅ ရက်အတွင်း ၄ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု နှုန်းသည် လူဦးရေထူထပ်သည့် ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပြီး စာရင်းအရ ရန်ကုန်တိုင်းတွင် ခြောက်လကျော်အတွင်း ၈၇ ဦးတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားပြီး ၂၃ ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။   ဧရာဝတီတိုင်းတွင် ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး၊ မွန်ပြည်နယ်တွင် ၁ ဦး သေဆုံးခဲ့သည်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားခြင်း မရှိသေးကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

ရာသီတုပ်ကွေး ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ အဖျား ၁၀၀ နှင့်အထက်ရှိခြင်း၊ နှာစေးခြင်း၊ ကိုယ်လက်နာကျင် ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာသီတုပ်ကွေး ဖြစ်ပွားသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရာသီတုပ်ကွေး ဖြစ်ပွားနေသည်ကို မသိရှိကြကြောင်း ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ဆိုသည်။

ထို့ပြင် လူမှုကွန်ရက်တွင် ရာသီတုပ်ကွေး H1N1 အပြင် H5H1 ဖြစ်ပွားနေကြောင်း ပြောဆိုရေးသားချက်များမှာ မမှန်ကန်ကြောင်းနှင့် ယခုဖြစ်ပွားနေသော ကူးစက်ရောဂါကို ရာသီတုပ်ကွေးဟုသာ သတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရာသီတုပ်ကွေး H1N1 ရောဂါသည် ၂၀၀၉ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်လအတွင်း မြန်မာနိုင်ငံ၌ ၃၆ ဦး သေဆုံးခဲ့သည်။ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထု ထိတ်လန့်မှုမရှိစေရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ရုပ်မြင်သံကြားနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များမှ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရှင်းလင်းပွဲပြုလုပ်ကာ  ပြောကြားထားသည်။

Show More

Related Articles

Back to top button