ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ဖြင့် သေဆုံးသူ လေးဦးရှိနေပြီး သံသယလူနာများကို ထပ်မံစောင့်ကြည့်နေကြောင်း သိရှိရသည်။
သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း၊ ကော့မှူးနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များမှ ဖြစ်ပြီး အသက် ၇၅၊ ၃၁ နှင့် ၂၉ နှစ်အရွယ် ရောဂါအခံရှိသူများဖြစ်ကြသည်။
ရောဂါကူးစက်သံသယရှိသူ အယောက် ၄၀ ကို ဇွန်လအတွင်းက စစ်ဆေးခဲ့ပြီး ၁၀ ဦး ရောဂါလက္ခဏာ တွေ့ရှိကာ လက်ရှိအခြေအနေအထိ ၄ ဦး သေဆုံးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူအေးက Myanmar Now သို့ အတည်ပြုပြောကြားသည်။
“အခုအခြေအနေက အရမ်းကို ကြောက်ရွံ့ထိတ်လန့်နေစရာ မလိုဘူး။ ပြည်သူတွေအနေနဲ့က နေ့စဉ်ထုတ်သတင်းစာတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေ ကြည့်ပေးပြီး မိမိကိုယ်တိုင် လက်ခံဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” ဟု ဗုဒ္ဓဟူးနေ့ ညနေက ဖုန်းဖြင့်ပြောသည်။
ရာသီတုပ်ကွေးကူးစက်ခံရကာ ကျန်ပြင်းထန်လူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ နှင့် မြောက်ဥက္ကလာဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေကြောင်း ယနေ့ တာမွေမြို့နယ် တိုင်းကျန်းမာရေးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကူးစက်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က မီဒီယာများအား ပြောသည်။
“ကျွန်မတို့ ချက်ချင်းသိတာနဲ့ ချက်ချင်းထုတ်ပြန်ပေးခြင်းဖြစ်တယ်၊ ပထမလူနာက သောကြာနေ့မှ သိရတာလေ။ နောက်ပိုင်းသိလာရင်သိသလို သတင်းထုတ်ပြန်သွားမှာ ဖြစ်ပါတယ်၊ ဆေးရုံတွေကိုလည်း မှာထားပြီးသားပါ၊ စစ်လို့တွေ့ပြီဆိုရင် သတင်းပို့မှာပါ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသက်စုမွန်က ရှင်းလင်းပွဲတွင် ပြောကြားသည်။
သေဆုံးသူများထဲတွင် အမျိုးသားသုံးဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်ပြီး ပြီးခဲ့သည့် ကော့မှူးမြို့နယ်တွင် နေထိုင်သည့် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ မီးဖွားပြီး ၁၇ ရက်အကြာ သောကြာနေ့ ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင် ၁ မှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဖြူအေးက ပြောသည်။
ရာသီတုပ်ကွေး H1N1 ရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များက ရောဂါဖြစ်ပွားပြီဆိုပါက ပိုမိုပြင်းထန်နိုင်ကြောင်း ဒေါ်ဖြူအေးက ပြောသည်။
အဆိုပါ ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ အဖျား ၁၀၀နှင့်အထက်ရှိခြင်း၊ နှာစေးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။
ရာသီတုပ်ကွေး H1N1 ရောဂါသည် ၂၀၀၉ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှာ နှစ်လအတွင်း မြန်မာနိုင်ငံ၌ ၃၆ ဦး သေဆုံးခဲ့သည်။ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ထိတ်လန့်မှုမရှိစေရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ရုပ်မြင်သံကြားနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များမှ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ယနေ့ရှင်းလင်းပွဲ၌ ပြောသည်။