နိုင်ငံတကာသတင်းသတင်း

COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြေညာ

ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၁ တွင် ကြေညာလိုက်ပြီ ဖြစ်ရာ ၂၀၀၉ ခုနှစ် H1N1 ရောဂါဖြစ်ပွားမှုနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ကြာသပတေးနေ့ နံနက်တွင် WHO ၏ကြေညာချက်ကို ကိုးကားထုတ်ပြန်သွားပြီး ထိုကြေညာချက်နှင့်အညီ “လုပ်ဆောင်ရန်ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု ၎င်း၏ Facebook တွင် ရေးသားထားသည်။ မည်သို့လုပ်ဆောင်မည်ဆိုသော အသေးစိတ်ကိုမူ ရေးသားထားခြင်း မရှိပါ။

ဗိုင်းရပ်ကြောင့်ဖြစ်ပွားရသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုမှုပေါင်းသည် ယခု ၁၂၁,၀၀၀ အထိရှိသွားပြီဖြစ်ပြီး နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိ ပျံ့နှံ့ခဲ့ပြီဖြစ်သည်။

အဖွဲ့ကြီးအနေဖြင့် ဗိုင်းရပ်ပျံ့နှံ့ဖြစ်ပွားမှုကို အနီးကပ်ဆက်လက် စောင့်ကြည့်နေပါကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တဲဒရော့ အေဒါနွမ်က ပြောကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

“ထိတ်လန့်စရာ ပျံ့နှံ့မှုနဲ့ ပြင်းထန်မှုအဆင့်မြင့်မားခြင်းကြောင့်သာမက အရေးယူတုံ့ပြန်မှုမရှိတဲ့ ထိတ်လန့်စရာအဆင့်တွေကြောင့်လည်း သိပ်ကိုစိတ်ပူရပါတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် အီတလီ၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၌ ရောဂါကြီးကြီးမားမား ပျံ့နှံ့ဖြစ်ပွားနေသည်။ သို့သော် ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်နေဆဲဖြစ်သည်ဟု အေဒါနွမ်က ပြောသည်။ ဖြစ်ပွားမှုနှုန်း ကျဆင်းနေသည့်ပုံရသည့် တရုတ်နှင့် တောင်ကိုရီးယားတို့ကို သူက ဥပမာပေးသည်။

“လုပ်လို့ရပါတယ်” ဟု အေဒါနွမ်က ပြောသည်။

WHO ၏သတ်မှတ်ချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့ဖြစ်ပွားသည့် ရောဂါကို ‘ကပ်ရောဂါ’ ဖြစ်သည်။ သို့သော် ကပ်ရောဂါအဆင့်ကိုသတ်မှတ်ဖော်ပြသည့် စံချိန်စံနှုန်းဟူ၍ လည်းကောင်း၊ လူဘယ်နှဦးရောဂါဖြစ်သည်၊ လူဘယ်နှဦးသေသည် စသည်အပေါ်လိုက်၍လည်း ကပ်ရောဂါဟုတ်မဟုတ် သတ်မှတ်လို့ရခြင်းမဟုတ်ပေ။

“ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း တရုတ်ပြည်ပြင်ပမှာ ဒီရောဂါဖြစ်ပွားမှု အရေအတွက်ဟာ ၁၃ ဆများလာခဲ့သလို ရောဂါဖြစ်ပွားကြောင်းအတည်ပြုတဲ့နိုင်ငံ အရေအတွက်ဟာလည်း သုံးဆ ဖြစ်လာခဲ့ပါတယ်” ဟု အေဒါနွမ်က ဂျီနီဗာ၌ကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောသည်။

“လာမယ့်နေ့တွေ၊ သီတင်းပတ်တွေမှာလည်း ဖြစ်ပွားမှု၊ သေဆုံးမှု၊ ရောဂါဖြစ်ကြောင်း ကြေညာတဲ့ နိုင်ငံအရေအတွက်တွေ ဒီထက်တောင် တိုးလာဦးမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကနဦးက ထိုရောဂါကို ‘ကမ္ဘာလုံးအတိုင်း ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ’ ဟု ဇန်နဝါရီတွင် ကြေညာခဲ့သည့် WHO သည် ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါဟု သတ်မှတ်ဖို့ တွန့်ဆုတ်နေခဲ့သည်။

လတ်တလောတွင် ရောဂါမဖြစ်ပွားသေးသည့်နိုင်ငံ ၈၁ နိုင်ရှိနေသေးပြီး ၎င်းတွင် မြန်မာလည်းအပါအဝင်ဖြစ်ကာ ဖြစ်ပွားသူဦးရေ ၁၀ ဦးနှင့် အောက်သာရှိသည့်နိုင်ငံ ၅၇ နိုင်ငံရှိသည်။

WHO ၏ ကျန်းမာရေး အရေးပေါ်အစီအစဉ် အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မိုက်ခ် ရိုင်ယန်က ကျန်းမာရေးအရာရှိများအနေဖြင့် ယခုရောဂါ၏လက္ခဏာအခြေအနေများကို “အလွန်အလေးအနက်ထား” ပါကြောင်းနှင့် ကမ္ဘာ့အကျိုးဆက်များကိုလည်း နားလည်ပါကြောင်း ဆိုသည်။

“နိုင်ငံတိုင်းနိုင်ငံတိုင်းအနေနဲ့ သူတို့ရဲ့ ဗျူဟာတွေကို ချပြဖို့လိုနေပါပြီ” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button