သတင်း

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ပြဿနာကြုံတွေ့နေ

စစ်ကောင်စီ လျှို့ဝှက်ထိန်းသိမ်းထားသော နေရာတွင် အတူနေအိမ်သားများ နေမကောင်းဖြစ်နေသည်ဟု အသိပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မလာ၍ ရွှေ့လိုက်ရသည့် ရုံးချိန်း လေးကြိမ်ရှိလာချိန်တွင် ကိုဗစ်နိုင်တင်းကူးစက်ခံထားရမည်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံးချိန်းတွင် မတ် ၂၂ ရက်က နောက်ဆုံးတွေ့ခွင့်ရချိန်က အတူနေသူအချို့ ဖျားနာနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ထံမှ သိခွင့်ရပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကာ စစ်ကောင်စီထံမှ မည်သည့်အကျိုးအကြောင်းမျှ တိတိကျကျ မသိရဟု ၎င်းက ပြောသည်။

မတ် ၂၄၊ ၂၅ ရုံးချိန်းများ ရွှေ့ခဲ့ရသလို အဂတိစွပ်စွဲချက် ၅ မှုစီဖြင့် ရင်ဆိုင်ရမည့် ယနေ့ (မတ် ၂၈) နှင့် မနက်ဖြန်ရုံးချိန်းများကိုလည်း နောက်တစ်ပတ်သို့ တရားသူကြီးက ရွှေ့လိုက်သည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

“အင်္ဂါနေ့ကတော့ သူ့အိမ်က ကလေးတွေ နေမကောင်းဘူးလို့ ပြောတယ်။ အခုက ကိုဗစ်ထင်တယ်။ ဒီနေ့ ရုံးချိန်းရော၊ မနက်ဖြန်ရုံးချိန်းရော ရုံးချိန်းတွေ အကုန်ရွှေ့လိုက်တယ်” ဟု ၎င်းက ပြောသည်။

“ရှေ့နေအဖွဲ့က ဒီနေ့သိချင်လို့ Video Conferencing နဲ့ တွေ့ခွင့်ရမလား ကျွန်တော်တို့ စောင့်ကြတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ပဲ တွေ့ခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘူး။ ကိုဗစ်ကြောင့်မို့လို့ မထွက်လာတာ ဖြစ်မယ်။ တိတိကျကျမသိရဘူး” 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အတူနေသူ ရှစ်ဦးနှင့်အတူ စစ်ကောင်စီက တစ်ပါတည်းဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ထားမှန်းမသိရပေ။ အချစ်တော်ခွေးကလေး တိုက်ချီဒိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှိနေသည်ဟု ဆိုသည်။

၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲသည့် အမှုပေါင်း ၁၇ မှုထိ ရှိပြီး ထိုအထဲမှ အမှု ၅ မှုဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

လက်ကျန်အမှုများအနက် စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှုများဖြင့် စွပ်စွဲထားသည့် ၁၀ မှုထိ ပါဝင်သည်။ ထိုအမှုများကို တနင်္လာ၊ အင်္ဂါ၊ နိုင်ငံတော်လျှို့ဝှက်အက်ဖြင့် အမှုကို ကြာသပတေး၊ ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဟု စွပ်စွဲခံရသည့် အမှုကို သောကြာဟူ၍ ရက်ခွဲကာ အထက်ပါ နေပြည်တော်တရားခွင်တွင် သက်ဆိုင်ရာ တရားသူကြီးများက အပတ်စဉ်တိုင်းတွင် ကြားနာနေသည်။

ဖမ်းဆီးခံရပြီး တစ်နှစ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သည့် တရားရုံးချိန်းတချို့ရှိခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ခွင့်မရသည်မှာ တစ်ပတ်ဝန်းကျင်ရှိလာပြီဖြစ်သည့် ယခုတစ်ကြိမ်သည် ကာလအရှည်ကြာဆုံး ဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ကိုဗစ်နိုင်တင်းကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်သည်ဟု သူ၏ ရှေ့နေအဖွဲ့က အတည်ပြုထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button