သတင်း

စစ်ကိုင်းတိုင်း ကနီတွင် စစ်ကောင်စီတပ်နှင့် ဒေသခံများထိပ်တိုက်တွေ့၊ ပြည်သူ ၆ ဦး ကျဆုံး 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒေသခံများဖွဲ့စည်းထားသည့် ကနီမြို့နယ်လုံခြုံရေးအဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့ ယမန်နေ့ (ဧပြီ ၁၅) ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၆ ဦး ကျဆုံးခဲ့သည်။ 

ဆန္ဒပြပွဲတွင် ဖမ်းဆီးခံထားရသည့် ကနီဒေသခံများကို နေရာရွှေ့ပြောင်းမည်ဆိုသော သတင်းကြောင့် ဒေသခံလုံခြုံရေးအဖွဲ့က စောင့်ဆိုင်းနေစဉ် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ 

“စစ်တပ်က ဖမ်းဆီးထားတဲ့ ဒီက ဆန္ဒပြခေါင်းဆောင်တွေနဲ့ ၇၀ လောက်ကို တခြားနေရာကို ပြောင်းရွှေ့ဖို့ လုပ်တယ်ဆိုပြီး သတင်းရတာ” ဟု မုံရွာ – ကနီကားလမ်းတွင် စစ်ဆေးရေးဂိတ်များဖြင့် စစ်ဆေးခဲ့ပုံကို ကနီမြို့နယ်လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ထို့သို့ စောင့်ဆိုင်းနေစဉ် အရာရှိတစ်ဦးပါဝင်သည့် စစ်ကောင်စီကားတစ်စီးက အစစ်အဆေးမခံဘဲ ပစ်ခတ်ထွက်ပြေးခဲ့သည်ဟု သိရသည်။ ထို့နောက် စစ်ကောင်စီတပ်မှ စစ်ကား ၁၂ စီးဖြင့် ရောက်လာကာ ည ၈ နာ ရီခန့်အထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း အထက်ပါ ဒေသခံလုံခြုံရေးအဖွဲ့ဝင်က ပြောသည်။ 

အပြန်အလှန်ပစ်ခတ်မှုအတွင်း ကနီဒေသခံ ၆ ဦး ကျဆုံးပြီး သမင်စပ်ကျေးရွာမှ ဘုန်းကြီးတစ်ပါးလည်း အဖမ်းခံခဲ့ရကြောင်း သိရသည်။ 

ကျဆုံးသူ ၆ ဦးမှာ ကနီမြို့နယ်မှ ၁၇ မိုင်ခန့်အကွာ မိုးကောင်းရွာနေ ကိုကျော်လှိုင်ဝင်း၊ ကိုဇင်ကို၊ ကိုနိုင်နှင့် သမင်စပ်ရွာမှ ကိုအောင်နိုင်မိုး၊ လည်ရှည်ရွာသား ကိုတင်အုန်း၊ ဘန့်ဘွေးမြောက်ရွာသား ကိုဝင်းကို (၂၅ နှစ်ခန့်) တို့ ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသခံပြည်သူ ၂၀ ခန့်လည်း ပျောက်ဆုံးလျက်ရှိပြီး ဒေသခံများက တူမီးဖြင့် ခုခံပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှလည်း အကျအဆုံးရှိနိုင်သည်ဟု သိရသည်။ 

ယနေ့ (ဧပြီ ၁၆) တွင်မူ ကနီ – မုံရွာလမ်းပိုင်း အချို့နေရာများ၌ စစ်ကောင်စီတပ်သားများက လုံခြုံရေးအရဆိုကာ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်။

ကနီမြို့နယ်အတွင်း၌ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသခဲ့ကြပြီး ယခုလဆန်းပိုင်းတွင် စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ခဲ့ရာ ဆန္ဒပြသူ ၂ ဦး ကျဆုံးခဲ့ပြီးနောက် ကနီတွင် ဆန္ဒပြပွဲများ ပြုလုပ်ခြင်းမရှိတော့သော်လည်း တူမီးသေနတ်အပါအဝင် ရရာလက်နက်ကိုင်စွဲ၍ ရင်ဆိုင်တိုက်ပွဲဝင်ရန် ပြင်ဆင်ထားကြသည်ဟု ကနီဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ တမူးနှင့် ကလေးမြို့တို့တွင်လည်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ဒေသခံများက လက်လုပ်တူမီးသေနတ်များဖြင့် ခုခံကာကွယ်ခဲ့ကြသည်။ 

Show More

Related Articles

Back to top button