သတင်း

ကလေးမြို့သပိတ်စခန်း ဖြိုခွဲခံရမှု ကျဆုံးသူ ၁၁ ဦးထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အင်အားအလုံးအရင်းဖြင့် ယနေ့ ဧပြီ ၇ တွင် ပစ်ခတ်ဖြိုခွဲမှုကြောင့် ကျဆုံးသူ အရပ်သားအရေအတွက် ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဆေးဝါးအကူအညီပေးသည့် အဖွဲ့များက အတည်ပြုသည်။ 

“သပိတ်စခန်းကိုဝင်တဲ့ ထွက်တဲ့ လမ်းတွေ ထောင့်တွေ အကုန်လုံးမှာ ချထားပြီးတော့မှ မဲမဲမြင်သမျှ ရမ်းပစ်တယ်ဆိုတော့ အပြစ်မဲ့ပြည်သူတွေလည်း ပါနိုင်တယ်။ (လက်နက်ကိုင်)တွေက မြောင်းတွေထဲမှာ နေတယ်။ ကင်းပုန်းတွေ ဝပ်တယ် ” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။ 

ကျဆုံးသူများအနက် သပိတ်စခန်းနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူ ၃ ဦး ပါဝင်ကြောင်း ဒေသတွင်းအခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။ 

လက်ပစ်ဗုံးနှင့် သေနတ်မျိုးစုံ အသုံးပြုဖြိုခွဲသည့်အတွက် ထိခိုက်ဒဏ်ရာရသူ ၂၀ ဦး ထက်မနည်းရှိကြောင်း တာဟန်းပင်မသပိတ်စခန်းမှ ဆန္ဒပြလူငယ်များထံမှ သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်တပ်များသည် ကလေးမြို့အတွင်း ညနေ ၃ နာရီဝန်းကျင်အထိ လှည့်ပတ်နေဆဲဖြစ်ပြီး လမ်းပေါ်တွင် လူသွားလူလာ ရှင်းလင်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“မွန်းလိုင်နဲ့ စက်မှုဇုန်တွေဘက်တော့ ရပ်ကွက်တွေထဲ ဝင်ပစ်တာရှိတယ်။ ဒီဘက်မှာတော့ ရဲစခန်းနဲ့နီးတော့ သူတို့ သေနတ် မကြာခဏဖောက်တယ်။ ခုတော့ ပြန်ငြိမ်သွားပြီပေါ့။ တစ်ခါဖောက်ရင် သုံးလေးချက်ဖောက်တယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ယနေ့ (ဧပြီ ၇) နံနက် ၅ နာရီဝန်းကျင်၌ ကလေးမြို့ ဗိုလ်ချုပ်လမ်းရှိ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီလက်နက်ကိုင်တပ်များက လေးဖက်လေးတန်မှနေ၍ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။ 

နေ့လယ်ပိုင်းအထိ ၈ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ညနေဘက်တွင် ၁၁ ဦးအထိ ရှိလာသည်။ 

ယနေ့ ပစ်ခတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီးခံရသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လက်ပြန်ကြိုးတုပ်ကာ မျက်လုံးကို အဝတ်ဖြင့် စည်း၍ ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။ 

ကလေးမြို့ဒေသခံများသည် အခိုင်အမာ ခံတပ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ပွဲဝင်လက်နက်မဟုတ်သော အမဲလိုက် တူမီးသေနတ်တချို့ဖြင့် ခုခံခဲ့ကြသည်။

Show More

Related Articles

Back to top button