ဆောင်းပါး

အကောင်းအဆိုး ရောထွေးနေတဲ့ လွှတ်တော်ရဲ့ခြေလှမ်းများ

ရန်ကုန် —  စစ်အစိုးရအုပ်ချုပ်မှု အဆုံးသတ်ချိန် ၂ဝ၁၁ မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေဟာ ဗိုလ်ချုပ်ဟောင်းတွေရဲ့အစိုးရအဖွဲ့အလိုကျ လက်ညှိုးထောင် ခေါင်းညိတ်တဲ့ အနေအထားထက် ပိုမယ်မဟုတ်ဘူးလို့ ယူဆခဲ့ကြပါတယ်။ သို့သော်လည်း အသွင်ပြောင်းကာလ ခရီးအတန်ငယ် ကြာလာချိန်မှာတော့ လွှတ်တော်များဟာ ပြည်သူ့အသံကို ထင်ဟပ်ဖို့ ကြိုးစားလာကြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုသူ အများအပြားလည်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အလွန်မှာ လွှတ်တော်တွေထဲ ရောက်လာတဲ့နောက်ပိုင်း ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာပါတယ်။

မကြာသေးခင်က ပြီးစီးခဲ့တဲ့  ရွေးကောက်ပွဲမှာ ရွေးချယ်ခံရသူတွေက  ၂ဝ၁၆  ဇန်နဝါရီလ ၃ဝ ရက်နေ့ နောက်ပိုင်းမှာတော့ လွှတ်တော်တွေထဲ ဝင်ရပါတော့မယ်။ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း ရှည်ကြာခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို တက်ခဲ့တဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့စွမ်းဆောင်နိုင်ခဲ့မှုနဲ့ပတ်သက်လို့ ဂုဏ်ယူကြပါတယ်။

သို့သော်လည်း  ကဏ္ဍအသီးသီးက တက်ကြွလှုပ်ရှားသူတွေကတော့ မြေလွတ်မြေရိုင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အားမရကြောင်း ပြောဆိုပြီး ဖိနှိပ်တဲ့ ဥပဒေတွေ ဆက်လက် တည်ရှိနေသေးတယ်လို့လည်း ထောက်ပြကြပါတယ်။  မျိုးစောင့်ဥပဒေ ၄ ရပ်ကတော့ လွှတ်တော်အတွက် အမည်းစက် ဖြစ်ကျန်ရစ်ခဲ့တယ်လို့လည်း သူတို့က သုံးသပ်ပါတယ်။

ဂုဏ်ထူးနဲ့အောင်တဲ့  လွှတ်တော်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ  ဦးတီခွန်မြတ်က ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းမှုတွေ လုပ်နိုင်ခဲ့တဲ့ဥပဒေပေါင်း ၂ဝဝ ကျော် ရှိပြီး ဆက်လက် စိစစ်ပြုလုပ်နေဆဲ ဥပဒေပေါင်းက ၄ဝ နီးပါးလောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ အရေးကြီးတဲ့ ဥပဒေပြင်ဆင်ရေးကိစ္စတွေကို လွှတ်တော်အစည်းအဝေးပြီးတာနဲ့ နောက်လွှတ်တော်ပြန်အစမှာ လုပ်နိုင်အောင်လို့ ဆက်လုပ်နေကြပါတယ်” လို့ သူကဆိုတယ်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ဥပမာ ပေးပြီး အဲဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေက ကောင်းမွန်သော်လည်း အဲဒါကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။

“လက်တွေ့မြင်တွေ့နေရ တာတွေမှာ ဥပဒေတော်တော်များများဟာ လက်တွေ့အကောင်အထည်ပေါ်အောင် ဖော်ဆောင်မှု အားနည်းနေသေးတယ် လို့ သုံးသပ်ရမယ်။ ဒါကတော့ လွှတ်တော်ထက် အစိုးရနဲ့ ပိုသက်ဆိုင်တယ်” လို့ ဦးသိန်းညွန့်က  ဆိုပါတယ်။

“လွှတ်တော်မှာ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေထဲမှာ ပြန်ပြင်ရမယ့် ဥပဒေတွေရှိသလို ပြည်သူ့ အတွက် အကျိုးဖြစ်ထွန်းမယ့် ဥပဒေတွေကို ဆက်လုပ်ရဦးမှာလည်း ရှိတယ်။ ကျနော်တင်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို သေ ဒဏ်ပေးဖို့ဟာ လက်တွေ့မဖြစ်ခဲ့သေးဘူး။” လို့ ဦးသိန်းညွန့်က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတချို့ရဲ့ ဝေဖန်ချက်

ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်တည်းဖြတ်နိုင်ခဲ့တဲ့ ဥပဒေတချို့မှာ လက်ရှိအများပြည်သူအတွက် အကျိုးရှိစေမယ့် ဥပဒေတွေ ပါဝင်မှု အားနည်းသေးတယ်လို့ နိုင်ငံရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူတချို့က ထောက်ပြဝေဖန်ကြပါတယ်။

ပြဋ္ဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေဟာ လက်ရှိတောင်သူလယ်သမားတွေကို အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေပေမယ့် တကယ့်လက်တွေ့ လယ်သိမ်းခံမှုတွေ ကြုံတွေ့နေရတဲ့ တောင်သူလယ်သမားတွေအတွက်တော့ ဘယ်လိုမှ ဖြေရှင်း ဆောင်ရွက်ပေးနိုင်တာ မဖြစ်သေးဘူးလို့ ဧရာဝတီတိုင်း၊ တောင်သူလယ်သမားကွန်ရက်မှ ဦးဆောင်လှုပ်ရှားသူ ဦးတင်ကိုလင်းက ဆိုပါတယ်။

လယ်ယာမြေပိုင်ဆိုင်ကြသော တောင်သူလယ်သမားများအတွက်တော့ မိမိတို့လယ်ယာမြေကို မှတ်ပုံတင်ရကောင်းမှန်းသိကြသလို အရင်းအနှီးလိုအပ်ချက်အရ ပေါင်နှံရောင်းချခွင့်တချို့ ရခဲ့ကြပေမယ့် တောင်သူလယ်သမားများအတွက် ပိုမိုထိရောက်တဲ့ဥပဒေတွေကို ထပ်မံပြဋ္ဌာန်းပေးဖို့ လိုအပ်နေသေးတယ်လို့ သူက ဆိုပါတယ်။

“ဒါတွေကို နောက်လာမယ့် အစိုးရအပြောင်းအလဲမှာ ပြုပြင်ပြောင်းလဲရင်ပဲဖြစ်ဖြစ်၊ အသစ်ပြဋ္ဌာန်းတာမျိုးပဲဖြစ်ဖြစ် ဖြစ်လာဖို့ ကျနော်တို့မျှော်လင့်တယ်။ ဒီအတိုင်းပဲ ဆက်သွားနေရင်တော့ တောင်သူလယ်သမားတွေဟာ ခေတ်အဆက်ဆက် နင်းပြားဘဝကနေ တက်မှာကိုမဟုတ်ဘူး” လို့ သူက ဆက်ပြောတယ်။

လယ်သိမ်းခံထားရတောင်သူလယ်သမားတွေဟာ မိမိတို့လယ်ယာမြေ ပြန်လည်ရရှိရေး မျှော်လင့်ချက်အားလုံးကို ဒီ ၂ဝ၁၂ လယ်ယာမြေ ဥပဒေပါပြဋ္ဌာန်းချက် တွေကြောင့် လုံးဝ လက်လွှတ်ဆုံးရှုံးလိုက်ကြရပြီး အစိုးရနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေ၊ စစ်တပ်၊ အာဏာပိုင်တွေသာ တရားဝင်မှတ်ပုံတင်ခွင့်ရရှိသွားကြတယ်လို့ လယ်သိမ်းခံတောင်သူများကို ကူညီနေတဲ့ ရှေ့နေ ဦးဖိုးဖြူကလည်း သုံးသပ်ပါတယ်။

“ဖြေရှင်းရေးမူဝါဒတွေဟာ တရားမျှတရမယ်၊ တရားမဲ့ လက်လွတ်ဆုံးရှုံးခဲ့သူတွေကို ပြန်ပေးတာမျိုးဖြစ်ဖို့ လိုတယ်။ လက်ငုတ်လုပ်ကိုင်ခဲ့တဲ့သူတွေကို ပေးရမယ်လို့ မပါတဲ့အခါ တရားမျှတမှု မရှိတော့ဘူးပေါ့” လို့ ဦးဖိုးဖြူက ဆိုပါတယ်။

ဦးသိန်းညွန့်ကလည်း အလုပ်သမားဥပဒေတွေမှာ  အလုပ်ရှင်တွေဘက်ကို အခွင့်အရေးပိုပေးထားတာတွေကို တွေ့ရတယ်လို့ သုံးသပ်ပါတယ်။   အလုပ်ရှင်တွေဘက်က သတ်မှတ် စည်းကမ်းတွေကို ဖောက်ဖျက်တဲ့အခါ  ငွေဒဏ်သာ ချမှတ်ဖို့ ပြဋ္ဌာန်းထားတယ်လို့ ထောက်ပြပါတယ်။

“ငွေဒဏ်လောက်ကတော့ဗျာ။ ဘယ်အလုပ်ရှင်ကမှ ဂရုမစိုက်ဘူး။ သူတို့ကို ထောင်ဒဏ်တို့ ဘာတို့သာ သတ်မှတ်ကြည့်လိုက်။ သူ တို့ ဘယ်လိုလုပ် ချိုးဖောက်ရဲတော့မှာလဲ” လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

ဒါပေမယ့် လွှတ်တော်မှာ ခေတ်နဲ့ မလျော်ညီတော့တဲ့၊ ပြည်သူတွေရဲ့ အကျိုးကို အကာအကွယ်မပေးနိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်၊ ဖျက်သိမ်းနိုင်ခဲ့သေးတယ်လို့ ဦးသိန်းညွန့်က ထောက်ပြပါတယ်။

မရွှေ့ပြောင်းနိုင်သောပစ္စည်းများဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အခွန်ဥပဒေ၊ ဗဟိုဘဏ်ဥပဒေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ စတဲ့ ဥပဒေတွေမှာ ပြည်သူတွေအတွက် တကယ်လက်တွေ့ကျပြီး နိုင်ငံအကျိုးကို ဖြစ်ထွန်း စေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ခဲ့တာလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ဥပဒေသစ်တချို့က စံနှုန်းနဲ့ ကိုက်ညီရဲ့လား

အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ အများစု ထောက်ခံကြိုဆိုတဲ့ အငြင်းပွားစရာ “မျိုးစောင့်ဥပဒေ”များကလည်း ကိုယ့်အမျိုး သားရေးအတွက် ကောင်းမွန်တဲ့ကိစ္စဆိုပေမယ့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မဖြစ်သင့်တဲ့ဥပဒေ တွေဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တာမွေမြို့နယ် ကိုယ်စားလှယ် ဦးဝင်းထိန်က သုံးသပ်တယ်။ သူဟာလည်း ၂ဝ၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကနေ ထပ်မံယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တော့ပါဘူး။

လူဦးရေတိုးပွားနှုန်းထိန်းညှိမှုဆိုင်ရာ ဥပဒေဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုဘက်ကို ဦးစားပေးတဲ့သဘောမျိုးမဟုတ်ဘဲ လူတစ်ကွက်ကိုပစ်မှတ်ထားလုပ်တဲ့ပုံပေါ်နေတယ်။ တစ်လင်တစ်မယားစနစ် ဥပဒေဆိုရင်လည်း ကောင်းမွန်ပေမယ့် အိမ်ထောင်ရေးတည်မြဲဖို့နဲ့ လူမှုရေး ရှုပ်ထွေးမှုတွေဖြေရှင်းဖို့က ဥပဒေ အသစ်နဲ့ ထိန်းချုပ်ဖို့ထက် ရှိရင်းစွဲဥပဒေတွေ ကိုသာ အဓိကခေတ်နဲ့လျော်ညီအောင် ပြုလုပ်သင့်တယ်လို့ သူက သုံးသပ်ပါတယ်။

 ပြဋ္ဌာန်းထားပြီးတဲ့ ဥပဒေတွေမှာ အိုးကွဲ အိမ်ကွဲနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေဟာ ခေတ်နဲ့ မလျော်ညီတော့ဘူး၊ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေကို ဥပဒေနဲ့ များများ ခံစားခွင့်ပေးလိုက်ရင် ပိုကောင်းမယ်လို့ သူက သုံးသပ်ပါတယ်။

ကိုးကွယ်ရာဘာသာကူးပြောင်းခွင့်ဆိုင်ရာ ဥပဒေကလည်း လူသားအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးကို တားဆီးပိတ်ပင်တဲ့သဘောမျိုး ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။

“ဒါတွေက မဖြစ်သင့်တဲ့ အခြေအနေမှာ ဖြစ်အောင်လုပ်လိုက်သလိုဖြစ်နေတယ်။ ပြောရရင် ကြံ့ခိုင်ရေးပါတီကို ထောက်ခံဖို့ အကြိုဥပဒေတွေ ပြဋ္ဌာန်းပေးလိုက်တဲ့ သဘောမျိုးဖြစ်နေတယ်” လို့ သူက ဆက်ဆိုတယ်။

အမျိုးသားပညာရေး ဥပဒေဆိုရင်လည်း မြန်မာတစ်နိုင်ငံလုံးက ပညာရေးအသိုင်းအဝိုင်းတွေက ကန့်ကွက်တာတွေ၊ နောက်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဆန္ဒပြ သပိတ်မှောက်ခဲ့ပြီး သပိတ်မှောက် ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးရုံးထုတ်တဲ့အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ လွှတ်တော်က ပထမအမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပေမယ့်လည်း သ ပိတ်မှောက် ကျောင်းသားတွေတောင်းဆိုခဲ့တဲ့ အချက်တွေ ပါဝင်မှု အလွန်အားနည်းခဲ့တယ်၊ ကျောင်းသားအသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်က မလွတ်လပ်၊ ကျောင်းသားထုတစ်ရပ်လုံးအပေါ် သက်ရောက်မှုမရှိ၊ ရှိရင်းစွဲ ကျောင်းသားသမဂ္ဂတွေကို အသိအမှတ်မပြု၊ ဒီမိုကရေစီပညာရေးစနစ်နဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ပညာရေးဥပဒေကို ဆန္ဒပြတဲ့အတွက် ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ ကိုမြတ်သူက ပြောပါတယ်။

“ဦးသိန်းစိန်အစိုးရနဲ့ ကြံ့ခိုင်ရေးအမတ်များတဲ့လွှတ်တော်က သပိတ်စစ်ကြောင်းနဲ့ ညှိနှိုင်းစဉ်က သဘောတူထားတဲ့အချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တယ်။ ကျောင်းသားတွေကို ထောင်ထဲထည့်တယ်” လို့ ကိုမြတ်သူက ဆိုပါတယ်။

အပြောလွယ် အလုပ်ခက်တဲ့ ဥပဒေပြင်ဆင်ရေး

အမျိုးသားလွှတ်တော်  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) ကနေ ရွေးကောက်ခံရတဲ့  NLD ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ၂ဝ၁၅ အနိုင်ရ အမတ်တွေရဲ့ လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်နိုင်ဖို့အတွက် တတ်သိပညာရှင်တွေနဲ့ တိုင်ပင်မှုမယ်လို့  ပြောပြပါတယ်။

သူဟာ ယခင်ကတည်းက တောင်သူလယ်သမားရေးရာကိစ္စတွေ ဆောင်ရွက်ခဲ့တဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိ မြေယာဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေတွေဟာ အားနည်းချက်များစွာ ရှိနေသေးတာကို တွေ့ထားတယ်လို့ ပြောပါတယ်။

“မြေယာဥပဒေတွေဆိုရင်ဗျာ၊ ရာနဲ့ချီတဲ့ ဥပဒေတွေရှိတယ်၊ တစ်ခုနဲ့တစ်ခုကလည်း ဆက်စပ်နေတယ်။ ဥပဒေ ကိစ္စတွေက အပြောသာ လွယ်တာ၊ လက်တွေ့လုပ်ဖို့ တော်တော် ခက်ခဲ နေသေးတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ထိန်းချုပ်ထားတဲ့ အပိုင်းတွေကလည်း အများကြီးရှိသေးတယ်” လို့ ဦးဘမျိုးသိန်းက ဆိုပါတယ်။      ။

(အလုပ်သင် သတင်းထောက် ကေဇွန်နွေး ဝိုင်းဝန်း ကူညီ ရေးသားသည်)

Show More

Related Articles

Back to top button