သတင်း

ရွေးကောက်ခံ အတိုက်အခံကိုယ်စားလှယ်မဲ့ တိုင်းလွှတ်တော် ၅ ခု ရှိလာမည်

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲတွင် မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတွင် တိုင်းလုံးကျွတ်အနိုင်ရရှိခဲ့သဖြင့် လာမည့်လွှတ်တော်သက်တမ်းအတွင်း ရွေးကောက်ခံ အတိုက်အခံကိုယ်စားလှယ်မပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော် ၅ ခု ရှိလာမည်ဖြစ်သည်။ 

ထိုကဲ့သို့ အတိုက်အခံမရှိသည့် လွှတ်တော်များသည် တိုင်းအစိုးရကို ထိန်းကျောင်းသည့် အပိုင်းတွင် အားနည်းသွားဖွယ်ရှိသည်ဟု လွှတ်တော်နှင့် နိုင်ငံရေးပွင့်လင်းမြင်သာမှု လေ့လာစောင့်ကြည့်သည့် အာနန္ဒာအဖွဲ့ ဒါရိုက်တာ ကိုထင်ကျော်အေးက ဆိုသည်။ 

“တိုင်းလုံးကျွတ်နိုင်တဲ့ တိုင်းတွေ ပိုများလာတဲ့အခါကျတော့ (အစိုးရကို) စိစစ်ထိန်းကျောင်းမှုပိုင်းမှာ အားနည်းသွားမလား ဆိုတာကတော့ စိုးရိမ်စရာတော့ ရှိတယ်” ဟု ကိုထင်ကျော်အေးက ထောက်ပြသည်။ 

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ပါတီတစ်ခုတည်းမှ လွှတ်တော်ကိုယ်စားလှယ်များသာရှိသည့် တိုင်းလွှတ်တော်များထက် အခြားပါတီများမှ ကိုယ်စားလှယ်များဖြင့်ပါ ဖွဲ့စည်းထားသည့် လွှတ်တော်များက အစိုးရကို စိစစ်ထိန်းကျောင်းနိုင်မှု ပိုမိုအားကောင်းခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ထိုကဲ့သို့ အတိုက်အခံမရှိသည့် လွှတ်တော်များတွင် လွှတ်တော်ဥက္ကဋ္ဌ၏ အခန်းကဏ္ဍသည် အရေးကြီးလာပြီး သဘောထားပျော့ပျောင်းသူအစား အစိုးရကို စိစစ်ထိန်းကျောင်းမှုလုပ်နိုင်သည့် ဥက္ကဋ္ဌမျိုးကိုသာ ရွေးချယ်သင့်သည်ဟု ကိုထင်ကျော်အေးက အကြံပြုသည်။ 

NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင်သာ တိုင်းလုံးကျွတ်အနိုင်ရရှိခဲ့ပြီး ကျန် ပဲခူး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် အခြား အတိုက်အခံပါတီအချို့ အနိုင်ရခဲ့ပြီး ယင်းတိုင်းလွှတ်တော်များတွင် အတိုက်အခံကိုယ်စားလှယ်အချို့ ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ဖြစ်တည်လာခဲ့သည့် လက်ရှိတိုင်းလွှတ်တော်အသီးသီး၏ ဆောင်ရွက်ချက်များကို သုံးသပ်ကြည့်လျှင် အတိုက်အခံရှိသော်လည်း အစိုးရကို ထိန်းကျောင်းရာတွင် သိသာထင်ရှားသည့် လုပ်ဆောင်မှုမျိုး မရှိသည့် လွှတ်တော်များလည်းရှိသည်။

လက်ရှိ မန္တလေးတိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ၅၇ ဦးအနက် အတိုက်အခံကိုယ်စားလှယ် ၉ ဦးရှိ သော်လည်း အစိုးရကိုထိန်းကျောင်းသည့် မေးခွန်းမျိုးထက် ဒေသဖွံ့ဖြိုးရေးဦးစားပေးသည့် မေးမြန်းမှုမျိုးကိုသာ တွေ့ရသည်ဟု မန္တလေးတိုင်းလွှတ်တော် စောင့်ကြည့်လေ့လာရေး လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ကနောင်အင်စတီကျုမှ ဒါရိုက်တာ ကိုသန်းမြတ်စိုးက ဆိုသည်။ 

အလားတူပင် ဧရာဝတီတိုင်း လက်ရှိလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၅၄ ဦးအနက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၃ ဦးပါဝင်သော်လည်း အတိုက်အခံအနေဖြင့် ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်မှုမျိုးမရှိဟု ကျောင်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင်မူ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်များက အများစုဖြစ်ပြီး အာဏာရ NLD ပါတီကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များမှာ အနည်းစုဖြစ်သည်။ ANP ပါတီမှ ဦးစံကျော်လှ ဦးဆောင်သည့် လွှတ်တော်နှင့် NLD ပါတီမှ ဦးညီပု ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သည့် ပြည်နယ်အစိုးရတို့ကြား အားပြိုင်မှုနှင့် တင်းမာမှုတို့ ရှိခဲ့သည်။

အစိုးရအပေါ် ထိန်းကျောင်းခြင်း အနေဖြင့် လွှတ်တော်က ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့ခြင်း၊ စီမံ၊ ဘဏ္ဍာ၊ အခွန်နဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။ 

လွှတ်တော်ကိုယ်စားလှယ် အရေအတွက် အနည်းဆုံးဖြစ်သည့် ကယားပြည်နယ်လွှတ်တော်တွင်လည်း အာဏာရ NLD ပါတီကိုယ်စားလှယ် ၁၀ ဦး၊ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၄ ဦးနှင့် တိုင်းရင်းသားကိုယ်စားလှယ် ၁ ဦး ရှိခဲ့ပြီး အတိုက်အခံအားကောင်းသည့် ပြည်နယ်လွှတ်တော်တစ်ခုဟု ဆိုနိုင်သည်။ 

အာဏာရပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အတိုက်အခံကိုယ်စားလှယ်များသည် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးအလွဲသုံးမှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခဲ့ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သည်။ 

ဦးအယ်လ်ဖောင်းရှိုသည်လည်း လွှတ်တော်၌ စွပ်စွဲပြစ်တင်ခံရကာ တာဝန်မှရပ်စဲခံခဲ့ရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ယင်းဖြစ်စဉ်သည် လွှတ်တော်လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သော်လည်း အစိုးရကို ထိန်းကျောင်းမှုတွင် လွှတ်တော်၏ အခန်းကဏ္ဍကို ထင်ရှားစေခဲ့သည်။ 

တစ်ဖက်တွင်မူ အတိုက်အခံကိုယ်စားလှယ် မပါဝင်သော်လည်း အစိုးရကို ထိန်းကျောင်းနိုင်ခဲ့သည့် လွှတ်တော်များလည်း ရှိနေသည်။ လက်ရှိတနင်္သာရီနှင့် မကွေးတိုင်းလွှတ်တော်တို့တွင် အခြားပါတီမှ အတိုက်အခံကိုယ်စားလှယ် မပါဝင်သော်လည်း မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်း၊ အဆိုပြုခြင်းတို့ဖြင့် အစိုးရကို ထိန်းကျောင်းနိုင်ခဲ့သည်ဟု ထိုလွှတ်တော်များမှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့များက ဆိုသည်။  

အတိုက်အခံပါတီကိုယ်စားလှယ် မရှိဘဲ အာဏာရ NLD ပါတီကိုယ်စားလှယ်များသာ လွှမ်းမိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ကို အရေးယူနိုင်သည်အထိ စောင့်ကြည့်ထိန်းကျောင်းနိုင်ခဲ့သည်။

အတိုက်အခံလွှတ်တော်အမတ်များ မပါဝင်သော်လည်း လွှတ်တော်ရေးရာကော်မတီများ အားကောင်းသည့်အတွက် ထိုကဲ့သို့ အစိုးရကို ပီပီပြင်ပြင် ထိန်းကျောင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က သုံးသပ်သည်။ 

ထားဝယ်လေယာဉ်ကွင်း ချုံရှင်းလင်းခြင်းလုပ်ငန်းအတွက် ကျပ် သိန်း ၄,၀၀၀ အသုံးပြုရာတွင် တစ်ဧကအတွက် ရှင်းလင်းစရိတ် မည်မျှကုန်ကျကြောင်း တိတိကျကျမဖော်ပြဘဲ သုံးစွဲထားသည့်အပေါ် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက တိုင်းလွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထိုလေယာဉ်ကွင်းချုံနွယ်ရှင်းလင်းရေးအမှုမှစ၍ ဝန်ကြီးချုပ်၏ အဂတိလိုက်စားမှုများကို တိုင်ကြားခြင်းများ ပေါ်ပေါက်လာခဲ့ပြီး ဒေါ်လဲ့လဲ့မော်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

ထိုကဲ့သို့ ရွေးကောက်ခံ အတိုက်အခံကိုယ်စားလှယ် မရှိသည့် တနင်္သာရီနှင့် မကွေးတိုင်းလွှတ်တော်များတွင် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်များ ရှိသော်လည်း ၎င်းတို့သည် အတိုက်အခံမဟုတ်ဘဲ လွှတ်တော်ကော်မတီများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့်သာ ပူးပေါင်းလုပ်ဆောင်သည်ဟု ယင်းဒေသများရှိ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ထိုကြောင့် လွှတ်တော်ရေးရာကော်မတီများ ပိုမိုအားကောင်းလာစေရန် ငွေကြေး၊ လူအင်အား အရင်းနှီးများ ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု လွှတ်တော်စောင့်ကြည့်လေ့လာရေးလုပ်ဆောင်သူများက အကြံပြုသည်။ 

အတိုက်အခံမရှိမည့် လွှတ်တော်များတွင် အာဏာရပါတီကိုယ်စားလှယ်များသည် ဥပဒေပြုခြင်း၊ မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်းတို့ဖြင့် အစိုးရကို ထိန်းကျောင်းဖွယ်ရှိနိုင်သော်လည်း ပါတီက ချမှတ်ထားသည့် မူဝါဒလမ်းကြောင်းအပေါ် ပြန်လှန်မေးခွန်းထုတ်ရဲသည့် လွှတ်တော်မျိုး မျှော်လင့်နိုင်ဖွယ်မရှိဟု ကိုထင်ကျော်အေးက မှတ်ချက်ပြုသည်။

“နောက်ပိုင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပိုပြီးတော့ ဘယ်လိုပုံစံမျိုး သွားနိုင်သလဲဆိုရင်… ပိုပြီးတော့ ပါတီရဲ့မူဝါဒကို မေးခွန်းမထုတ်ဘဲနဲ့ မဲဆန္ဒနယ်အရေးတွေ မေးခွန်းထုတ်တဲ့အပိုင်းမှာ ပိုများများ လုပ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

Show More

Related Articles

Back to top button