
၂၀၂၁ ဇန်နဝါရီ ၃၁ အထိ သက်တမ်းရှိသေးသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပတော့မည်မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ပေါ်ပေါက်လာမည့် တတိယအကြိမ်အစည်းအဝေးများကို ဖေဖော်ဝါရီပထမပတ်တွင် စတင်ပြုလုပ်ရန် လွှတ်တော်တာဝန်ရှိသူများက ဆုံးဖြတ်လိုက်သည်။
နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်၌ ယမန်နေ့ (ဒီဇင်ဘာ ၇) တွင် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လပိုင်းသက်တမ်း ကျန်ရှိနေသေးသည့် ဒုတိယအကြိမ်လွှတ်တော်အတွက် အစည်းအဝေးများ ခေါ်ယူတော့မည်မဟုတ်ကြောင်း အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးက Myanmar Now ကို အတည်ပြုသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအစကကဲ့သို့ ကိုယ်စားလှယ်အဟောင်းနှင့်အသစ် ပူးပေါင်းတက်ရောက်ရသည့် လွှတ်တော်အစည်းအဝေးများ၊ နှုတ်ဆက်ကြိုဆိုပွဲများကိုလည်း ကိုဗစ်ကပ်နိုင်တင်းကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် ယခုကာလတွင် ပြုလုပ်တော့မည်မဟုတ်ဟု ၎င်းက ဆိုသည်။
“(အာဏာအလွှဲအပြောင်းလုပ်ရမည့်) ပါတီ အတူတူပဲဆိုတော့ သာမန်အစီအစဉ်ပဲ ရှိမယ်။ (လွှတ်တော်) ဥက္ကဋ္ဌ၊ နာယက ရွေးချယ်တင်မြှောက်၊ အစိုးရဖွဲ့၊ ဒီအစီအစဉ်ပဲ ရှိမယ်” ဟု ဦးလွင်ဦးက ပြောသည်။
နိုဝင်ဘာ ၈ တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည့် ပြည်ထောင်စုအဆင့် (ပြည်ထောင်စု၊ ပြည်သူ၊ အမျိုးသား) လွှတ်တော်များ အောင်မြင်စွာကျင်းပနိုင်ရန် အဆိုပါအစည်းအဝေး၌ ကြိုတင်ညှိနှိုင်းခဲ့ကြကြောင်း ပြည်ထောင်စုလွှတ်တော်ကလည်း သတင်းထုတ်ပြန်ထားသည်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေးများ ဆုံးရှုံးရသည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရခြင်းမရှိသည့် လက်ရှိလွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။
“မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အလုပ်တစ်ခုလို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ လွှတ်တော်သက်တမ်းတစ်ခုက ပြီးဆုံးတဲ့အထိတော့ လုပ်ဖို့လိုတယ်။ တင်ထားတဲ့မေးခွန်းတွေ၊ အဆိုတွေအများကြီး ကျန်သေးတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်၌ပင် ထပ်မံယှဉ်ပြိုင်ခဲ့သေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။
ဦးသောင်းအေးသည် သြဂုတ်လအတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခု၌ အစိုးရက ကျပ်သန်း ၆,၀၀၀ ကျော် အကုန်အကျခံကာ လူမှုကွန်ရက်စောင့်ကြည့်သည့် လုပ်ငန်းစဉ်ကို ရှင်းပြပေးရန် အဆိုတစ်ရပ်တင်သွင်းထားသူဖြစ်ပြီး လက်ရှိလွှတ်တော်သက်တမ်းအတွက် အစည်းအဝေးမခေါ်တော့သည့်အတွက် ဆွေးနွေးခွင့်ဆုံးရှုံးရမည်ကို စိတ်ပျက်မိကြောင်း ၎င်းက ပြောသည်။
အလားတူပင် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း ဒုတိယအကြိမ်နှင့် တတိယအကြိမ်လွှတ်တော်သက်တမ်းကြားကာလအတွင်း မေးခွန်းနှင့် အဆိုများတင်ပြီးဖြစ်သည့် ကိုယ်စားလှယ်တို့၏ ပြည်သူ့ကိုယ်စားပြုမှု အခန်းကဏ္ဍ လျော့ပါးရသည်ဟု ဝေဖန်သည်။
“ဒါတွေကို လက်စသတ်ဖို့ တစ်ကြိမ်လောက်တော့ ခေါ်သင့်သေးတာပေါ့။ မခေါ်ဘူးဆိုရင်လည်း သူတို့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ပဲလေ။ ကျွန်တော်တင်ထားတာ အများကြီးရှိပါတယ်။ ဒါလည်း မမျှော်လင့်တော့ပါဘူး။ သူတို့ စာနဲ့ အကြောင်းပြန်ချင်လည်း ပြန်ပေါ့” ဟု ဦးဖေသန်းက ပြောသည်။
၎င်းသည်၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မြေပုံမဲဆန္ဒယ်၌ပင် ထပ်မံယှဉ်ပြိုင်ရန် ရှိသော်လည်း လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသည်။
တင်သွင်းပြီး မေးခွန်း၊ အဆိုများနှင့်စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ စာဖြင့် အကြောင်းပြန်ကြားထားကြောင်း အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးကဆိုသော်လည်း မဆွေးနွေးရသေးသည့် မေးခွန်းနှင့်အဆို အရေအတွက်မည်မျှရှိသည်ကိုမူ အတည်မပြုနိုင်သေးပေ။
လက်ကျန်လွှတ်တော်သက်တမ်းအတွင်း အစည်းအဝေးမခေါ်တော့ဘဲ လွှတ်တော်အသစ် ခေါ်ယူကျင်းပရန်စီစဉ်ခြင်းမှာ ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း လွှတ်တော်များ၏ စွမ်းဆောင်ရည်ကို လေ့လာစောင့်ကြည့်နေသည့် အာနန္ဒာဒေတာအဖွဲ့၏ ဒါရိုက်တာ ဦးထင်ကျော်အေးက မှတ်ချက်ပြုသည်။
“အခုက အနိုင်ရပါတီကလည်း တစ်ပါတီတည်း ဖြစ်တယ်။ ကိုဗစ်ကာလလည်း ဖြစ်နေတယ်ဆိုတော့ အခမ်းအနားနဲ့ အရင်လို နှုတ်ဆက်စကားတွေ ဘာတွေ ပြောတာ မလုပ်တော့ဘဲနဲ့ လွှတ်တော်အသစ်ကို တန်းပြီးခေါ်လိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားမယ့်သဘောပေါ့။ သက်ရောက်မှုတော့ ကြီးကြီးမားမားမရှိပါဘူး” ဟု ကိုထင်ကျော်အေးက ပြောသည်။
လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင်လည်း လွှတ်တော် အဟောင်းနှင့်အသစ်တို့ ကူးပြောင်းရာတွင် မည်သို့သောအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိပေ။
လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်အခါ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သဘာပတိအဖြစ် တင်မြှောက်ရမည်ဟုသာ ပြဋ္ဌာန်းထားသည်။