လွန်ခဲ့သောနှစ်ရက်က လွှတ်တော်အတွင်း တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်အချို့၏ ဆွေးနွေးချက်အချို့ကို မှတ်တမ်းမှ ပြန်လည် ပယ်ဖျက်မည်ဟု နာယက ဦးတီခွန်မြတ်က ယနေ့ကြေညာလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ဆုံးရှုံးစေခဲ့သည့် လက်ရှိအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ ခန့်ထားရာတွင်ပါ တိုးချဲ့ကန့်သတ်ရန် တပ်မတော်ကတင်သွင်းထားသည့် အခြေခံဥပဒေပြင်ဆင်ချက်နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများကို နာယကက ရည်ညွှန်းခြင်းဖြစ်သည်။
အဆိုပါနေ့က ပါတီအသီးသီးနှင့် တပ်မတော်မှ ကိုယ်စားလှယ် ၁၅ ဦးဆွေးနွေးခဲ့ကြပြီး ၎င်းတို့အနက် ၅ ဦး၏ ဆွေးနွေးချက်အချို့မှာ မှတ်တမ်းတင်ခံရမည်မဟုတ်ဟု နာယကက အသိပေးခြင်းဖြစ်သည်။
ဆွေးနွေးချက်အချို့သည် လွှတ်တော်ဆုံးဖြတ်ချက်နှင့် ဖွဲ့စည်းထားသည့် လွှတ်တော်အဖွဲ့အစည်းတစ်ရပ်(၄၅ဦးကော်မတီ)၏ ဆောင်ရွက်မှုများကို ပုတ်ခတ်ပြောဆိုမှုများ၊ ဥပဒေ၊ နည်းဥပဒေများကိုလိုက်နာမှု အားနည်းသည့်အပြင် နာယကအပေါ် စွပ်စွဲပုတ်ခတ် ပြောဆိုမှုများ ပါ၀င်သည့်အတွက် မှတ်တမ်းအဖြစ်မှ ပြန်လည်ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတီခွန်မြတ်ကဆိုသည်။
ပယ်ဖျက်ခံရသည့် စကားရပ်များထဲတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုး၏ “မူဝါဒစနစ်ခိုင်မြဲစွာ သတ်မှတ်ထား ခြင်းမရှိ” ၊ “ကောင်းနိုးရာရာ မူဝါဒများချမှတ်၍ စမ်းတဝါးဝါးလုပ်နေသည်” ၊ “မရောင်ရာဆီလူး ဝေ့လည်ကြောင်ပတ် လုပ်နေသည်” တို့ပါဝင်သည်။
အခြားသော တပ်မတော်သားများဖြစ်သည့် ဗိုလ်မှူးဇင်မျိုးလတ်၊ ဗိုလ်ကြီးသန်းသန်းဝင်းနှင့် ဗိုလ်ကြီးသဇင်လှိုင်တို့၏ ပူးပေါင်းကော်မတီအပေါ် အလားတူ သုံးနှုန်းပြောဆိုမှုအချို့သည်လည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရမည်ဖြစ်သည်။
ထို့အတူ ပြည်ခိုင်ဖြိုးပါတီ၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်၏ လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမပြဋ္ဌာန်းနိုင်သေးခြင်းမှာ “သွေးရိုးသားရိုး ဟုတ်ရဲ့လား” ဟူသော မေးခွန်းပါဝင်သည့် စကားရပ်တစ်ခုလုံးကိုလည်း ပယ်ဖျက်မည်ဖြစ်သည်။
ထို့အပြင် လွှတ်တော်ပြင်ပမှ ပြင်ဆင်မည်ဟူသော ကြုံးဝါးပြောဆိုနေမှုများ၊ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ပူးပေါင်းလုပ်ဆောင်ရန် စဉ်းစားနေသူများ၊ ၂၁ ရာစု ပင်လုံ ညီလာခံမှ တစ်ဆင့် အခြေခံဥပဒေပြင်ဆင်ရန် ဖိအား ပေးနေမှုများကို စိန်ခေါ်သည်ဟူသော အသုံးအနှုန်းများပါဝင်သည့် ဦးမောင်မြင့်၏ ပြောဆိုချက်သည်လည်း ပယ် ဖျက်ခံရမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယကကလည်း အထက်ပါ ကိုယ်စားလှယ် ၅ဦး၏ ဆွေးနွေးချက်အချို့ကို ကိုယ်စားလှယ်ကျင့်ဝတ်၊ အစည်းအဝေးတွင် လိုက်နာရမည့် စည်းကမ်းများနှင့် ညီညွတ်မှုမရှိဟု သတ်မှတ်ကြောင်းပြောသည်။
ထို့အပြင် လွှတ်တော်၏ ဆောင်ရွက်မှုများနှင့် နာယကအပေါ် ပုတ်ခတ်ပြောဆိုသကဲ့သို့ဖြစ်နေခြင်း၊ အထင်အမြင် မှားစေနိုင်ခြင်း၊ မသင့်တော်သောအသုံးအနှုန်းများပါဝင်ခြင်း၊ ဆွေးနွေးသည့်ကိစ္စနှင့် တိုက်ရိုက်မသက်ဆိုင်ခြင်း တို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရကြောင်း ဦးတီခွန်မြတ်က ပြောသည်။
ဦးမောင်မြင့်က “မှတ်တမ်းမှာပါခြင်းမပါခြင်းက အရေး မကြီးပါဘူး၊ လွှတ်တော်ထဲမှာပြောလိုက်ရတာပဲ၊ ဆွေးနွေးစဉ် သတိပေးလို့ရရဲ့သားနဲ့ ရက်အတန်ကြာမှ အခုလို ပြောတာ သူ့ရဲ့(နာယက)ရဲ့ ဆုံးဖြတ်ချက်ဟုတ်လို့လား” ဟု Myanmar Now ကို ပြောသည်။
မဲခွဲ၍ဆုံးဖြတ်မှုများနှင့် ပူးပေါင်းကော်မတီက မည်သည့်အချိန်မှ တင်သွင်းလာမည်မသိရသေးသော ဥပဒေကြမ်းနှင့် တစ်ပြိုင်တည်းဆောင်ရွက်မည့်အပေါ်တပ်နှင့်ကြံ့ခိုင်ရေးတို့က သည်းခံနိုင်မှုမရှိတော့၍ အသုံးအနှုန်းများပြင်းထန်လာဖွယ်ရှိကြောင်း ရခိုင်အမျိုးသားပါတီမှ ကျောက်ဖြူမြို့နယ်အမတ် ဦးဘရှိန်က သုံးသပ်သည်။
“ခံစားချက်တွေပါ ထည့်သွင်းဆွေးနွေးကြတော့ နောက်တစ်ခါ ပြင်းပြင်းထန်ထန်ဖြစ်လာမှာကို နာယကက မဖြစ်စေချင်တဲ့သဘောနဲ့ ကြိုပြီးအသိပေးထားတဲ့သဘောပါ”ဟု Myanmar Now ကို ၎င်းကပြောသည်။
ယနေ့အစည်းအဝေးတွင် ပူးပေါင်းကော်မတီကတင်သွင်းလာမည့် ဥပဒေကြမ်းနှင့် ဗိုလ်မှူးချုပ်မောင်မောင်၏ ပြင်ဆင်လိုချက်တို့ကို တစ်ပြိုင်တည်း ဆွေးနွေးဆုံးဖြတ်ရန် သဘောတူမတူကိုပါ တစ်ပါတည်းမဲခွဲသည်။
ကန့်ကွက်မဲ ၁၉၂ မဲသာရှိပြီး ထောက်ခံမဲ ၃၆၂ မဲဖြစ်၍ သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်သည်။