သတင်း

အမတ်ငါးဦး၏ အသုံးအနှုန်းအချို့ လွှတ်တော်မှတ်တမ်းမှ ထပ်မံပယ်ဖျက်ခံရပြန်

အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးချက်အချို့တွင်ပါသည့် စကားရပ်အချို့မှာ ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကိုအလွဲသုံးကြောင်း ယူဆနိုင်၍ မှတ်တမ်းမှ ပြန်လည်ပယ်ဖျက်မည်ဟု နာယက ဦးတီခွန်မြတ်က ယနေ့ကြေညာသည်။

တပ်မတော်ကြီးစိုးသည့် အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်များထပ်မံတိုးချဲ့နိုင်ရေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုင်းသန်းနိုင်တင်သွင်းထားသော အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အတွင်း ပါတီစုံမှ အမတ်အချို့၏ ဆွေးနွေးချက်အချို့ကို ဦးတီခွန်မြတ်က ရည်ညွှန်းခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးအမတ်၏ အထက်ပါပြင်ဆင်လိုချက်ကို ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ဆောင်ရွက်နေသည့် ၄၅ ဦးကော်မတီက တင်သွင်းလာမည့် ဥပဒေနှင့် တစ်ပြိုင်တည်းယှဉ်တွဲ ဆုံးဖြတ်ရန် မူကြမ်း စိစစ်ရေးကော်မတီက အကြံပြုတင်ပြချက်အပေါ် အဆိုပါနေ့က ဆွေးနွေးကြခြင်းဖြစ်သည်။

ထိုနေ့က စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ကြပြီး အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် တပ်မတော်တို့အကြား အပြန်အလှန်ကန့်ကွက်မှုများ လေးကြိမ်ထက် မနည်းပေါ်ပေါက်ခဲ့သေးသည်။ ယင်းအချိန်ကတည်းက ဆွေးနွေးချက်များကို စကားလုံးတစ်လုံးချင်းစီ ပြန်လည်စိစစ်ရန်ရှိသည်ဟု နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်သို့ အသိပေးထားပြီးလည်းဖြစ်သည်။

ယင်းနောက် ဒီဇင်ဘာ ၉ ရက် (ယနေ့) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် လွန်ခဲ့သော လေးရက်က ဆွေးနွေးချက်များကို ပြန်လည်စိစစ်ရာ၌ မှတ်တမ်းက ပယ်ဖျက်ခံရမည့် စကားရပ်အချို့ တွေ့ရှိကြောင်း ဦးတီခွန်မြတ်က အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ပယ်ဖျက်ခံရမည့်စကားရပ်များကို ပြောကြားခဲ့သူများထဲတွင် NLD မှ အမျိုးသားလွှတ်တော်အမတ် ဒေါ်အိအိပြုံးနှင့် ထီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြတ်လေးဦး၊ ကြံ့ခိုင်ရေးမှ မင်းကင်းအမတ် ဦးမောင်မြင့်၊ တပ်မတော်ကိုယ်စားများထဲမှ ဒုတိယဗိုလ်မှူးကြီးမျိုးထွန်းအောင်နှင့် ဗိုလ်မှူးအောင်နိုင်ဦး တို့ ဖြစ်သည်။

NLD အမတ် နှစ်ဦး၏ ပယ်ဖျက်ခံရမည့် ဆွေးနွေးချက်များတွင် ၄၅ ဦးကော်မတီ၏ လုပ်ငန်းစဉ်နှင့်အပြိုင် အခြေခံဥပဒေပြင်ဆင်ချက်များတင်သွင်းသည့် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့၏ လုပ်ရပ်မှာ ရိုးသားမှုအပေါ် သံသယဖြစ်ဖွယ်ကောင်းကြောင်းဆိုသည့် စကားရပ် ပါဝင်သည်။

ထို့အတူ အခြေခံဥပဒေပြင်ဆင်ရာတွင် ‘အာဏာရှင်ခေတ်ကကဲ့သို့ အမျိုးသားလုံခြုံရေးကဲ့သို့သော ကိစ္စရပ်များကို ရှေ့တန်းမတင်သင့်’ ဟူသော စကားရပ်မျိုးသည်လည်း မှတ်တမ်းမှ ပြန်လည်ပယ်ဖျက်ခံရမည်ဖြစ်သည်။

အလားတူ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့၏ “ဒီမိုကရေစီအနိုင်ကျင့်သည်” ဆိုသော စကား၊ ၄၅ ဦး ကော်မတီကို ဝေဖန်ပြောဆိုမှုများ၊ နိုဝင်ဘာ ၂၈ ရက်က ယခုကဲ့သို့ပင် မှတ်တမ်းမှာ ပယ်ဖျက်ခံရဖူးသည့် စကားရပ်အချို့ကို ပြန်လည်ကိုးကားပြောဆိုချက်များလည်းပါဝင်သည်။

အဆိုပါဖြစ်စဉ်မျိုးသည် အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးနေသည့် ပြည်ထောင်စုလွှတ်တော်၌ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒုတိယအကြိမ်ပေါ်ပေါက်ခြင်းဖြစ်ပြီး ယခင်က ပြည်ခိုင်ဖြိုးနှင့် တပ်ကိုယ်စားလှယ်များသာ ကြုံတွေ့ခဲ့ရဖူးသည်။ ယခုတစ်ကြိမ် မှတ်တမ်းပယ်ဖျက်ခံရမည့်သူများထဲတွင်မူ NLD မှ နှစ်ဦးပါ ပါဝင်လာခြင်းဖြစ်သည်။

ထိုသို့ ပယ်ဖျက်ကြောင်းကြေညာပြီးချိန်၌ “အပြန်အလှန်လေးစားမှုထားပြီး ပါတီအဖွဲ့အစည်းတစ်ခုခုကိုသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးကိုသော်လည်းကောင်း ထိခိုက်နစ်နာစေနိုင်တဲ့ ပုဂ္ဂလဓိဋ္ဌာန်စွပ်စွဲပြောဆို ပုတ်ခတ်ပြောဆိုမှုမျိုး မဖြစ်စေရေး” ဂရုပြုကြရန် ဦးတီခွန်မြတ်က မှာကြားသည်။

ယနေ့ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်လည်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် ၁၅ ဦး ဆက်လက်ဆွေးနွေးနေကြသည်။

Show More

Related Articles

Back to top button