သတင်း

၂ဝ၁၁-၂ဝ၁၅ လွှတ်တော်က ထွက်လာတဲ့ ထူးထူးခြားခြား ဥပဒေများ

၁ – ဆက်သွယ်ရေးဥပဒေ

ဆက်သွယ်ရေးဥပဒေကို ၂ဝ၁၃၊ အောက်တိုဘာ ၈ ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း တည်ထောင်ခွင့်ပေးတဲ့  ဥပဒေ ဖြစ်သလို ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြုပြီးတော့ ပစ္စည်းတစ်ခုခုကို ခိုးယူတာ၊ လိမ်လည်အလွဲသုံးစားလုပ်တာ၊ အကျိုးဖျက်ဆီးတာ၊ ခြောက်လှန့့်အနိုင်အထက်ပြုတာ၊ အသရေဖျက်တာ၊ ခြိမ်းခြောက်တာ တွေကို ဥပဒေအရ အရေးယူမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေအရ နိုင်ငံခြားကုမ္ပဏီနှစ်ခုကို တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်တဲ့အတွက် ခေတ်အဆက်ဆက် ကမ္ဘာမှာ ဘယ်နေရာမှာမှ မကြားဖူးအောင် သိန်းဂဏန်းအထိ စျေးမြင့်ခဲ့တဲ့ မိုဘိုင်းဖုန်းကတ်တွေဟာ ၁,၅ဝဝ အထိ ဖြစ်သွားခဲ့ပြီး ဒေသတချို့မှာရှိတဲ့ ကျေးလက်နေ ပြည်သူအများအပြား လက်ကိုင်ဖုန်း သုံးစွဲလာနိုင်ခဲ့ပါတယ်။  လောလောဆယ် ဆက်သွယ်ရေးဥပဒေအရ တရားစွဲခံထားရတဲ့အမှုတွေရှိနေပါတယ်။  နိုင်ငံရေးခေါင်းဆောင်တွေကို  အင်တာနက် လူမှုကွန်ရက်မှာ အပုပ်ချပြောဆိုရေးသားတယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုတွေပါ။
 
၂ – အမျိုးသား ပညာရေး ဥပဒေ

 ၂ဝ၁၄ စက်တင်ဘာ ၃ဝ ရက်နေ့က  ပြဋ္ဌာန်းတဲ့ ဒီဥပဒေဟာ တက္ကသိုလ်၊ ကောလိပ်တွေကို လွတ်လပ်စွာ စီမံခန့် ခွဲပိုင်ခွင့်ရှိလာဖို့၊ အခြေခံ ပညာရေးမှာလည်း အခမဲ့ ပညာရေးစနစ်၊ ကျောင်းသားအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်တို့အပေါ် အခြေခံတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေမှာ ပါတဲ့အချက်တွေဟာ ပညာရေးလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်နေတယ်လို့ ဝေဖန်နေတဲ့ကြားက ဒီဥပဒေကို လွှတ်တော်မှာ ဆွေးနွေး၊ အတည်ပြုလိုက်တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။  ဆန္ဒပြသူတွေကို ရိုက်နှက် ဖမ်းဆီးပြီး တရားစွဲဆိုရာမှာ အမှုတွေက ကနေ့အထိ မပြီးပြတ်သေးပါဘူး။ ၂ဝ၁၅  ဇွန် ၁၈ မှာတော့ ပြည်ထောင်စုလွှတ်တော်က အဲဒီ အမျိုးသားပညာရေးဥပဒေကို ပြန်လည် ပြင်ဆင် ချက်တွေနဲ့ ထပ်မံအတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။
 
၃ – မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ

ဒီဥပဒေကို ၂ဝ၁၂ ခုနှစ် မတ်လ ၃ဝ ရက်နေ့ မှာပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေနဲ့ အတူ ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေအရ မူလ လက်ငုတ်လုပ်ကိုင်တဲ့ တောင်သူတွေဟာ ကိုယ့်လယ်ယာကို မှတ်ပုံတင်ပြီးရင် ပေါင်နှံရောင်းချခွင့်၊ ငှားရမ်း လှဲလှယ်ပိုင်ခွင့်၊ အမွေပေးပိုင်ခွင့်၊ ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းပိုင်ခွင့်၊ နိုင်ငံခြားပါဝင်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခွင့်တွေ ရှိပါတယ်။ ဒီဥပဒေတွေနဲ့အတူ ပေါ်ထွက်လာတဲ့အတွက် မူလလက်ငုတ် လုပ်ကိုင်နေကြတဲ့ တောင်သူ လယ်သမားတွေ  အဆင်ပြေပေမယ့် ယခင်တပ်မတော်အစိုးရလက်ထက် နည်းမျိုးစုံနဲ့ လယ်သိမ်းခံထားရကြတဲ့ သူတွေအတွက်တော့ တစ်စုံတစ်ရာ အကျိုးမဖြစ်ထွန်းပါဘူး။  ဒီဥပဒေတွေနဲ့ အတူတကွ ပေါ်ထွက်လာတာကတော့ နေရာအနှံ့ လယ်သိမ်းဆည်း ခံထားရတဲ့ တောင်သူလယ်သမားတွေရဲ့ ထွန်တုံး တိုက်ပွဲတွေ၊  ဆန္ဒပြပွဲတွေပါပဲ။  တိုင်းနဲ့ ပြည်နယ်အနှံ့ အိုးပိုင်အိမ်ပိုင်မရှိကြတဲ့ ပြည်သူအများအပြား စီမံကိန်းမတည်ဆောက်ရသေး တဲ့နေရာတွေမှာ  ကျူးကျော်နေထိုင်ကြတဲ့ ပြဿနာတွေလည်း ပေါ်ပေါက်လာပါတယ်။
 
၄ – အလုပ်သမား အဖွဲ့အစည်းဥပဒေ

 အခြေခံ အလုပ်သမားအဖွဲ့အစည်းကို လုပ်ငန်း ဒါမှမဟုတ် အလုပ်လုပ်နေတဲ့  အမျိုးအစားအလိုက် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ရှိတာနဲ့ ဖွဲ့စည်းခွင့်ရှိတယ်လို့ ၂ဝ၁၁ အောက်တိုဘာ ၁၁ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ဒီဥပဒေက ဆိုပါတယ်။ လက်ရှိအချိန်အထိ အလုပ်သမားဥပဒေတွေနဲ့ ပတ်သက်ပြီး အနည်းဆုံး လုပ်ခဆိုင်ရာဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊  အလုပ်သမားလူမှုဖူလုံရေး ဥပဒေတွေသာ ပြဋ္ဌာန်းနိုင်ခဲ့သေးပြီး အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ မပြီးဆုံးနိုင်သေးပါဘူး။
စက်ရုံအလုပ်ရုံ အလုပ်သမားတွေအတွက် ဥပဒေအရ အကာအကွယ်မရှိတဲ့ အခြေအနေကို ကျော်လွန်လာပြီ လို့ ပြောနိုင်ပေမယ့်လည်း ဥပဒေချိုးဖောက်တဲ့ အလုပ်ရှင်ကို ဒဏ်ငွေလောက်သာ အပြစ်ပေးနိုင်တာကြောင့်  အလုပ်သမားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ခုတော့ မဟုတ်သေးဘူးလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ဝေဖန်ပါတယ်။
 
၅ – အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

  ၂ဝ၁၃  သြဂုတ် ၇ ရက်နေ့က   ပြဋ္ဌာန်းလိုက်တဲ့  ဒီဥပဒေအရ ဆိုရင် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်တဲ့ ဝန်ထမ်း၊ အရာရှိဟာ ထောင် ၁၅ နှစ် အထိ ကျခံရနိုင်သလို အရပ်သားထဲက  လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူဟာလည်း  ထောင် ၁ဝ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ တိုင်ကြားတဲ့သူဟာလည်း သက် သေအထောက်အထား အတိအကျ ရှိရမှာ ဖြစ်သလို လိမ်လည်တိုင်ကြားခဲ့မယ်ဆိုရင်လည်း ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဒီဥပဒေမျာ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း  ၂ဝဝ ကျော်ရှိလာပြီလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြောပါတယ်။ သို့သော်လည်း အောက်ခြေအဆင့်ဝန်ထမ်းတွေကိုသာ အရေးယူနိုင်ပြီး အဂတိလိုက်စားထားတဲ့ အရာရှိကြီးတွေကို မကိုင်တွယ်နိုင်သေးဘူးလို့ ပြည်တွင်းပြည်ပအဖွဲ့တွေက ဝေဖန်နေ ကြပါတယ်။
 
၆ – ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ

 ၂ဝ၁၁  ဒီဇင်ဘာ ၂ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့  ဒီဥပဒေအရ မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနမှာ  ခွင့်ပြုချက် သွားရောက်လျှောက်ထားရပါမယ်။  ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်တဲ့အခါ ဒီဥပဒေအရေ ထာင်ဒဏ်အပြစ်ပေးအရေးယူခံရမယ် လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေအရ တပ်မတော်အစိုးရလက်ထက်ဆန္ဒပြပွဲတွေကို အပြင်းအထန် နှိမ်နင်းခဲ့တဲ့အခြေအနေကနေ ပြည်သူလူထုဟာ မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်တစ်စုံတစ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီ ဥပဒေနဲ့ ၂ဝဝ၈ အခြေခံဥပဒေမှာပါတဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်  ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့က ကိုက်ညီမှုလုံးဝမရှိဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်ကြသူတွေ ဝေဖန်ပါတယ်။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား အများအပြား ဆန္ဒပြရာမှာ  ဒီဥပဒေနဲ့အညီ ခွင့်ပြုချက်မယူလို့့ဆိုပြီး အရေးယူခံရပါတယ်။
 
၇ – တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေ

ဒီဥပဒေကို ၂ဝ၁၃  ဇူလိုင် ၂၉ ရက်နေ့က ပြင်ဆင်အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ တရားရုံးက ဆုံးဖြတ်ချက်မချမှတ်သေးမီ ကြိုတင်ဝေဖန်ပြောဆိုတာ၊  ရေးသားဖော်ပြတာ၊ ပုံနှိပ်ဖြန့် ချိတာတွေကြောင့် တရားရုံးအပေါ် ပြည်သူတွေ ယုံကြည်မှုလျော့နည်းစေရင်၊ တရားစီရင်မှုကို နှောင့်ယှက်ရင်  ဒီဥပဒေအရ အပြစ်ပေးအရေးယူမယ်လို့ ပြဋ္ဌာန်းထားပါတယ်။  ဒီဥပဒေပြင်ဆင်ချက်ထွက်ပေါ်လာတာကြောင့် ယခင်အစိုးရအဆက်ဆက်က ပြည်သူတွေသာမက ရှေ့နေတွေကိုပါ မထင်ရင်မထင်သလို  တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ အရေးယူခံနေတဲ့ အခြေအနေကနေ လွတ်လပ်ခွင့်တွေ ရလာခဲ့တယ် လို့ ဥပဒေသမား အများအပြားက ယူဆပြီး  ကောင်းမွန်တဲ့ဥပဒေတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ တရားခွင်တွေမှာလည်း လွတ်လပ်ခွင့်တွေ ပိုမိုရရှိလာခဲ့ပါတယ်။
 
၈ – ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ

၂ဝ၁၂  မတ် ၃ဝ ရက်နေ့က ပေါ်ပေါက်လာတဲ့ ဒီဥပဒေမှာ သစ်တော၊ ဓာတ်သတ္တုအပါအဝင် မြေသယံဇာတ၊ မြေအောက်ရေအပါအဝင် ရေသယံဇာတ၊ စိုက် ပျိုးရေးနဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဂေဟစနစ်တွေ၊ သဘာဝနယ်မြေ၊ သားရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံ၊ သဘာဝအပင်၊ အခြားသယံဇာတတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။  ဒီ ဥပဒေကို ပြဋ္ဌာန်းလိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ ကြီးကြပ်ဖို့ ဖြစ်ပေမယ့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတဲ့ ပြည်သူ လက်မခံတဲ့ စီမံကိန်းမျိုးတွေကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ တချို့သော တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။
 
၉ – တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊  လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေ

 မျိုးစောင့်ဥပဒေတွေလို့ လူသိများတဲ့ ဒီဥပဒေတွေကို ၂ဝ၁၅ သြဂုတ်လကုန်မှာ  ပြဋ္ဌာန်းခဲ့ပြီး    ပြည်တွင်းပြည်ပကတုံ့ပြန်သံ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  တစ်လင်တစ်မယား ဥပဒေကို အမျိုးသမီး အများအပြား ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပေမယ့်  ကျန်တဲ့ဥပဒေသုံးခုကတော့ လူ့အခွင့်အရေးစံတွေနဲ့မညီဘူးလို့ ဝေဖန်ခံရပါတယ်။
 
၁ဝ – အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ

၂ဝ၁၄   ဇူလိုင် ၁၈ ရက်နေ့က  ပေါ်ပေါက်လာတဲ့ ဒီဥပဒေအရ ပြည်တွင်း အဖွဲ့ အစည်းများ၊  အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများကို  တရားဝင်မှတ်ပုံတင်ခွင့်ပြုပါတယ်။   ကင်းလွတ်ခွင့်ရရှိတဲ့  အသင်းအဖွဲ့များမှာ ဘာသာရေး၊ သာသနာရေး နဲ့  စီးပွားရေး  သက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ မှတ်ပုံတင်ထားသော နိုင်ငံရေး အဖွဲ့အစည်းများ၊ တည်ဆဲဥပဒေအရ  ဖွဲ့စည်းထားသော အသင်းအဖွဲ့များဖြစ်တယ်လို့ ပြဋ္ဌာန်းထာပါတယ်။ ဒီဥပဒေအရ ဖွဲ့စည်း ခွင့်ရတဲ့ အသင်းအဖွဲ့တွေဟာ ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို  ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု၊ နိုင်ငံတော်က ပေးအပ်တဲ့ အထောက်အပံ့များ၊ နိုင်ငံတကာရဲ့  အထောက်အပံ့ များနှင့် အသင်းအဖွဲ့ရဲ့ အမှတ်တံဆိပ်များမူပိုင်ခွင့်တို့ ရရှိမယ်လို့ု ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့  အသင်းအဖွဲ့တွေအားလုံးဟာ တရားဝင်ရပ်တည်ခွင့်ရခဲ့ပါတယ်။ ယခင် တပ်မတော်အစိုးရလက်ထက်က အသင်းအဖွဲ့တွေ တရားဝင်ရပ်တည်ခွင့်ရဖို့  အင်မတန် ခက်ခဲခဲ့ပါတယ်။ တရားဝင်မှတ်ပုံတင်နိုင်ဖို့ ဌာနအဆင့်အဆင့်ကို အချိန်များစွာပေးပြီး ဖြတ်ကျော်ရပါတယ်။

 အစိုးရနဲ့နီးစပ်တဲ့ အသင်းအဖွဲ့တွေကျတော့  လွယ်လင့်တကူ ရပ်တည်ခွင့်ရကြပြီး  နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားသူတွေ၊ လှုပ်ရှားမှုတွေ ပါဝင်တဲ့အသင်းအဖွဲ့မျိုး ဆိုရင်တော့ နှိပ်ကွပ်ခံခဲ့ရပါတယ်။      ။
 
(အလုပ်သင် သတင်းထောက် ကေဇွန်နွေး ဝိုင်းဝန်း ကူညီ ရေးသားသည်)

Show More

Related Articles

Back to top button