သတင်း

ဦးပိုင်နှင့် MEC ကို အမည်ပျက်စာရင်းသွင်း အရေးယူဒဏ်ခတ်ရန် အမေရိကန်လုပ်ဆောင်

အမေရိကန်သည် အာဏာသိမ်းမြန်မာစစ်တပ်၏ အဓိကဝင်ငွေ ရလမ်းစီးပွားရေးလုပ်ငန်း အင်ပါယာ ကြီးနှစ်ခုဖြစ်သော မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် MEC နှင့် မြန်မာ့စီးပွား​ရေး ဦးပိုင်လီမိတက်တို့ကို အမည်ပျက်စာရင်းသွင်းရန် လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနက ယနေ့ (မတ် ၂၅ ရက်)တွင် ဖော်ပြသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)တို့ကို အမည်ပျက်စာရင်းသွင်းကာ ယင်းလုပ်ငန်းများ၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ရန် လုပ်ဆောင်နေကြောင်းနှင့် အဆိုပါ အရေးယူဒဏ်ခတ်မှုကို အစောဆုံး မတ် ၂၅ ရက်တွင် ကြေညာဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားသည်။ 

အမေရိကန်အစိုးရသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် အရေးယူဒဏ်ခတ်မှု သုံးကြိမ်အထိ လုပ်ဆောင်ထားပြီးဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တစ်ဦးချင်းစီပစ်မှတ်ထားအရေးယူမှု၊ ပတ်သက်ဆက်နွှယ်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ကို ပိတ်ဆို့အရေးယူခြင်းအပြင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသည့် တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ကိုလည်း အရေးယူခဲ့သည်။

အပြစ်မဲ့အရပ်သားပြည်သူများကို မြန်မာစစ်တပ်က ရက်စက်စွာသတ်ဖြတ်နေခြင်းအပေါ်  အမေရိကန်က အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချထားကာ ထိုသို့ကျူးလွန်သူများအားလုံး တာဝန်ခံမှုရှိစေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။

ထို့အပြင် အရပ်သားပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာပြန် လွှဲပေးတို့ကိုလည်း အမေရိကန်က အကြိမ်ကြိမ်တောင်းဆိုထားသည်။

တပ်မတော်က ၁၉၉၀ တွင်ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေး လုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနယ်ပယ်အများအပြား လုပ်ကိုင်နေပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်များက ကုမ္ပဏီနာမည်တွင် “ပြည်ထောင်စု” စာသားကိုဖြုတ်ကာ ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင် ကုမ္ပဏီ’ ဟု ပြောင်းလဲထူထောင်ခဲ့သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာနှစ်မျိုးရှိခဲ့သည့်အနက် ‘က’ ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာ နက ပိုင်ဆိုင်ပြီး ‘ခ’ ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ်မပြောင်းမီ ‘က’ ရှယ်ယာများကို ‘ခ’ ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့ပြီးနောက် ဦးပိုင်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိပေ။

စစ်အစိုးရလက်ထက် ၁၉၉၇ တွင်စတင်ထူထောင်ပြီး ကဏ္ဍမျိုးစုံတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှာ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ” (Private Company Limitted by Shares) ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ရေးသားဖော်ပြထားသည်။

စစ်အစိုးရလက်ထက်တွင် တပ်ပိုင်စီးပွားရေးအဖြစ် အစိုးရတစ်ပိုင်း စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့သော်လည်း မည်သည့်အချိန်တွင် ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတိအလင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

သို့သော် ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲချိန်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း အစိုးရထံမှ လွှဲပြောင်းယူခဲ့ကြောင်း၊ မတည်ရင်းနှီးငွေနှင့် ပုံသေပိုင်ပစ္စည်းများကို မည်သို့လွှဲပြောင်းရ ယူခဲ့ကာ ကုမ္ပဏီတန်ဖိုးမည်မျှရှိသည်ကိုမူ မဖြေကြားနိုင်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

Show More

Related Articles

Back to top button