
ငလျင်ကြောင့် ရာနှင့်ချီသေဆုံးပြီး အိုးအိမ်ထောင်သောင်းချီ ပျက်စီးနေချိန်တွင် စစ်တပ်က လေကြောင်းတိုက် ခိုက်မှုများဆက်လုပ်နေပြီး စစ်ကြောင်းထိုးမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ (မတ် ၃၁) နံနက်ပိုင်း မကွေးတိုင်း၊ စလင်းမြို့နယ်ထဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စလင်းမြို့နယ်မြောက်ဘက် တညောင်တိုက်နယ်၊ မြို့လှရွာဓာတ်အားပေးစက်ရုံအနီး နံနက် ၈ နာရီ မှ စပြီး မကွေးအခြေစိုက်လေတပ်မှ လာသည့် စစ်၏လေယာဉ်များက ၄ ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့သည်ဟု ဆို သည်။
“မနက်တည်းက တောက်လျှောက်တော့ လေကြောင်းတက်တယ်။ သူတို့ အတိအကျပစ်တာက ၈ နာရီ ၁၅ ကနေ မကွေးတက် ဂျက်ဖိုက်တာကနေ ပေါင် ၂၅၀ ဗုံး ၂ ခါကြဲတယ်။ နောက်ထပ်လည်း တိုက်ခိုက်တယ်။ အားလုံးပေါင်း ၄ ကြိမ်တိုက်ခိုက်တယ်”ဟု စလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
“ပေါင် ၂၅၀ တွေရော၊ စက်လတ်တွေရော၊ ရော့ကတ်တွေ အကုန်လုံးသုံးနေတယ်” ဟု တော်လှန်ရေး အင်အားစုများနှင့်နီးစပ်သည့် အထက်ပါစလင်းဒေသခံက ဆက်ပြောသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် မြို့လှဓာတ်အားခွဲစက်ရုံကို PDF များက ယနေ့ နံနက်ပိုင်းကစပြီး တိုက်ခိုက်နေကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို PDF များက အခွင့်ကောင်း ယူ၍ အဖျက်အမှောင့်အနှောင့်အယှက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါကိစ္စတော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြန်ခြင်းမရှိသေးသလို Myanmar Now အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မြို့လှ ဓာတ်အားခွဲစက်ရုံမှာ အနီးဝန်းကျင်ရှိ ဆိပ်ဖြူမြို့နယ်ရှိ လေယာဉ်ဗုံးထုတ်လုပ်ရာ ကပစ ၂၁ အပါ အဝင် လက်နက်စက်ရုံများအတွက် ဓာတ်အားဖြန့်ဖြူးရေးအတွက် အရေးပါသည့် နေရာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အလားတူ မတ် ၃၀ ညနေ ၄ နာရီခန့်က ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ တော်ခူ အုပ်စု ၊ ကလိလျားကျေးရွာကို လေယာဉ်က ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။
ဗုံးပေါက်ကွဲမှုအတွင်း လူထိခိုက်မှုမရှိသော်လည်း နေအိမ်တစ်လုံးပျက်စီးကြောင်း ဟု IEC က ဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF) ဗဟို ပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက စစ်ကောင်စီအခြေစိုက်တပ်များက လက်နက် ကြီးပစ်ခတ်မှုများ ရှိသည်ဟု ပြောသည်။
“မိုးဗြဲရယ် လွိုင်ကော်ကြားက ကျေးရွာတွေ မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက ငလျင်လှုပ်တဲ့ကာလမှာတောင် ရပ်နားသွားတာမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။
မတ် ၂၉ ရက်နေ့ နေ့လယ်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်းမထီးပျူရွာဝန်းကျင်ကို လေတပ်က တိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရ သည်။
“ MI 17 လာပြီးတော့ ပုလဲနယ်ထဲက အင်မထီးပျူရွာရဲ့အရှေ့ဘက်နဲ့တောင်ဘက်ဝန်းကျင်ကို ပတ်ပြီးတော့ လက်နက်ငယ်နဲ့အပေါ်က ပစ်သွားတာရှိပါတယ်” ဟု ပုလဲမြို့နယ်ပအဖ အဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
ယမန်နေ့က ပစ်ခတ်မှုတွင်း အရပ်သားပြည်သူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဦးဇော်ထက်ကဆိုသည်။
ငလျင်စလှုပ်သည့် မတ် ၂၈ ရက်နေ့ကမူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို လေကြောင်း မှ ဗုံးကြဲခဲ့စဉ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရသည်ဟု နောက်ဆက်တွဲသိရသည်။

ယင်းညတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အရှေ့မြောက်ပိုင်းမှ ကျေးရွာများကို အင်ဂျင်တပ်လေထီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
လက်နက်ကြီးပစ်ခတ်မှုများ
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးနှင့် ကျောက်တံခါးမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီအခြေစိုက်တပ်များက လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
ပဲခူးတိုင်းအရှေ့ပိုင်း လှုပ်ရှားသော PDF များအနေနှင့်မူ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အတိုင်း လက်ရှိတွင် အပစ်ရပ်ထားကြောင်း ဦးတင်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်တွင်လည်း ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း အာရက္ခတပ်တော် (AA) နှင့်နီးစပ်သော အာရက္ခမင်းသမီးမီဒီယာက ဖော်ပြထားသည်။
ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို မတ် ၃၀ ရက်နေ့ ည ၇း၂၀ တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။ လူအထိအခိုက်မရှိခဲ့ ကြောင်း သိရသည်။
ယနေ့ မတ် ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေရွာကို ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ သက်တော် ၃၂ နှစ်အရွယ် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး အသက် ၃၀ အရွယ် ကိုဘဂျမ်း သေဆုံးခဲ့ သည်ဟုလည်း ဖော်ပြထားသည်။
သက်တော် ၇၄ နှစ်ရှိ ဆရာတော်တစ်ပါး၊ ၁၂ အရွယ် ကိုရင်အပါအဝင် ဦးမောင်ထွန်းမြ (၄၅ နှစ်)၊ ဒေါ် သန်းသန်းအေး (၅၀ နှစ်) ၊ စစ်ရှောင်များဖြစ်သော ဒေါ် ဖြိုးဖြိုးဝင်း( ၃၁ နှစ် )၊ ဒေါ် သိန်းဟန်နု (၅၅ နှစ်) ၊ မခင်မြအေး (၁၆ နှစ်)တို့ဒဏ်ရာရခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ၎င်းတို့ အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က မတ် ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်သည်။
၁၂၀ မမ ဗုံးသီးသယ်ဆောင်လာသည့်ဒရုန်းဖြင့် တစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်၊ ထိမှန် ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။
NUG အစိုးရက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့်ဆက်စပ်နေသည့်ခရိုင်များတွင် မတ် ၃၀ ရက်မှစပြီး ထိုးစစ် နှစ်ပတ်ကြာ ရပ်ထားမည်ဟု ထုတ်ပြန်ထားသည်။ သို့သော်လည်း စစ်ကောင်စီတပ်က ထိုဖိတ်ခေါ်ချက်ကို တုံ့ပြန်ကြေညာခြင်း မပြုသလို ငလျင်စလှုပ်သည့် မတ် ၂၈ ရက်နေ့က တည်းက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်တို့တွင် လေကြောင်း တိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ဖော်ဆောင်နေသည်။
မတ် ၂၈ ရက်နေ့က မန္တလေးနှင့် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ် အရှေ့မြောက်၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့ကို စစ်တပ်က အရေးပေါ်အခြေအနေကြေညာထားသည်။

စစ်ကြောင်းထိုးမပျက်
ယနေ့ နံနက်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းသည် ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာရာ ကျေးရွာ ၃ ရွာ ထက်မနည်းမှ ပြည်သူများ ထွက်ပြေးနေရသည်ဟု ဒေသခံများက ဆိုသည်။
သံချပ်ကာ ယာဉ်တစ်စီးနှင့် စစ်ကား ၅ စီးပါ ယာဉ်တန်းသည် နံနက် ၄ နာရီခန့်က မုံရွာမြို့မှ ထွက်လာပြီး နောက် စစ်မှုထမ်းဟောင်းကုန်းမှတဆင့် ယင်းမာပင်မြို့နယ်အရှေ့မြောက်ဘက်ရှိ စစ်တပ်နှင့် ပျူစောထီး များ ခြေကုပ်ယူထားသည့် ဘန့်ဘွေးရွာဘက်သို့ ဦးတည်ထွက်လာခြင်းဖြစ်ကြောင်း ယင်းမာပင် – ဆားလင်းကြီး သပိတ်အင်အားစုကော်မတီထံက သိရသည်။
“စစ်မှုထမ်းဟောင်းကုန်းကနေ စစ်သားနဲ့ ပျူစောထီးတွေ ရှိတဲ့ ဘန့်ဘွေးရွာဘက်ကို ဦးတည်သွားနေ တယ်။ နောက်ကနေလည်း ရိက္ခာကားတွေ ကပ်လိုက်ပြီးတော့ ဝေဟင်ကလည်း ပါရာမော်တာနဲ့ ဝဲတဲ့ အခြေအနေရှိတယ်။ ဖြတ်သန်းသွားရာ လမ်းတလျှောက်က ကျေးရွာအချို့ ရှောင်တိမ်းနေရတဲ့အခြေ အနေရှိတယ်။ မနက် ကတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာရှိတယ်။ မြေပြင်အခြေအနေ ကတော့ ၃၊ ၄ ရွာလောက်ရှောင်နေရတယ်”ဟု အဆိုပါ သပိတ်အင်အားစုကော်မတီမှ ကိုလွမ်းသူက ပြောသည်။
ယခုလအစကတည်းက စစ်ကြောင်းထိုးနေပြီး ဒေသခံ ၁၈ ဦးထက်မနည်းအသတ်ခံရကာ ဒေသခံ ၂ သောင်းကျော် ထွက်ပြေးနေရသော မကွေးတိုင်းနှင့်မြိုင်နယ်စပ် ရေလယ်ကျွန်းတွင် မတ် ၂၉ ရက်နေ့ နံနက်က စစ်ကောင်စီ လက်နက်ကိုင်များ ရေစကြိုမြို့နယ် ပေါက်တောကျွန်းရွာဘက်သို့ ရောက်ရှိ နေပြီး မဲကုန်း၊ တောင်ကုန်း၊ မိဖုရား၊ ကံဦးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူသယ်ဆောင်သွားကြောင်း Yesagyo Info Committee က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်ဘေးကြောင့် လူအများ အခက်ကြုံနေစဉ် တနင်္သာရီတိုင်း၌ စစ်ကြောင်းထိုးမှုများ ရပ်တန့်မှုမရှိကြောင်း တနင်္သာရီတိုင်းတွင် လှုပ်ရှားနေသည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တချို့ ထံက သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက တနင်္သာရီတိုင်း ရေဖြူ မြို့နယ်တွင် စစ်ကောင်စီတပ်က အုပ်စု ၄ ခု ခွဲပြီး စစ်ကြောင်းထိုးနေကြောင်း Myanmar Now ကို ပြောသည်။
ထိုစစ်ကြောင်းများတွင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့အချို့ ၊ ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းသင်တန်းဆင်းသည့် တပ်သားသစ်များ ပါဝင်သည်ဟု ဆိုသည်။
“ထားဝယ်ရေနက်ဆိပ်ကမ်းက ရုရှားနဲ့ အကျိုးတူ ပူးပေါင်းပြီး လုပ်ဖို့ရာ အခုကတည်းက နယ်မြေရှင်း လင်းရေးကအစ ကျွန်တော်တို့ရဲ့ အဓိက ထောက်ပို့လမ်းကြောင်းတွေ ၊ ပြည်ထောင်စုလမ်းပေါ်မှာလည်း အဓိက အင်အားတိုးပြီး အဲဒီလမ်းကို ပြန်ယူဖို့ လုပ်နေတာရှိပါတယ်” ဟု ရဲဘော်စောဒါးကိုက ပြောသည်။
စစ်လေယာဉ်များကလည်း တော်လှန်ရေးတပ်များ လှုပ်ရှားရာနေရာကို ပျံဝဲ၍ လေကြောင်းတိုက်ခိုက်မှု များ ဆက်လုပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ချင်းတိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ စုပေါင်းထားသည့် ချင်းညီနောင်အဖွဲ့ကမူ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်အဖွဲ့အကြား တိုက်ပွဲဆက်ဖြစ်နေကြောင်း Myanmar Now ကို ယနေ့ ပြောသည်။
“ ဖလမ်းတိုက်ပွဲမှာတော့ စကစ ဂျက်ဖိုက်တာကြဲတာရှိပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ကာလဖြစ်တဲ့အတွက် အသေးစိတ် ထုတ်ပြန်ဖို့တော့ မရှိသေးဘူး။ စကစဘက်က လေကြောင်းပစ်ကူတော့ ဆက်တိုက်ပေးနေ တဲ့ သဘောပါ” ဟု ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မတ် ၂၈ ရက်နေ့က စတင်သော အင်အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ် ပြီး သေဆုံးသူ ၂၀၅၆ ဦးခန့်၊ ဒဏ်ရာရသူ ၃၉၀၀ ရှိပြီး ပျောက်ဆုံးသူ ၃၀၀ နီးပါးရှိကြောင်း စစ်ကောင်စီ၏ မတ် ၃၁ ရက် ညသန်းခေါင်အထိ စာရင်းများအရ သိရသည်။


-ငလျင်ကြောင့် ပျက်စီးနေသည့်လမ်းတချို့ကို ပြင်ဆင်ပေးနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-ဗိုလ်တီ)