သတင်း

ငလျင်လှုပ်ပြီးချိန် လေတပ်က ဗုံးကြဲ၍  ဓနုတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

ငလျင်လှုပ်ပြီးချိန် မိနစ်ပိုင်းအတွင်း စစ်လေယာဉ် ရောက်လာသောကြောင့် ဗုံးခိုကျင်းအတွင်း ဝင်ရောက် နေစဉ် ဗုံးက တည့်တည့်ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသမီးတပ်ဖွဲ့ဝင် ၆ ဦး ၊ အမျိုးသား တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသည်။

ယမန်နေ့က အင်အားပြင်းငလျင်လှုပ်ပြီးသွားချိန် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်လင်ရွာ ကို စစ်ကောင်စီလေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA)မှ စစ်မေ ၆ ဦးနှင့် ရဲဘော် ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့  မွန်းလွဲ ၁ နာရီခန့်က မန္တလေးမြို့အနီးဗဟိုပြုသည့် ရစ်ချ်က်တာစကေး ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ပြီး မိနစ်အနည်းငယ်အကြာ နောင်ချိုမြို့တောင်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိသည့် နောင်လင်ရွာကို တိုက်ခိုက်ရေးလေယာဉ် ၃ စီးက  ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု စစ်မြေပြင် သတင်း ရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“ငလျင်လှုပ်ပြီး နှစ်မိနစ် သုံးမိနစ်အတွင်းမှာပဲ ဗုံးကြဲသွားတယ်၊ လေယာဉ် ၃ စီးနဲ့ ဗုံးကြဲသွားတယ်၊ ဗုံး ၈ လုံးချတယ်။ ပြီးတော့ စက်သေနတ်နဲ့လည်း ဝဲပြီးပစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

“ငလျင်က လှုပ်ပြီးချိန် လေယာဉ်လာတယ်ဆိုတော့ ဗုံးခိုကျင်းထဲသွားတယ်ပေါ့နော်။ ကံဆိုးချင်တော့ ဗုံးခို ကျင်းထဲကို လေယာဉ်ဗုံးချတာ တည့်တည့်ကျသွားတော့ အကုန်လုံးက တစ်စချင်းစီဖြစ်သွားတဲ့ သဘော ပေါ့” 

ဗုံးကြဲမှုကြောင့် DPLA တပ်မှ စစ်မေ ၆ ဦးနှင့် ရဲဘော်အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး DPLA တပ်ဖွဲ့ဝင် တချို့ နှင့် ရွာသား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုများတွင် သေဆုံးသူများမှာ ရဲဘော် ဂျွိုင်း၊ အမျိုးသမီး ရဲမေများဖြစ်သည့် နန္ဒာ၊ ထွေးထွေး၊ ပန်းအိ၊ နာဇီ၊ ထက်ထက်နှင့် နှင်းယုတို့ဖြစ်ပြီး နာရေးကို ယနေ့ (မတ် ၂၉) ရက် နံနက်ပိုင်း တွင် ပြုလုပ်ခဲ့ကြောင်း DPLA က ပြောသည်။

“ ငလျင်လှုပ်နေရင်းကို လေယာဉ်ကလာတယ်။ ပထမအရင်ပတ်တယ်။ ချက်ချင်းမပစ်ဘဲနဲ့ ပတ်တယ်။ နှစ်ပတ်၊ သုံးပတ်ပတ်ပြီးမှ ပစ်တယ်။ ပစ်တော့ စစ်မေတွေက ကတုတ်ကျင်းထဲမှာပဲ။ ကတုတ်ကျင်း တည့်တည့်ကျတယ်။ အဲ့ဒီမှာ ၅ ယောက်က ပွဲချင်းပြီးတယ်။ တစ်ယောက်ကတော့ ဆေးခန်းရောက်တာ နဲ့ ကျတယ်။ ရဲဘော်ကလည်း နောက်တစ်နေရာမှာ ကတုတ်ကျင်းထဲမှာ။ သူလည်း ပွဲချင်းပြီးပဲဗျ” ဟု DPLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လေကြောင်းမှတိုက်ခိုက်ခံရသည့် ကျေးရွာတွင် DPLA အစခန်းချတပ်စွဲထားခြင်းမဟုတ်ဘဲ ရွေ့လျားအနေ ဖြင့်လှုပ်ရှားနေခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့ကို TNLA က ၂၀၂၄ ဇူလိုင်လတွင် သိမ်းပိုင်နိုင်ခဲ့ပြိးနောက် နောင်ချိုမြို့တောင်ဘက် မိုင် ၂၀ ခန့်   အကွာ တောင်းခမ်းရွာနှင့် နောင်ချိုမြို့အနောက်ဘက် ၁၇ မိုင်ခန့်အကွာ ကျေးရွာများတွင် စစ်ကောင်စီနှင့် TNLA, DPLA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

တိုက်ပွဲဧရိယာများနှင် နီးကပ်နေသည့် နောင်ချိုမြို့ကိုလည်း စစ်ကောင်စီတပ်က မကြာခဏ ဗုံးကြဲတိုက် ခိုက်နေရာ ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာများအပါအဝင် ဒေသခံ ၉ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့ သည်။

ယမန်နေ့က ဗုံးကြဲခံရသည့် နောင်လင်ရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေသည့် တောင်းခမ်းရွာနှင့် ၁၅ မိုင်ခန့် ကွာဝေးသည့်အတွက် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ မြေပြင် သတင်းရင်းမြစ် အမျိုးသားက ပြောသည်။

“အဲဒီနောင်လင်ရွာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဘာမှကို မဆိုင်ဘူး တော်တော်ကိုဝေးတယ်ဗျ၊ သက်သက်မဲ့ကို လာကြဲသွားတာ။ ရွာထဲမှာက ရွာသားတွေလည်းရှိတယ် တပ်ဖွဲ့ဝင်တွေကလည်း အိမ်တစ်အိမ်မှာနေကြတာ ”  ဟု အဆိုပါ အမျိုးသားက ပြောသည်။

 ဗုံးကြဲမှုအပြီး ဓနုတပ်ဖွဲ့ဝင် ၇ ဦး၏ အလောင်းများ။ (ဓာတ်ပုံ- ရွှေဖီမြေ/ CJ)


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပေါ်ပေါက်လာသည့်  ပထမဆုံးသော ဓနုလူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ DPLA သည် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် မြောက်ပိုင်းနယ်စပ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။ 

ခပ်စိတ်စိတ်ဗုံးကြဲနေသည့် နောင်ချို

ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့ကလည်း နောင်ချိုမြို့အနောက်ဘက် ၁၇ မိုင် အကွာရှိ သုံးဆယ်၊ အုမ္မခါးနှင့် ရွှေညောင်ပင်ရွာတို့ကို ည ၇ နာရီခန့်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးဆယ်ရွာမှ မိသားစုဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။

အုမ္မခါးရွာမှ ဒေသခံ ၄ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာများရခဲ့သည်ဟု TNLA နှင့် နီးစပ်သူ အမျိုးသားတစ်ဦး က ပြောသည်။

“သုံးဆယ်ရွာမှာ မိသားစုလိုက် ထမင်းစားနေတဲ့အချိန် (ဗုံး)တည့်တည့်ကျတာ အကုန်လုံးသေသွားပါတယ် ။ (သေဆုံးသူထဲမှာ) ကလေးလည်းပါတယ်။ အဖေရယ်၊ အမေရယ် သူတို့ ကလေးနှစ်ယောက်ရယ် စုစုပေါင်း ၄ ယောက်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ဗုံးပေါက်ကွဲမှုတွင် သေဆုံးသွားသူများမှ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့၏ အမည်၊ အသက်အရွယ်နှင့် အသေးစိတ်အချက်အလက်များကို မသိရပေ။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

TNLA နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလအတွင်းက ကူမင်းမြို့၌ နောက်တစ်ကြိမ် တွေ့ဆုံခဲ့သော်လည်း သဘောတူညီချက် မရသေးပေ။ 

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် မြို့များကို သိမ်းပိုက်ထားသည်။

ဗုံးကြဲခံရသည့်အနီးမှ နောင်လင်ရွာမှ နေအိမ်အဆောက်အအုံတစ်ခု။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button