သတင်း

ရေလယ်ကျွန်း မြေတော်ရွာတွင် မီးရှို့ခံထားရသည့်  ၁ လောင်း ထပ်တွေ့ 

ကြည်း၊ ရေ၊ လေတပ်များ စီးနင်းနေသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်က အလောင်း ၁ လောင်း ထပ်တွေ့သဖြင့် သတ်ဖြတ်ခံရသူ ၁၈ ဦး အထိ ရှိနေပြီ ဖြစ်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရွာကို စစ်ကောင်စီတပ်က ၂ ရက်ကြာ စီးနင်းခဲ့ပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၁ လောင်း ထပ်တွေ့ရှိရသည်ဟု ဒေသခံများနှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံ မြို့နယ်တို့ ပေါင်းဆုံနေသော၊ ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းအရှေ့ခြမ်း  ရေလယ်ကျွန်းဒေသသို့  ယခုလဆန်းမှစ၍ ကြည်း၊ ရေ၊ လေတပ်များဖြင့် ထိုးစစ် ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းက မတ်လ ၁၄ နှင့် ၁၅ ရက်နေ့တို့တွင် ၂ ရက်ကြာ မြေတော်ရွာ တွင် တပ်စွဲခဲ့သည်။

နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မတ် ၁၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ပြန်ထွက်ခွာသွားရာ နောက် တစ်နေ့ တွင် အဆိုပါရုပ်အလောင်းကို   တွေ့ရှိရခြင်းဖြစ်သည်။

မြေတော်ကျေးရွာ၊ သုသာန်တွင်  မီးရှို့ခံထားရသည့် ထိုရုပ်အလောင်းပိုင်ရှင်ကို မသိရှိရသေးပေ။ စစ်ကြောင်းဝင်သည့် ၂ ပတ်ကျော်ကာလအတွင်း ရေလယ်ကျွန်းဒေသတွင် သတ်ဖြတ်ခံရသူ ၁၈ ဦး အထိရှိလာပြီ ဖြစ်သည်။

ဒေသတွင်းအခြေအနေများကို အမြဲဖော်ပြနေသည့် Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက အဆိုပါ စစ်ကြောင်းသည် ယနေ့ (မတ် ၁၈) တွင် မြေစွန်းတော်၊ ညောင်မွှေပင်နှင့် ဘိစပ်ကုန်း ရွာများကို မီးရှို့ဖျက်ဆီးနေပြီး ပျောက်ဆုံးနေသူများ ၁၀ ဦး ထက်မနည်းရှိနေသည်ဟု ပြောသည်။ 

 “မြေတော်ရွာမှာ ၁ ယောက် သတ်ဖြတ်ခံရတယ်။  အခြားပျောက်ဆုံးနေသူတွေလည်း ရှိတယ်။ မီးရှို့ နေတုန်းမှာ ပစ္စည်းဥစ္စာတွေလည်း ထော်လာဂျီတွေနဲ့ မင်းရွာဘက်ကို ခိုးယူသယ်ဆောင်နေတုန်းပါ။ ပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်” ဟု သူက ပြောသည်။ 

ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးကာ မီးရှို့သတ်ဖြတ်နေသည့် ထိုစစ်ကြောင်းတွင် သမ္မတရုံး ဝန်ကြီးဟောင်း အမျိုးသားနိုင်ငံရေးပါတီ ဒီမိုကရက်တစ်ပါတီ  ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးမောင်၏ တပည့် ဖြစ်သူ မျိုးဝင်းခိုင်ဆိုသူ ဦးဆောင်သည့် ပြည်သူ့စစ် (ခ) ပျူစောထီးများလည်း ပါဝင်သည်ဟု Yesagyo Township Info Committee က ပြောသည်။

“မျိုးဝင်းခိုင်ဆိုတာက ဦးစိုးမောင် ပါတီက တိုင်း ၂ မှာ ဝင်အရွေးခံတဲ့ ကောင်၊ ခွက်ခွက်လန်အောင် မဲရှုံးထားတာပါ။  သူနဲ့ အပေါင်းအပါတွေက ခလရ ၂၅၈ မှာ သင်တန်း သွားတက်ပြီး စစ်တပ်နဲ့ မင်းရွာမှာ အထိုင်ချထားတာ” ဟု ထိုသူ ဆက်ပြောသည်။

မြေတော်ကျေးရွာ၊ သုသာန်တွင်  မီးရှို့ခံထားရသည့်၊  မည်သူမည်ဝါမှန်း မသိရသူ၏ ရုပ်အလောင်း။ (ဓာတ်ပုံ -Yesagyo Township Info Committee)


စစ်ကောင်စီသည် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသ ၃ ခု ပေါင်းဆုံသည့်နေရာတွင် တည်ရှိသော ရေလယ်ကျွန်းဒေသကို လက်နက်ကိုင် ၁၈၀ ခန့် ပါဝင်သည့် အင်အားဖြင့်  စစ်ကြောင်းထိုးနေသည်မှာ ရက်သတ္တပတ် ၂ ပတ်ကျော်ရှိနေပြီဖြစ်သည်။

ထိုသို့ စီးနင်းခဲ့ပြီးနောက် မြေစွန်းတော်ရွာတွင် ၉ ဦး ၊ မာလကာခြံရွာတွင် ၂ ဦး ၊ သာဂေါင်ကြီးရွာတွင် ၆ ဦး ၊ မြေတော်ရွာတွင် ၁ ဦး ဒေသခံ ၁၈ ဦးထက်မနည်း သတ်ဖြတ်ခံထားရပြီး အများစုမှာ သက်ကြီးပိုင်း များ ဖြစ်ကြသည်။

ထိုစီးနင်းမှုများအတွင်း အဆိုပါတိုင်း ၃ တိုင်းရှိ ရွာပေါင်း ၂၀ ခန့်မှ အိမ်ခြေ ၅၀၀ နီးပါး မီးလောင် ကျွမ်းခဲ့ပြီး ဒေသခံ နှစ်သောင်းကျော် စစ်ရှောင်နေရသည်။

ရေလယ်ကျွန်းအရှေ့ခြမ်းတွင် စစ်ရှောင်နေရသည့် ကျေးရွာ ၁၀ ရွာကျော်၊ လူဦးရေ ထောင်ချီ စစ်ဘေးရှောင်နေရသည်၊ ရွာခြင်းဆက်နေသည့် ကျေးရွာများက ကူညီထောက်ပံ့ ကျွေးမွေးနေကြ သည်ဟု ရေလယ်ကျွန်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တာဝန်ခံက ပြောသည်။ 

“မြို့နယ် အခွန်ထဲကနေပြီးတော့ စစ်ရှောင်နေတဲ့ ပြည်သူတွေ နေတဲ့ ရွာတွေကိုလိုက်ပြီးတာ့ အချိတ် အဆက်လုပ်ပြီးတော့ မြို့နယ်ကနေပြီးတော့ လိုအပ်တဲ့ ဆန်၊ဆီ၊ ရိက္ခာလေးတွေ ဝယ်ဖို့ ပိုက်ဆံလေး တွေ ထောက်ပံနေတာလည်းရှိပါတယ်” 

စစ်ကောင်စီတပ်က မန္တလေးတိုင်း မြင်းခြံမြို့ တစ်ဖက်ကမ်းရှိ ရေလယ်ကျွန်းဒေသ မင်းရွာ၊ နေရင်းရွာ နှင့် ပေါက်တောရွာများရှိ ပြည်သူ့စစ် (ခ) ပျူစောထီးများနှင့် ပူးပေါင်းပြီး တပ်စွဲ ထားသည်မှာ ၁ နှစ် နီးပါးကြာရှိနေပြီဖြစ်ပြီဖြစ်ပြီး ယမန်နေ့( မတ် ၁၇) က ပေါက်တောရွာတွင်   စစ်သင်္ဘော တစ်စင်း ရပ်တန့်ထားသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။ 

ရေလယ်ကျွန်းဒေသမှာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသများ ပေါင်းဆုံသည့်နေရာတွင် တည် ရှိခြင်းကြောင့်လည်း စစ်ကောင်စီတပ်အတွက်သာမက  တော်လှန်ရေးတပ်ဖွဲ့များအတွက် အရေးပါ သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ် လမှ ၂၀၂၅ ဇန်နဝါရီလအထိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းတွင် အရပ်သား ၅၃၀၄ ဦးသေဆုံးခဲ့ပြီး ၃၇၈၈ ဦး ဒဏ်ရာရခဲ့သည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇၈ ဦး သေဆုံးခဲ့ပြီး ၅၃၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲသတင်းများကို လေ့လာစောင့်ကြည့်နေသည့် Data For Myanmar အဖွဲ့က မတ် ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button