
(စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသရှိ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ)ရွာတွင် စစ်ကောင်စီတပ် တစ်ပတ်ကြာတပ်စွဲခဲ့ပြီးနောက် အသက် ၉၀ အရွယ် အမျိုးသား တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး၏ရုပ်အလောင်းများကို ယနေ့ (မတ် ၁၄) နံနက်ပိုင်းတွင် တွေ့ရှိရသည် ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှစ၍ ရေလယ်ကျွန်းဒေသသို့ ကြည်း၊ ရေ၊ လေ တပ်များ ထိုးစစ်ဆင်လာသလို မတ် ၇ ရက်နေ့တွင် ထိုရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် အရပ်သားသေဆုံးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သေဆုံးသူ ဒေသခံများတွင် သာဂေါင်(ရွာမ) ရွာမှ ၉၁ နှစ်အရွယ် ဦးအုန်း၊ ၇၀ အရွယ် ဒေါ်စန်းဝေ၊ ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင်၊ သာဂေါင်လေးရွာမှ ၆၅ နှစ် အရွယ် ဦးချစ်မောင်တို့ ပါဝင်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတယ်လီဂရမ်တစ်ခုဖြစ်သည့် Yesagyo Township Info Committee ကလည်း ထုတ်ပြန်ထားသည်။
အခြားတွေ့ရှိရသော ရုပ်အလောင်း ၂ ခုမှာ သာဂေါင်ရွာမှမဟုတ်ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသူများဖြစ်ပြီး ရုပ်အလောင်းများပျက်စီးနေသည့်အတွက် မည်သူမည်ဝါ အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။
အလောင်းတစ်လောင်းမှာ ခန္ဓာကိုယ်မီးရှို့ခံထားရပြီး ဦးခေါင်းမှာ ခြံစည်းရိုးငုတ်တိုင်တွင် ရှိနေသည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။
စစ်ကောင်စီသည် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသ ၃ ခု ပေါင်းဆုံသည့်နေရာတွင် တည်ရှိသော ရေလယ်ကျွန်းဒေသကို လက်နက်ကိုင် ၁၈၀ ခန့် ပါဝင်သည့် အင်အားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ရက်သတ္တပတ် ၂ ပတ်နီးပါးရှိနေပြီဖြစ်သည်။
ထိုစီးနင်းမှုများအတွင်း အဆိုပါတိုင်း ၃ တိုင်းရှိ ရွာပေါင်း ၂၀ ခန့်မှ အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ နှစ်သောင်းကျော် စစ်ရှောင်နေရသည်။
အဆိုပါ စစ်ကြောင်းသည့် ပြီးခဲ့သည့် မတ် ၂ ရက်မှစတင်၍ ရေလယ်ကျွန်းဒေသ ရေစကြိုမြို့နယ် မြေတော်စွန်းကျေးရွာကို ၃ ရက်ကြာတပ်စွဲခဲ့ပြီးနောက် အသက် ၈၈ နှင့် ၈၆ အရွယ် အမျိုးသား ၂ ဦး အပါအဝင် ဒေသခံ ၁၁ ဦးကို သတ်ဖြတ်ခဲ့ရာ ၂ ပတ်အတွင်း ဒေသခံ ၁၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီဖြစ်သည်။
အဆိုပါ စစ်ကြောင်းတွင် ရေစကြိုအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၅၆ ၊ ၂၅၇ ၊၂၅၈ တို့နှင့် ဆင်ချောင်းရွာ ပြည်သူ့စစ် ပူးပေါင်းတပ်များပါဝင်ကြသည်။
သာဂေါင်(ရွာမ)၏အရှေ့ဘက် ၁ မိုင်အကွာ ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ပါဝင်သော အိမ်ခြေ ၃၀၀ ကျော်ရှိသည့်ပန်းညိုရွာကို စီးနင်းခဲ့ပြီးနောက် ယနေ့ (မတ် ၁၄) စာသင် ကျောင်းအပါအဝင် အိမ်ခြေ ၅၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပန်းညိုရွာကို စစ်တပ်က စီးနင်းတိုက်ခိုက်ရာ အင်အား နည်းသည့် တော်လှန်ရေးတပ်ဖွဲ့များ မတ် ၁၁ ရက်တွင် ဆုတ်ခွာသွားသည်၊ မတ် ၁၂ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ပန်းညိုရွာကို စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ စီးနင်းရာတွင် မတ် ၇ ရက်နေ့ နံနက်တွင် လေတပ်က ပန်းညိုရွာကို ပစ်ခတ်ခဲ့စဉ် နေအိမ် ၂ လုံး ထိမှန်ခဲ့သည်၊ မတ် ၈ ရက်နေ့ ညပိုင်းတွင် စစ်သင်္ဘော ၂ စီးက လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
ယနေ့ စစ်ကောင်စီတပ် ပန်းညိုရွာမှ ထွက်ခွာသွားခဲ့ပြီးနောက် ရွာစာသင်ကျောင်းအပါအဝင် အိမ်ခြေ ၅၀ ကျော် မီးလောင်နေသည်ကို တွေ့ရသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဓိကကတော့ စစ်ဘေးရှောင်တွေ အများဆုံးနေထိုင်ကြတဲ့ စာသင်ကျောင်းပေါ့၊ စာလည်း သင်တယ်၊ စစ်ဘေးရှောင်တွေကိုလည်း ထားတယ်။ မီးလောင်တဲ့ အိမ်တွေကတော့ ရွာရဲ့ အလယ်ပိုင်းနဲ့ ရွာရဲ့ မြောက်ဖျားပိုင်းပေါ့” ဟု ထိုအဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုနွေဦးက ပြောပြသည်။
ရေစကြို၊ သာဂေါင်(ရွာမ) တွင် ဒေသခံ ၆ ဦး ကို သတ်ဖြတ်ခဲ့ပြီး ပန်းညိုရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသရှိ မြေတော်ရွာကိုလည်း ယနေ့ (မတ် ၁၄) နံနက်ပိုင်းက တပ်စွဲထားပြီး မီးရှို့နေသည်ဟု သိရသည်။

စစ်ကောင်စီက ထိုလုပ်ရပ်များကို ငြင်းဆိုသည်။
မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်တပ်က မတ်လ ၁၂ ရက်နေ့ ညနေမှ စတင်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေသည်ဟူသော သတင်းမှာ သတင်းမှား ဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များကသာ မီးရှို့ တိုက်ခိုက်ကြကြောင်း မတ် ၁၃ ရက်နေ့ညက ထုတ်ပြန်ထားသည်။
စစ်သင်္ဘော ၂ စင်း မြောင်နှင့်မြင်းခြံကြားရှိ ဧရာဝတီမြစ်ထဲတွင် ရပ်တန့်ထားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။
နွားလှည်းများဖြင့် မိသားစုလိုက်စစ်ရှောင်နေကြသည့် ဒေသခံများမှာ စစ်တပ်နှင့် ဝေးကွာသည့် ကိုင်းတောများ၊ လယ်ကွင်းများတွင် အနီးအနားရှိကျေးရွာများ၊ ဘုန်းကြီးကျောင်းများတွင် ပြည့်နှက်နေသည်ဟု ဒုက္ခသည်အရေးကူညီပေးနေသူများထံက သိရသည်။
ရေလယ်ကျွန်းဒေသမှာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသများ ပေါင်းဆုံသည့်နေရာတွင် တည်ရှိခြင်းကြောင့်လည်း စစ်ကောင်စီတပ်အတွက်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက် အရေးပါသည့်ဒေသဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ် လမှ ၂၀၂၅ ဇန်နဝါရီလအထိ စစ်ကိုင်းတိုင်းတွင် အရပ်သား ၅၃၀၄ ဦးသေဆုံးခဲ့ပြီး ၃၇၈၈ ဦး ဒဏ်ရာရခဲ့သည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇၈ ဦး သေဆုံးခဲ့ပြီး ၅၃၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲသတင်းများကို လေ့လာစောင့်ကြည့်နေသည့် Data For Myanmar အဖွဲ့က မတ် ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။