
စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ်များ၏ထိုးစစ်ကို ၂ ပတ်ကျော်ကြာရင်ဆိုင်နေရသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသတွင် သက်ကြီးရွယ်အိုများအပါအဝင် ၁၁ ဦးထက်မနည်း အသတ်ခံရပြီးနောက် ကျေးရွာ ၂၀ ထက်မနည်းမှ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် တိမ်းရှောင်နေရ သည်။
မကွေးတိုင်း၊ ရေစကြိုမြို့တွင် လူအင်အားစုစည်းပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၁၈၀ ခန့်သည့် မြောင်၊ ရေစကြိုနှင့် မြင်းခြံမြို့နယ်များရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်၊ စစ်ကောင်စီက သင်္ဘောနှင့်လေယာဉ်များကိုပါ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။
ထိုကာလအတောအတွင်း ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်၊ ရွာသစ်၊ ဆင်ခြေရာ၊ မာလကာခြံ၊ သာဂေါင်ကြီး၊ ဖြုံဖူး၊ ရွှေလှံ၊ မြစ်ဆုံ၊ မြစ်သာ၊ ဆူးလေးကုန်းရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်မှ အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။
အဆိုပါရေလယ်ကျွန်းဒေသခံများမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ ကျေးရွာများနှင့် လယ်ကွင်းများ တွင် နွားလှည်းများဖြင့် မိသားစုလိုက်စစ်ရှောင်နေကြပြီး ဆွေမျိုး နီးစပ်များက ကျွေးမွေးစောင့်ရှောက် ထားရသလို PDF တပ်ဖွဲ့များက လည်း ထမင်းထုပ်များ ဝေငှပေးကြောင်း သိရသည်။
အနီးအနားရှိကျေးရွာများ၊ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ရှောင်များ ပြည့်နှက်နေသည်ဟု မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောသည်။
“စစ်ရှောင်တွေကတော့ နေရာတိုင်းမှာ ပြည့်နေတော့ စားရေးသောက်ရေးကတော့ အခက်အခဲဖြစ်နေ တယ်။ ကျွန်တော်တို့လည်း ထမင်းထုပ်တွေတော့ လိုက်ဝေဖြစ်တယ်။ ဒါပေမယ့် ဝေသလောက် မနိုင်ပါ ဘူး။ ကူညီနိုင်တဲ့သူတွေ ကူပေးဖို့ လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များ ထွက်ခွာသွားသည့် ကျေးရွာများသို့ စစ်ရှောင်များက ပြန်လည်ဝင်ရောက် နေထိုင် ရန်ကြိုးစားသော်လည်း ၎င်းတို့နေအိမ်များမှာ မီးလောင်ခံထားရ၍ နေအိမ်များပါ ပြန် တည်ဆောက်ပေး ရန် လိုအပ်နေသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ ကိုဝေကြီးက ပြောသည်။

“မီးရှို့တဲ့ရွာတွေကတော့ ဝင်တဲ့လူတော့ ဝင်တယ်။ အိမ်တွေက မီးရှို့ခံရတာဆိုတော့ ဝင်လည်း အလကား ပါပဲ” ဟု ၎င်းက ဆိုသည်။
“စစ်ရှောင်ကတော့ ရေစကြိုနဲ့မြောင်အစပ်က ရှောင်နေရတာ။ လူဦးရေကတော့ များတယ်။ အတိအကျ မပြောတတ်ဘူး။ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်ရာအလှူရှင်တွေနဲ့ချိတ်ပြီးကူညီနေတာ။ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ မီးရှို့ခံရတော့ နေရာထိုင်ခင်းအတွက်လည်း လိုအပ်တယ်” ဟု ကိုဝေကြီးက ဆက်ပြော သည်။
ဒေသခံ ၁၁ ဦး အသတ်ခံရသည့် မြေစွန်းတော်ရွာ
ယခုလဆန်း၂ ရက်မှ စတင်ပြီး အထက်ပါစစ်ကြောင်းသည် မြေစွန်းတော်ကျေးရွာကို သုံးရက်ကြာ စီးနင်းခဲ့ပြီး သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူ ၁၁ ဦး ကို သတ်ဖြတ်ခဲ့သည်၊ အိမ်ခြေအများအပြားလည်း မီးရှို့ခံရသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ထံက သိရသည်။
“မြေစွန်းရွာမှာက မီးရှို့နေရင်းကနေပြီးတော့ ပစ်သတ်သွားတာဆိုတော့ အလောင်းတွေက မပီပြင်တော့ ဘူး။ ၂ ရက် ၃ ရက်နေမှ အလောင်းတွေက ပုပ်ပွနေတာမျိုးတွေဖြစ်နေပြီး ရွာကလည်း ခုချိန်ထိ နံစော်နေ တာပဲ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကိုနွေဦးက ဆိုသည်။
သတ်ဖြတ်ခံရသူများတွင် မြေစွန်းတော်ရွာမှ ဦးသံမဏိ (အသက် ၈၈ နှစ်)၊ ဒေါ်လှငွေ (၈၆) ၊ ဦးဟန်တင် (၇၀)၊ ဦးဌေးမြင့် (၆၀)၊ ဒေါ်သန်းပြည့် (၆၀)၊ ဦးကြည်ဌေး (၆၇) ၊ ဦးအောင်မြိုင် (၆၉)၊ ကိုသန့်ဇင် (၃၅)၊ ကိုအောင်လင်းနိုင် (၄၀)၊ မာလကာခြံရွာမှ ဦးညွန့်ဝေ (၇၀) နှင့် ဦးဆန်းဝင်း (၅၀) တို့ဖြစ်သည်ဟု Info Committee Yesagyo တယ်လီဂရမ်က မတ် ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ မတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ မတ်လ ၅ ရက်နေ့က ထိုဒေသတွင် တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ အိမ်မီးရှို့မှုမှာတော်လှန်ရေးအဖွဲ့များ၏လက်ချက်ဖြစ်ကြောင်း ရေးထားသည်။ အလားတူ မတ် ၃ ရက်တွင် မြောင်မြို့နယ် အနောက်ခြမ်းနှင့် ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း မဟုတ်မမှန် ရေးသားဖြန့် ဝေလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကြောင်းသည် မတ် ၅ ရက်နေ့တွင် ရေလယ်ကျွန်းဒေသရှိ ပန်းညိုရွာ၊ ဖြုံဘူးရွာများသို့ ရောက်လာရာ ဒေသခံကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက်ခဲ့သည်၊ အကျအဆုံးများပြီးနောက် မတ် ၇ တွင် လေကြောင်းနှင့်ရေကြောင်း စစ်ကူ အသုံးပြုလာသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုကြ သည်။

ကြည်းရေလေ ထိုးစစ်ဆင်ခံရသည့် ပန်းညိုရွာ
ထို့နောက် အဆိုပါစစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းပြီး စစ်ဘေးရှောင်များ အဓိက နေထိုင်သည့်၊ ဧရာဝတီမြစ်ကမ်းဘေး အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ပန်းညိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ယမန်နေ့ (မတ် ၁၂) ညပိုင်းက အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မတ် ၇ ရက် နံနက်ပိုင်းတွင် လေတပ်က ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ ပန်းညိုရွာကို ပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန်ခဲ့သည်၊ မတ် ၈ ရက်ညပိုင်းတွင် စစ်သင်္ဘော ၂ စီးက လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မန္တလေးတိုင်း၊ ဆီးမီးခုံမြို့အခြေစိုက် စစ်ကောင်စီ စစ်သင်္ဘော ၁ စင်းနှင့် ပခုက္ကူမြို့မှ စစ်သင်္ဘော ၁ စီး လည်း ဧရာဝတီမြစ်ကမ်းဘေးရှိ ပန်းညိုရွာတွင် မတ် ၈ ရက်နေ့ကတည်းကရောက်ရှိဆိုက်ကပ်ထားခြင်းဖြစ်သည်။
မတ် ၁၁ ရက်နေ့တွင် ပန်းညိုရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ သာဂေါင်ကျေးရွာတွင် စခန်းချရောက်ရှိနေသည့် အထက်ပါစစ်ကောင်စီစစ်ကြောင်းက ပန်းညိုရွာဘက် စစ်ကြောင်းထိုးလာသလို စစ်သင်္ဘော ၂ စင်းကလည်း လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်သို့ပစ်ခတ်ခဲ့သည်။
အဆိုပါ ကြည်းရေလေ ထိုးစစ်ကြောင့် ပန်းညိုရွာမှ ဆုတ်ပေးခဲ့ရသည်ဟု မြောင် မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDSOM) က ကိုနွေဦးက Myanmar Now ကို ပြောသည်။

“သာဂေါင်ဘက်က စစ်ကြောင်းကလည်း တစ်မိုင်ကျော်ကျော်လေးပဲရှိတာကို နောက်ကျောဘက်က သင်္ဘောတွေက ထောက်ပေးထားပြီး ရှေ့က စစ်ကြောင်းကလဲ တိုးနေတဲ့ အခြေအနေမျိုးဆိုတော့ လောလောဆယ်တော့ ကျွန်တော်တို့က ပန်းညိုရွာထဲကနေ ဆုတ်ပေးလိုက်ရတာပါ”
ထို့နောက် မတ် ၁၁ ရက်ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပန်းညိုရွာတွင် စခန်းချ တပ်စွဲထားပြီး မတ် ၁၂ ရက်ညတွင် ရွာလုံးကျွတ်နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့သည်၊ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ပန်းညိုရွာခံတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်ကြောင်းချည်းပဲဆိုရင်တော့ ကိုယ့်ဘက်ကချည်းပဲ နေ့စဉ်အသာစီးရနေတာ။ အဲ့လိုမျိုးဆိုတော့ လေကြောင်းပစ်ကူတွေရော ရေကြောင်းပစ်ကူတွေရော ပါလာတဲ့အခါမှာ မမျှတော့ဘူး။ ကာကွယ် ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ပန်းညိုရွာကို ဝင်ဖို့ဆိုတဲ့ဟာလည်း မလွယ်ဘူး”
ပန်းညိုရွာကို စစ်ကောင်စီတပ်က ၂၀၂၂ နှင့် ၂၀၂၃ တို့တွင် ၂ ကြိမ်စီမီးရှို့ခဲ့ပြီး ၂၀၂၂ မေ ၁၅ ရက်နေ့က မီးရှို့မှုတွင် အိမ်ခြေ ၁၄ လုံး၊ စက်တင်ဘာ ၄ ရက်တွင် အိမ် ၂ လုံး မီးရှို့ခံရသည်။ ၂၀၂၃ ဇန်နဝါရီ ၉ ရက် တွင် အိမ်ခြေ ၁၂၁ လုံး၊ မတ် ၇ ရက်နေ့တွင် မီးရှို့ခံထားရသည်။
ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ပြီး နှစ်ပတ်နီးပါးကြာ စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ ခန့်ရှိသည့် အဆိုပါ စစ်ကြောင်းတွင် ရေစကြိုအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၅၆ ၊ ၂၅၇ ၊၂၅၈ တို့နှင့် ဆင်ချောင်းရွာ ပြည်သူ့စစ်ပူးပေါင်းတပ်များဖြစ်သည်ဟု Yesagyo Township Info Committee ၏ ထုတ်ပြန် ချက်အရ သိရသည်။
ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာတွင်တည်ရှိသည့် ရေလယ်ကျွန်းဒေသမှာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်း ဒေသသုံးခု ပေါင်းဆုံသည့် နေရာတွင် တည်ရှိခြင်းကြောင့်လည်း စစ်ကောင်စီတပ်အတွက်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက် အရေးပါသည့် ဒေသ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မတ်လမှ ၂၀၂၅ ဇန်နဝါရီလအထိ စစ်ကိုင်းတိုင်းတွင် အရပ်သား ၅၃၀၄ ဦး သေဆုံးခဲ့ပြီး ၃၇၈၈ ဦး ဒဏ်ရာရခဲ့သည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇၈ ဦး သေဆုံး ခဲ့ပြီး ၅၃၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တိုက်ပွဲသတင်းများကို လေ့လာစောင့်ကြည့်နေသည့် Data For Myanmar က ယမန်နေ့ ( မတ် ၁၂) တွင် ထုတ်ပြန်ထားသည်။








မီးရှို့ခံထားရသော မြေစွန်းတော်ရွာအတွင်းမြင်ကွင်းကို မတ်လ ပထမပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ- Info Committee Yesagyo )