မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က ယခုလဆန်းပိုင်းမှစ၍ စီးနင်းလျက်ရှိရာ ပြည်သူ ၁၁ ဦး သတ်ဖြတ်ခံထားရပြီဖြစ်ရာ အများစုမှ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ထိုဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် သုခဒီပရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လဆန်းပိုင်းမှစ၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသကို စစ်တပ်က စီးနင်းရာမှ ထိုသို့ သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ထိုစစ်ကြောင်းတွင် ရေစကြိုအခြေစိုက် စစ်တပ် ခြေလျင်တပ်ရင်းများဖြစ်သော ၂၅၆ ၊ ၂၅၇၊ ၂၅၈ နှင့် ဆင်ချောင်းရွာခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၀၀ ခန့်ထက်မနည်း ပါဝင်သည်ဟု Yesagyo Township Info Committee က မတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရေစကြိုမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ထိုစစ်ကြောင်း မြေတော်စွန်းရွာကို မတ် ၂ နေ့မှ စပြီး ၃ ရက်ကြာ စီးနင်းစဉ် တိမ်းရှောင်နိုင်ခြင်း မရှိသည့် သက်ကြီးရွယ်အိုများ၊ အရပ်သားများ သတ်ဖြတ်၊ အလောင်းဖျောက်ခံလိုက်ရသည်ဟု သူက ပြောသည်။
“(မြေစွန်းတော်ရွာ)ဘုန်းကြီးကျောင်းနားမှာ အလောင်း ၂ လောင်းတွေ့တယ်။ ရုပ်လုံးပေါ်တယ်။ ကျန်တဲ့အလောင်းတွေက မီးရှို့ခံထားရတဲ့အိမ်တွေမှာတွေ့တယ်။ တစ်နေရာစီမှာ ၃လောင်းစီလောက်”ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။
“သွပ်ပြားတွေအောက်မှာ မီးလောင်ထားတဲ့ အပျက်အစီးတွေအောက်မှာ တွေ့တယ်။ အရိုးစုပဲ ကျန်တော့တယ်”
စစ်တပ် လာစဉ် ထွက်မပြေးနိုင်သဖြင့် ရွာထဲ ကျန်နေစဉ် ထိုအဖြစ်ဆိုးနှင့် ကြုံရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
စီးနင်းမှုအတွင်း လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် မြေစွန်းတော်ရွာတွင် နေအိမ်ထက်ဝက်နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်၊ သတ်ဖြတ်ခံလိုက်ရသည့် ၁၁ ဦးထဲတွင် မြေစွန်းတော်ရွာနှင့် မာလကာခြံရွာတို့မှ အသက် ၆၀ နှင့်အထက် အရပ်သား ၈ ဦး ပါဝင်သည်ဟု သိရသည်။
ထို့အတူ ရွာချင်းကပ်လျပ်တွင်ရှိသည့် မာလကာခြံရွာမှ အသက် (၇၀) အရွယ် ဦးညွန့်ဝေ နှင့် အသက် (၅၀) အရွယ် ဦးဆန်းဝင်းတို့မှာလည်း စစ်တပ်၏ စီးနင်းမှုအတွင်း သတ်ဖြတ်ခံလိုက်ရသည်ဟု ရေစကြို ပကဖထံက သိရသည်။
သတ်ဖြတ်မှု၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီ၏ မတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ မတ်လ ၅ ရက်နေ့က ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အိမ်မီးရှို့မှုမှာတော်လှန်ရေးအဖွဲ့များ၏လက်ချက်ဖြစ်ကြောင်း ရေးထားသည်။
စစ်ကောင်စီတပ်၏ စီးနင်းမှုကြောင့် ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်မှ ကျေးရွာပေါင်း ၂၀ ကျော်မှာ စစ်ဘေးရှောင်နေထိုင်နေကြရဆဲဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများလည်းရှိကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။



