
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တွင် မတ်လ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင်က အင်အားပြင်းထန်သည့် ငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
နေပြည်တော်တွင် ၉၆ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၈ ဦးနှင့် ကျောက်ဆည်မြို့တွင် ၃၀ ဦး သေဆုံးကြောင်းနှင့် လူပေါင်း ၇၀၀ ကျော်ဒဏ်ရာရရှိထားကြောင်း သောကြာနေ့ညက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားသည်။
မန္တလေး၊ စစ်ကိုင်း နှင့် နေပြည်တော်မြို့များရှိ ဆေးရုံများတွင် ငလျှင်ဒဏ်ကြောင့်ဒဏ်ရာရလူနာများ များပြားနေပြီး အရေးပေါ်သွေးလိုအပ်ချက်များပြားနေကြောင်း စစ်ကောင်စီကအကူအညီတောင်းထားသည်။
နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံလည်း ပြိုကျပျက်စီးနေပြီး မန္တလေးဆေးရုံတွင်လည်း လူနာများပြည့်နှက်နေသည်။
မန္တလေး ပြည်သူ့ဆေရုံကြီးတွင် လူနာများ အများအပြားပြည့် နှက်နေသဖြင့် ဆေးရုံဝင်းအတွင်းမှာပင် ငလျင်ဘေးကြောင့် ဒဏ်ရာရသူများ စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။




ဆေးရုံဝင်းအတွင်း ရောက်ရှိနေသူတစ်ဦးက ” ပြည်သူ့ဆေးရုံဝင်း အဝင်အဝကနေ စပြီးတော့ ဆေးရုံဝင်း တစ်ဝင်းလုံးကို လူနာတွေ ပြန့်ကျဲနေတာပဲ ကျွန်တော်မြင်တာပေါ့နော်။ လူနာတွေလည်း သွေးအလိမ်းလိမ်းနဲ့ ဆရာဝန်တွေကလည်း ဘယ်လိုမှမနိုင်ဘူး။ လူနာတွေကို ဆေးရုံကုတင်တွေပေါ် ပေးတင်လို့လည်းမရဘူး ဆေးရုံကိုယ်တိုင်ကလည်း ပြိုထားတာဆိုတော့ နောက်ပြီး မှောင်ကြီးမဲကြီးထဲမှာ လူနာတွေ နေရာမရဘူး။ ဆေးလည်းမနိုင် ဖြစ်ချင်တိုင်းလည်း ဖြစ်နေတာ တချို့ဆရာဝန်တွေဆို ထိုင်ငိုနေတာတွေခဲ့တယ်။ မလုပ်တတ်တော့လေ ဆေးကျောင်းသားတွေလည်း အများကြီး တစ်ချို့ဆရာဝန်တွေဆို အဲ့ဒီမှာ ထိုင်ငိုနေတာတွေ့ခဲ့တယ်” ဟုပြောကြားသည်။
မန္တလေးမြို့ကိုဗဟိုပြုပြီး ယနေ့လှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြီးသည် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိကြောင်း အမေရိကန်အစိုးရ ဘူမိဗေတိုင်းတာရေးအဖွဲ့ (USGS)က ယနေ့ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် ၊ နေပြည်တော် ၊ ကယား (ကရင်နီ) ၊ ကရင်ပြည်နယ် အပါအဝင် နေရာအနှံ့မှ မြို့ကြီးများတွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့ပြီး ဘာသာရေးအဆောက်အဦများ၊ အဆောက်အအုံများ၊ ဘုရား ပုထိုးများ၊ တံတားများ ပြိုကျ ပျက်စီးခဲ့ပြီး လူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
Myanmar Now က ဆက်သွယ်စုံစမ်းမှုများအရ ငလျင်ပြင်းထန်စွာလှုပ်ခတ်မှုများကို ရန်ကုန် ၊ မန္တလေး ၊ ၊ ကျောက်ဆည်၊ နေပြည်တော် ၊ စစ်ကိုင်း ၊ အမရပူရ၊ မိတ္ထီလာ၊ အောင်ပန်း ၊ ပင်းတယ၊ မိုးမိတ်၊ ပဲခူး ၊ ကျောက်ဆည်၊ ကလေး၊ မူဆယ် ၊ ယင်းမာပင်၊ မုံရွာ၊ ဝက်လက်၊ ကျောက်ဆည်၊ ဝမ်းတွင်း ၊ တောင်ငူ ၊ ပုသိမ် စသည့်မြို့ များမှ ဒေသခံများထံက သိရသည်။ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ကြရ သည်။
လက်ရှိတွင် နေရာအနှံ့အပြားမှာ ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်က အထိအခိုက်များခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများ ၏ စစ်ရုံးအပါအဝင် နေပြည်တော်၌ ပြိုကျ ပျက်စီးမှု များပြားခဲ့သည်။

မန္တလေးမြို့တွင်လည်း အဆောက်အဦပြိုကျမှု၊ မီးလောင်မှုများကြောင့် လူသေဆုံးထိခိုက်မှုများရှိပြီး ကူညီကယ်ဆယ်ရေးများ လုပ်နေပြီး အခြေအနေ အတိအကျ မသိရသေးပေ။
ဆေးရုံ၊ ဆေးခန်းများတွင် လူနာအများအပြား ရောက်ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည် ဟု သိရသည်။
၇.၇ ရစ်ချက်တာစကေးရှိ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ် ၃ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း လာမည့် ၆ နာရီအတွင်းနောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်၍ ဘေးလွတ်ကင်းရာ နေရာများမှာ နေထိုင်ကြရန် ဖော်ပြထားသည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ယနေ့ မွန်းလွဲတွင် ငလျင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်နိုင်သောကြောင့် သတိပြုနေထိုင်ကြပါရန်သတိပေးထားသည်။
စစ်ကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေး ပေါ်အခြေအနေအဖြစ် ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
အထင်ကရ ပြိုကျမှုများ
မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား ၂ စင်းအနက် တံတားဟောင်း ဖြစ်သော အင်းတံတား ပြိုကျသွားခဲ့ပြီး စစ်ကောင်စီ၏ အလယ်ပိုင်းဌာနချုပ် အခြေစိုက်ရာ မန္တလေး နန်း တွင်း မြို့ရိုးတချို့ ပြိုကျခဲ့သည်။

မန္တလေးမြို့တောင်ဘက် အင်းဝမြို့ရှိ မယ်နုအုတ်ကျောင်းနှင့်လေးထပ်ကျောင်း ပြိုကျပျက်စီးခဲ့သည်။
မစိုးရိမ်တိုက်ဟောင်း၊ မဟာမြတ်မုနိ၊ နာမည်ကျော် ဦးပိန်တံတား၊ ကျောက်တော်ကြီးဘုရား တို့တွင်လည်း ပြိုကျပျက်စီးခဲ့သည်။
ယနေ့ မွန်းလွဲက ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေးနှင့် နေပြည်တော် ရှိ နိုင်ငံတကာ လေဆိပ်နှစ်ခုပျက်စီးခဲ့သည်။
နေပြည်တော်နှင့် မန္တလေးရှိ နိုင်ငံတကာလေဆိပ်နှစ်ခု ထိခိုက်ပျက်စီးမှုရှိပြီး သေဆုံးသူများ ရှိနေကြောင်း စုံစမ်းသိရသည်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ကွန်ထရိုးတာဝါ ပြိုကျခဲ့ပြီး ထိုနေရာ၌ အလုပ်လုပ်နေသူများ သေဆုံးသွားသည်ဟု နယ်ခံတစ်ဦးက ပြောသည်။
“ နေပြည်တော် လေဆိပ်က Control Tower ပြိုကျပျက်စီး၊ ဝန်ထမ်းတွေသေကုန်တယ်လို့ကြားရတယ်။ ဖုန်းက ပြောနေရင်းနဲ့ ပြတ်ကျသွားတာ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါတာဝါတွင် လေကြောင်းလိုင်းပညာရှင် ၂၀ ခန့်အပါဝင် စုစုပေါင်းလုပ်ကိုင်နေသူ အနည်းဆုံး ၄၀ ခန့် ရှိပြီး ပြိုကျမှုအတွင်း အားလုံးသေဆုံးသည်ဟု စစ်ကောင်စီတပ်အရာရှိတစ်ဦးကလည်း လတ်တလော ပြောဆိုထားသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။
အလားတူ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း လေဆိပ်မုခ်ဦးနှင့် အဆောင်ပြိုကျပျက်စီးသွား သည်၊ အဆိုပါအခြေနေကြောင့် မန္တလေးလေဆိပ်ကို ဆင်းသက်မည့် လေယာဉ်များသည် ရန်ကုန်လေဆိပ် သို့ ပျံသန်းနေရသည်ဟု သိရသည်။
“မန္တလေး လေဆိပ်မုခ်ဦးတွေ ပြုတ်၊ အဆောင်တွေ ပြိုကျတယ်။ ဟိုတယ်တွေပြိုတယ်။ ဆင်းမယ့် လေယာဉ်ပျံတွေ ရန်ကုန်ကို ပြန်လှည့်နေကြရတယ်။ အဲဒီလေယာဉ်တွေကို Handle လုပ်ဖို့ ဝန်ထမ်းတွေ အလုပ်ရှုပ်နေကြတယ်”
ငလျင်ကြောင့် ရန်ကုန်နှင့်မန္တလေး လေဆိပ်များ လေယာဉ်အသွားအလာများ ရပ်တန့်ထားကြောင်း မြန်မာ လေကြောင်းလိုင်းများက ယနေ့ ညနေ ၅ နာရီတွင် ကြေညာထားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ဒုဋ္ဌဝတီမြစ်ကူးတံတားကျိုးကျပြီး အနီးနားရှိနေအိမ်တချို့ပြိုကျခဲ့သည်။

နိုင်ငံအနှံ့ ငလျင်လှုပ်ခတ်မှုများ
မန္တလေးမြို့အထပ်မြင့်တိုက်တချို့ပြိုကျသွားပြီး အပျက် အစီးများအကြား ပိတ်မိနေသူများလည်း ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ အိမ်တွေပြိုတယ် ဆန်အိတ်တွေလည်းပြိုတယ် ပြေးထွက်ခဲ့ရတာပဲ.. ကံကောင်းလို့ပါကွယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
ပြိုကျပျက်စီးမှုများတွင် သေဆုံးသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမြို့ပေါ်မှ ဗလီများအပါအဝင် အဆောက်အဦပြိုကျခဲ့သည်၊ ရွှေဘုန်းရှိန်ဗလီ ငလျင်လှုပ်ပြီး အဆောက်အဦ အကုန်ပြိုကျခဲ့ကာ ပိတ်မိသူတချို့ရှိနိုင်ကြောင်း လူမှု ကွန်ရက်တွင် တွေ့ရသည်။ မြရည်နန္ဒာအိမ်ရာမှ တိုက်တချို့လည်းတိမ်းစောင်းခဲ့သည်။ သက်တမ်းရင့် ဂရိတ်ဝေါလ်ဟိုတယ် လည်း ပြိုကျလု နီးပါးစောင်းသွားခဲ့ပြီး ပြိုကျမှုရှိခဲ့သည်။
ငလျင်အပြီး မန္တလေးမြို့တွင် မီးလောင်မှုများရှိခဲ့ကာ မန္တလေးတက္ကသိုလ်ပါ မီးလောင်ခဲ့သလို အဆောက် အဦပြိုကျမှုတွင် လူအများအပြား ပိတ်မိနေကြောင်း သိရသည်။
ကလေးမြို့ဒေသခံတစ်ဦးကလည်း “၁၂ နာရီ ၅၃၊ ၅၄ ဝန်းကျင်မှာလှုပ်တာ။ ခေါင်းတော့တော်တော်မူးသွား တယ်။ နည်းနည်းလေးတော့ ကြမ်းတယ်။ အများဆုံးတစ်မိနစ်လောက်ပဲရှိမှာ လှုပ်တာ” ဟု ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပင်းတယတွင် စေတီ တစ်ဆူ ပြိုကျခဲ့သလို ပုဂံမြို့တွင်လည်း မဟာစန္ဒာမုနိ ဘုရားတစ်ဆူ ပြိုကျသည်။
မုံရွာမြို့နယ် အမျိုးသားတစ်ဦးက “ဒီနေ့ မြေပြင်မှာ မူးရုံတင်မဟုတ်ဘူး။ ပျို့ပါပျို့တယ်။ အိမ်တွေတော့ မပြိုဘူး။ ယိမ်းနေတာပဲ။ ပထမလှုပ်တာက ၂ မိနစ်လောက်ကြာတယ်။ ၅ မိနစ်လောက်ခြားပြီး နောက် တစ်ကြိမ်လည်း ၂ မိနစ်လောက်ကြာတယ်။ ဒီဘက်မှာအပျက်စီးတော့မကြားမိသေးဘူး” ဟု ယနေ့ မွန်းလွဲ ၃ နာရီခန့်က ပြောသည်။
မိတ္ထီလာမြို့တွင် ကန်ဘောင်ရှိ အဆောက်အဦတချို့၊ နေအိမ်များ၊ ဘုရားများ ပြိုကျပျက်စီးခဲ့သည် ဟု သိရသည်။

ဝက်လက် ၄ ဦး ၊ အင်းလေး ၃ ဦး ၊ အောင်ပန်း ၂ ဦး ၊ နေပြည်တော် ၂ ဦး ၊ တောင်ငူ ၈ ဦး
ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်မှာ ၁၂ နာရီ ၅၀ ခန့်တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၄ ဦး အတည်ပြုထားနိုင်ပြီး အင်ဒေါင်းရွာမှ သားအမိ ၂ ဦးရေထဲမျောပါခဲ့ကာ အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။ ငသိုက်တောင်ရွာမှ ရွှေမျောစပ်အင်းတွင် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်ဟု Myanmar Now က စုံစမ်းသိရသည်။
ဝက်လက်မြို့နယ် ရှိမ်းမကားဘေးမဲ့တော ဘုန်းကြီးကျောင်း ၃ ကျောင်း ပျက်စီးကာ ကျေးရွာ ၃ ရွာ ခန့် ပျက်စီး၍ ရဟန်းတစ်ပါး ပိတ်မိနေကြောင်း၊ ဒဏ်ရာရသူတချို့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မြေသားလမ်းတချို့ ပျက်စီးခဲ့ကာ ဝက်လက်တစ်မြို့နယ်လုံးမှ ငလျင်ဒဏ် သိသိသာသာ ခံစားခဲ့ရပြီး အထူးသဖြင့် ဝက်လက်အရှေ့ခြမ်း မြစ်ကမ်းဘေးရွာများမှ ပိုခံစားနိုင်ရကြောင်း ၎င်းက ပြောသည်။
“ အိမ်အောက်က ထွက်ပြေးလို့မရအောင်ကို လှုပ်ခတ်နေတာဗျ ဒီငလျင်က တော်တော်ဆိုးတယ်ဗျ။ ဘုန်းကြီးကျောင်းတွေ ပြိုတယ်၊ ဘုရားစိန်ဖူးတော်တွေ မြေခတယ်။ ဒုတိယအကြိမ်က အတော်လေး လှုပ်ခတ်တယ်”
“ မြစ်ကမ်းဘေးရွာတွေမှာ ကယ်ဆယ်ရေး စလုပ်နေပါပြီ။ တော်လှန်ရေးအင်အားစုကလူတွေ ရှိပါတယ်”
ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ထဲရှိ ရေများ ပွက်ဆူလာပြီ ခရိုင် ချင်းဆက် အမှတ်-၃လမ်းပိုင်းရှိ လမ်းမနေရာတချို့တွင် အပျက်အစီးကာ မင်းဝံတောင်ရိုး တလျှောက် တောင်များ အက်ကွဲနေကြောင်း Wetlet Information Network က ယနေ့ ရုပ်သံများ၊ ဓာတ်ပုံများဖြင့် ထုတ် ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နာမည်ကျော် အင်းလေးဖောင်တော်ဦးဘုရားနှင့် ၁၀ မိနစ်အကွာမှ ဇရပ်ကြီးရွာမှာ ငလျင်ဒဏ်ကြောင့် ရွာခံ ၃ ဦးသေဆုံးပြီး ၁ ဦး ရေထဲမျောပါပျောက်ဆုံးနေကာ ရွာလုံးကျွတ်နီးပါး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
“ရွာမှာအိမ်ခြေ ၁၃၅ အိမ်ရှိတာ အကုန်လုံးကို ယိုင်နဲ့ပြိုပျက်ကုန်ပြီ။ လောလောဆယ် ၃ ဦးဆုံးသွားပြီ။ ၁ ဦးက ရေအောက်ပါသွားတာ ရှာနေတယ်”ဟု ဇရပ်ကြီးရွာ ဆရာတော်က မိန့်သည်။

သေဆုံးသူများမှာ ဆယ်ကျော်သက်အရွယ် ကိုးတန်းဖြေထားသည့် ကျောင်းသူ ၁ ဦး၊ အသက် ၇၀ ကျော် အရွယ် အမျိုးသား ၁ ဦး၊ လသားအရွယ် မိန်းကလေးငယ် ၁ ဦးတို့ဖြစ်သည်။ ရေထဲမျောပါသွား သည့် အသက် ၃၀ ကျော် အမျိုးသမီးကို ဒေသခံများ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည် ဟု ဆရာတော်က ယနေ့ ညနေ ၄ နာရီဝန်းကျင်က မိန့်သည်။
အိမ်ခြေ ၁၃၀ ကျော်ရှိသည့် ဇရပ်ကြီးရွာမှာ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှုများရှိပြီး ဘုန်းကြီးကျောင်း ပင်မကျောင်းဆောင်၊ ဇရပ်၊ မီးဖိုဆောင်အပါအဝင် အဆောက်အဦးများ ပြိုကျ ပျက်စီးသွားကြောင်း ဆရာတော်က မိန့်ကြားသည်။
“လက်လုပ်လက်စားအိမ်တွေကများတယ်။ အင်းအလယ်မှာ ဖြစ်တဲ့အတွက် အနေအထိုင်က တော်တော် လေး ကျဉ်းကျပ်တယ်။ အစားအသောက်၊ ဆေးဝါးကုသမှု အသေးစိတ်ကအစအကုန် အကူအညီ လိုအပ် နေတယ်။ ခုက ကိုယ့်ရွာနဲ့ကိုယ် ဒီလိုပဲ လုပ်နေရတာ”
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဟိုတယ် ပြိုကျခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးသည်ဟု မြို့နယ် နာရေးကူညီမှုအသင်းထံက သိရသည်။
တောင်ငူမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ နီးပါး ရှိနေ ကြောင်း ကူညီကယ်ဆယ်ရေးပေးနေသည့် ပရဟိတအဖွဲ့များထံက သိရသည်။
စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဝေဠုဝန်ကျောင်းတိုက်မှ ဓမ္မစကူး ဖွင့်ထားသည့် ကျောင်းဆောင် ပြိုကျမှုတွင် ကလေး ၅ ဦးနှင့် ကိုရင် ၁ ဦးသေဆုံးခဲ့ပြီး ကန်တော်ဗလီမှ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
“ တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်ကလေးတွေအတွက် ဓမ္မစကူးလ်သင်တဲ့ နေရာလေး အုတ်ကျောင်းပေါ့။ အပေါ်က အာစီလောင်းထားတာ အပေါ်က ကွန်ကရစ်၊ ဘေးကလည်း ကွန်ကရစ် မိုးထားတဲ့ ရှေးဟောင်းအဆောက်အဦ၊ အဲ့ဒီအဆောက်အဦထဲမှာ ဓမ္မစကူးလ်သင်မယ့် ကလေးလေး ၆ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်ကလေး ၆ ယောက်သေသွားတယ်… ပိပြီးတော့” ဟု ကူညီကယ်ဆယ်ရေးပေးနေ သည့် Save The Trees Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဝတ်ပြုနေတဲ့ ကန်တော်ဗလီမှာ ၂ ယောက်သေတယ်။ အားလုံးပေါင်းတောင်ငူမှာ ကျွန်တော်တို့ သိသ လောက်တော့ ၈ ယောက်သေတယ်”
တောင်ငူမြို့ပေါ် ရွှေဆံတော်ဘုရား အပါအဝင်ထီးတော် ဆောင်းသွားပြီး နေအိမ် ၅ လုံးထက်မနည်း ပျက်စီးမှုများရှိပြီး ကူညီကယ်ဆယ်ရေးလုပ်နေသူ နောက်တစ်ဦးက ပြောသည်။

နေပြည်တော်
စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက် ပြိုကျခဲ့သည်။ ဈေးများ၊ ရှော့ပင်းမောလ်နှင့် အဆောက်အဦများ ပြိုကျပျက်စီးခဲ့ပြီး လမ်းများပါ အက်ကွဲပျက်စီးနေသည်။
လွှတ်တော်အဆောက်အအုံများကြီးမားစွာ ပြိုကျခြင်းမရှိသော်လည်း နံရံချပ်များ ပြိုကျပျက်စီးခြင်း များသာရှိကြောင်း လွှတ်တော်ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။
“ငလျင်လှုပ်ပြီးတာနဲ့ ဝန်ထမ်းတွေ အကုန်ပြန်လာကြတာ” ဟု ဆိုသည်။
နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာနအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများတွင်လည်း အုတ်နံရံများ ပြိုကျခြင်းများရှိပြီး ဝန်ထမ်းများထိခိုက်မှုမရှိသော်လည်း ဌာနအဆောက်အအုံများတွင် မနေရဲတော့ဘဲ နေအိမ်များသို့ အသီးသီးပြန်လာကြကြောင်း ဝန်ထမ်းတချို့က ဆိုသည်။
နေပြည်တော် ဇေယျာသီရိ၊ ဇမ္ဗူသီရိ၊ ပျဉ်းမနားမြို့နယ်အသီးသီးတို့တွင်လည်း နေအိမ်များရှိ အုတ်နံရံ များ ပြိုကျပြီး နေအိမ်တစ်ခုလုံး လှုပ်ခါကာ ထိခိုက်မှုပြင်းထန်ကြောင်းစုံစမ်းသိရသည်။ လူသေဆုံးမှူ အခြေနေကို စုံစမ်းနေဆဲဖြစ်သည်။
ငလျင်ထပ်လှုပ်မည်ကို စိုးရိမ်နေ၍ နေပြည်တော် ဒေသခံအများပြားသည် လမ်းပေါ်ထွက် ထိုင်နေကြ သည်ဟု သိရသည်။
ဝန်ထမ်းအိမ်ရာနေအိမ်တိုက်များ ပြိုကျ၍ ပိတ်မိနေသူများရှိပြီး ကယ်ဆယ်ရေးကားများ ကယ်ဆယ် လျက်ရှိသည်ကို လည်း တွေ့မြင်နေရကြောင်း ဆိုသည်။

ပျဉ်းမနားမြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် ဇနီးမောင်နှံ နေအိမ်တိုက်ပြိုကျပြီးသေဆုံးခဲ့သည်ဟု ယင်းဖြစ်စဉ်ကို သိသည့် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“အပေါ်ထပ်မှာ လင်မယားနှစ်ယောက် အိပ်နေတာ ငလျင်လှုပ်တော့ တိုက်ပြိုကျပြီးဆုံးတာ”
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ပြိုကျပျက်စီးကာ ကျန်းမာရေးဝန်ထမ်းများ ထိခိုက်သေဆုံးမှုများ ရှိပြီး နေပြည်တော်စစ်ရုံးဆောက်အဦတစ်ခုလည်းပြိုကျပျက်စီးသွားကြောင်း လူမှုကွန်ရက်တွင် တွေ့ရ သည်။
“ နေပြည်တော် ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးပြီး အခုချိန်ထိ ပိတ်မိနေသူတွေ ရှိနေတယ်လို့ ပြောပါ တယ်။ တချို့တိုက်ခန်းတွေ မြေညီထပ်တစ်ခုလုံးမြေကြီးထဲကျွံဝင်သွားပြီး တချို့ကတော့ နံရံတွေပြိုကျ ပျက်စီးသွားတယ်။ လမ်းမတွေလည်း အက်ပြီး ဘေးဘက်ကိုတခြမ်းကျွံသွားတယ်။ အကောင်းအတိုင်း ကျန်တဲ့တိုက်ခန်းတွေထဲမှာလည်း အသုံးအဆောင်ပစ္စည်းတွေအကုန် ပျက်စီးကုန်တယ်” ဟု နေပြည်တော် က ဝန်ထမ်းတစ်ဦးက ပြောသည်။
လယ်ဝေးဒေသခံ တစ်ဦးက “ လယ်ဝေးမှာက နေအိမ်လည်းပြိုတာအများကြီး ဗလီလည်းပြိုပြီးအထဲက လူတွေရော အလုပ် လုပ်တဲ့ သူတွေရော သေတာရော ဒဏ်ရာရတာရော အများကြီးပဲ။ အတိအကျသာ မသိတာ”ဟု ပြောသည်။
နေပြည်တော် ပျဉ်းမနားတောင်ညိုလမ်းမကြီးပေါ်တွင်လည်း ငလျင်ဒဏ်ကြောင့် လမ်းများ အက်ကြောင်း များဖြင့် ကွဲအက်နေပြီး ယာဉ်များပိတ်ဆို့မှုဖြစ််ခဲ့သည်။ ဆိုးရွားသည့် အက်ကြောင်းများကြောင့် ကားများ သွားလာ၍မရဘဲ လမ်းကောင်းသည့်ဘက် ရွေးချယ်၍ ကား၊ ဆိုင်ကယ်သွားလာနေရသည်ကိုလည်း လူမှုကွန်ရက်တွင် တွေ့မြင်ရသည်။
ရန်ကုန်နှင့်ပဲခူး
ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့တွင် နေထိုင်သူတစ်ဦးက ရုတ်တရက် အရှိန်ပြင်းပြင်း ငလျင်လှုပ်လာ သဖြင့် တိုက်ပေါ်မှ ဖိနပ်ပင်မယူနိုင်ဘဲ ဆင်းပြေးခဲ့ရကြောင်း ဆိုသည်။
ယနေ့ မွန်းလွဲ ၁ နာရီခန့်က လှုပ်ခတ်သည့် အင်အားပြင်းငလျှင်ကြောင့် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ နေအိမ်တချို့ ပျက်စီးသွားပြီး အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိ သွားသည်ဟု သာကေတမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကားလမ်းပေါ် ကားတွေ အကုန်ရပ်ထားရတာ၊ အဲဒီဆိုင်ကယ်က အရှိန်မလျော့ဘဲ မောင်းလာတာ အရမ်းလှုပ်တဲ့အချိန်ဆိုတော့ လမ်းဘေး ထိုးဆင်းသွားတာ ဆိုင်ကယ်လဲတော့ (အဆိုပါအမျိုးသား)သူက ခေါင်းနဲ့ ကျတာ သတိပါ ခဏမေ့သွားတယ် မနည်း ပြန်ပြီး နှာနှပ်ယူထားရတာ” ကူညီပေးခဲ့သည့် အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။
ငလျှင်လှုပ်ခတ်နေစဉ်အတွင်း ၎င်းတို့ နေအိမ်အတွင်းရှိ ပစ္စည်းတချို့ ပျက်စီးသွားပြီး၊ မိသားစုအားလုံး အိမ်ပြင်ထွက်နေကြရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“အကုန်ထွက်ကြတာ လမ်းထဲက လူတွေအကုန်လုံး လမ်းပေါ်မှာပဲ မတ်တပ်တောင်မရပ်နိုင်ဘူး၊ အကုန်ထိုင် နေကြရတာ၊ ဓါတ်တိုင်တွေ ဓါတ်ကြိုးတွေဆို ရမ်းခါနေတာပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပဲခူးမြို့တွင် ငလျှင်လှုပ်ခတ်မှု ပြင်းထန်သောကြောင့် နေအိမ်အချိို့ ပျက်စီးသွားပြီး ဖုန်းလိုင်းနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်သွားသည်ဟု Myanmar Now ကို ပြောသည်။
“မီးလာတဲ့အချိန်ကို ပြန်ပြတ်သွားပြီ၊ ဖုန်းတွေလည်း တစ်လုံးမှ ခေါ်မရဘူး ဖြစ်ဖြစ်ချင်း၊ အိမ်က မိသား စုကို ဖုန်းဆက်တာ လုံးဝဆက်မရဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ရန်ကုန်မြို့နှင့် ပဲခူးမြို့ရှိ ဖုန်းလိုင်းအချို့ ငလျင်လှုပ်ပြီး မိနစ် ၃၀ ခန့်ကြာသည့်အထိ ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်လာမှုမရှိသေးပေ။
ငလျင်သည် ပထမတစ်ကြိမ်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များလည်း လှုပ်နိုင်ချေရှိသဖြင့် သတိထားရန်လိုအပ်သည်။

ထိုင်းနိုင်ငံ
ငလျင်သည် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် ၊ ချင်းမိုင်နှင့် မဲဆောက်မြို့များတွင်ပါ လှုပ်သွားကြောင်းသိရ သည်။
ဘန်ကောက်မြို့တွင်လည်း မိုချစ်ဘူတာအနီး ဆောက်လက်စတိုက်တချို့ ပြိုကျမှုရှိကြောင်း Facebook လှုမှုကွန်ရက်တွင် တက်လာသည့် ရုပ်သံအချို့အရသိရပြီး အမျိုးသားတစ်ဦး အပျက်အစီးကြား ပိတ်မိ နေသည်ကို တွေ့ရသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံအရေအတွက်နှင့် ထိခိုက်သေဆုံးသူအရေ အတွက်ကို မသိရသေးပေ။