မွန်းတည့်နေအောက်တွင် ထိုင်းတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့လေးဖြစ်သည့် ရနောင်းမြို့ ပနမ်ဆိပ်ကမ်းတစ်လျှောက်သည် စက်လှေထဲမှငါးများကို ကမ်းပေါ်တင်သူ၊ ငါးဖမ်းထွက်ရန် ပိုက်ကွန်ပြင် ရေခဲတင်ကာ ပြင်ဆင်နေသူများဖြင့် ပျားပန်းခတ် စည်ကားနေသည်။
ငါးညှီနံ့လှိုင်နေသည့် ထိုလုပ်ငန်းခွင်အတွင်း ငါးဖမ်းရေလုပ်သားတို့ နေပူထဲတွင် ကာယအားအသုံးပြု လုပ်ကိုင်နေကြသည်။ ပင်လယ်လေကြမ်း၊ ပြင်းထန်သည့် နေလောင်ဒဏ်များကြောင့် ပင်ပန်းရင့်ရော်နေသော ရေလုပ်သားများ ဖြစ်သည်။
အများစုမှာ ထိုင်းနှင့် မြန်မာနယ်ခြားမြစ် ပါချန်မြစ်တစ်ဖက်ကမ်းတနင်္သာရီဒေသခံများဖြစ်ပြီး၊ နိုင်ငံအနှံ့မှ လာရောက်သူများလည်း ပါဝင်သည်။
ထိုင်းငါးဖမ်းလုပ်ငန်းကို အဓမ္မလုပ်အားကျွန်ပြုမှု၊ လူကုန်ကူးမှု၊ ညှဉ်းပန်းသတ်ဖြတ်မှုတို့ကြောင့် ပင်လယ်ပြင်ငရဲခန်းများဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။ ၂၀၁၅ နောက်ပိုင်းတွင် ထိုင်းအစိုးရက ငါးဖမ်းလုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းစခဲ့သော်လည်း ထောင်သောင်းချီသော မြန်မာရေလုပ်သားတို့၏ ဘဝအာမခံချက် ကင်းမဲ့နေဆဲပင်။
ရနောင်းမြို့တွင် အခြေချနေထိုင်ပြီး လုပ်သက် ၃၅ နှစ်ရှိပြီဖြစ်သော အသက် ၄၉ နှစ်အရွယ် ဦးမင်းရွှေသိန်းက ထိုင်းငါးဖမ်းလှေ လုပ်ငန်းခွင်တွင် အများစုမှာ မြန်မာပြည်သားများဖြစ်သည်၊ မြန်မာလုပ်သားတို့ မလုပ်ကိုင်တော့ပါက ထိုလှေများအသုံးမဝင်ဘဲ ထင်းသာဖြစ်သွားမည်ဟု ပြောသည်။
“(မြန်မာရေလုပ်သားမရှိရင်) သူတို့လှေတွေ မီးပုံရှို့လို့ပဲရမယ်” ဟု အရပ်ခပ်ပုပုနှင့် မဟုတ်မခံစိတ် ရှိပုံရသော၊ အသက် ၁၄ နှစ်အရွယ်ကတည်းက ထိုင်းငါးဖမ်းစက်လှေထဲ ရောက်ခဲ့သော ဦးမင်းရွှေသိန်းက ပြောပြသည်။
‘ဝဏ္ဏ’ ဟု ခေါ်သည့် ငါးဖမ်းအလုပ်သမားခေါင်းဆောင်ဖြစ်သူ မွန်ပြည်နယ်သား ဦးမင်းရွှေသိန်းက Myanmar Now သတင်းအဖွဲ့ကို ငါးဖမ်းလှေတွင် အလုပ်လုပ်ရပုံအကြောင်း လိုက်လံပြသခဲ့သည်။
မြန်မာရေလုပ်သားများသည် နှစ်ပရိစ္ဆေဒပေါင်းများစွာ ထိုင်းငါးဖမ်းစက်လှေများတွင် အလုပ်လုပ်ပြီး ထိုင်းပြည်တွင်း ငါးစားသုံးမှုကိုဖြည့်ဆည်းပေးသည်သာမက ထိုင်းနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော ပြည်ပငါးတင်ပို့မှုလုပ်ငန်းတွင် အဓိကကျသော လုပ်အားအရင်းမြစ်အဖြစ် Myanmar Now က မြင်တွေ့ခဲ့ရသည်။
ပင်လယ်ပြင်ငါးဖမ်းရာမှ နိုင်ငံတကာသို့တင်ပို့ရောင်းချသည့် ထိုလုပ်ငန်းစဉ်တွင် လုပ်ငန်းရှင်အဆင့်ဆင့် အကျိုးအမြတ်မြောက်များစွာ ခံစားခွင့်ရနေကြသော်လည်း ရေလုပ်သားများမှာ အခွင့်အရေးချိုးဖောက်မှု၊ အကြွေးနွံနစ်မှု သံသရာထဲတွင် ပိတ်မိနေဆဲဖြစ်သည်ဟု ငါးဖမ်းသမားများနှင့် ရေလုပ်သားအခွင့်အရေး လှုပ်ရှားသည့်အဖွဲ့အစည်းများကဆိုသည်။
ရေကြည်ရာမျှော်လင့်ချက်နှင့် ပင်လယ်ပြင်ခရီးကြမ်း
ရနောင်းမြို့ ပနမ်ဆိပ်ကမ်းအနီး လေဝင်လေထွက် မကောင်းသည့် အခန်းငယ်လေးများထဲတွင် ဦးမင်းရွှေသိန်းနှင့် ဘဝတူ ငါးဖမ်းသမားမိသားစုများ ငှားရမ်းနေထိုင်ကြသည်။
၎င်းတို့သည် ၇ ရက်၊ ၁၅ ရက်၊ တစ်လ စသဖြင့် ပင်လယ်ထွက်ကြရပြီး စက်လှေ ကမ်းပြန်ကပ်ချိန် အနားရကြသည်။ လစာ ဘတ် ၁၂,၀၀၀ (ကျပ် ၁၅ သိန်းခန့်) သတ်မှတ်ထားသော်လည်း ငါးဖမ်းလှေ မထွက်နိုင်သည့်လများတွင် အလုပ်ရှင်က လစာမပေးကြောင်း ဦးမင်းရွှေသန်းက ဆိုသည်။
“ကမ်းမှာနားရင် သူတို့ မပေးဘူးလေ။ ပင်လယ်ထွက်၊ တချို့က ရေခဲချတော့မှ ပေးတာ” ဟု ၎င်းက ပြောသည်။
“သူတို့မခိုင်းရင် ကိုယ်မလုပ်ရဘူးပေါ့။ တခြားအလုပ်သွားလုပ်ပြန်ရင်လည်း သူတို့ ဘတ်မတူရင်လည်း ဖမ်းတယ်လေ။ ဒဏ်ငွေပိုပြီးထိတယ်။ ဘယ်သူက သွားလုပ်ရဲမလဲ”
အလုပ်ပြောင်းရွှေ့လုပ်ကိုင်ကြောင်း မှတ်ပုံမတင်ပါက အလုပ်သမားသာမက အလုပ်ရှင်သစ်ပါ ဒဏ်ငွေ အများအပြား ချမှတ်ခံရနိုင်ကြောင်း သူက ဆိုလိုခြင်း ဖြစ်သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သန်းနှင့်ချီသော မြန်မာအလုပ်သမားအများစုသည် ဒေသခံတို့ လက်ရှောင်ကြသည့် ညစ်ပတ်ပေရေ၊ အန္တရာယ်ရှိ၊ ခက်ခဲကြမ်းတမ်းသော အလုပ်အကိုင်များကိုသာ ရကြပြီး ငါးဖမ်းလုပ်ငန်းများတွင် အလုပ်နေသူ ၇၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများပတ်သက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ရနောင်းတွင် လူဦးရေ ၁၇၅,၀၀၀ ဝန်းကျင်ရှိပြီး မြန်မာအလုပ်သမား ၅၀,၀၀၀ ဝန်းကျင်ရှိသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
ရနောင်းမြို့တွင် ငါးဖမ်းလှေ ၄၀၀ ကျော်ရှိသည်။ ငါးဖမ်းလှေတွင် ရေလုပ်သား ၃၀ ကျော် တွေ့ရတတ်ပြီး ထိုင်းနိုင်ငံသား ၁ ဦးမှ ၄ ဦးထိသာ ပါဝင်လေ့ရှိကာ ကျန်လုပ်သားအားလုံးမှာ မြန်မာများဖြစ်ကြသည်။
အရပ်သားအစိုးရကို ဖြတ်ချကာ မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စီပွားရေးပြိုကျမှုကြောင့် စားဝတ်နေရေးအတွက် ကြုံရာကျပမ်းလုပ်ကိုင်ရန် စွန့်စားထွက်ခွာလာသည့် လူငယ်များလည်း ထိုင်းငါးဖမ်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည်။
ခေတ်အဆက်ဆက်တွင် ထိုင်းရောက် မြန်မာရေလုပ်သားများစွာရှိပြီး စစ်တပ်အာဏာသိမ်းမှုများကြောင့် တိုင်းပြည်ကသောင်းကနင်းဖြစ်နေသဖြင့် ပြည်တော်ပြန်မည်ဟူသော မျှော်မှန်းချက်များလည်း မှေးမိန်နေသေးသည်။
၂၀၂၂ တွင် ဧရာဝတီတိုင်း ဖျာပုံမြို့မှ အသက် ၂၂ နှစ်အရွယ် ကိုပြည့်စုံ ရနောင်းမြို့သို့ ရောက်လာသည်။
အသားညိုညို၊ ပိန်ပိန်သွယ်သွယ် လူငယ်တစ်ဦးဖြစ်သူ ကိုပြည့်စုံသည် မြန်မာနိုင်ငံတွင် ရေလုပ်ငန်း၊ ပန်းရံလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ရန် ဒေါင်ကျကျ၊ ပြားကျကျအလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။
“ဟိုမှာ(မြန်မာ)က လုပ်စားလို့မှ အဆင်မပြေတာ။ ဘယ်လိုမှ အဆင်မပြေတော့ ဒီကို လာမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ”ဟု သူကဆိုသည်။
“လုပ်ငန်းခွင်ထဲမှာ ဘာမှမလုပ်တက်ဘူး၊ ဘာမှနားမလည်ဘူးဆိုရင် နှိမ်တာရှိတယ်။ ကြုံဖူးတယ်။ စစရောက်ချင်း တစ်လလောက်တော့ ခက်ခဲတယ်။ ပြီးကျရင်တော့ သူ့ဘာသာသူ အဆင်ပြေသွားတယ်။ အလုပ်သဘော နားလည်သွားရင်ပေါ့။ မြန်မာပြန်က လာတာတော့ ကြုံရာလုပ်ဖို့ပဲ။ ဒါပေမယ့် အခုလို လှေအလုပ်ရတော့လည်း လှေအလုပ်ပေါ့” ဟု သူက ဆက်ပြောသည်။
“ပင်လယ်(လှေ) လိုက်တဲ့အချိန်မှာ အိမ်ကိုသတိရတာရှိတယ်။ သတိရတဲ့အခါကြတော့ ကိုယ်ကအဆင်မပြေလို့ လာတာလေ။ အဲဒါနဲ့ပဲဖြေသိမ့်ရတာပေါ့။ တစ်နေ့ပြန်မယ်။ ရည်မှန်းချက်ကတော့ အကြီးကြီးမထားတော့ဘူး။ ဖြစ်မှ မဖြစ်လာတာ။ မထားတော့ဘူး” ဟုသူက ပြောသည်။
ပင်လယ်လိုက်သည့်နေ့များတွင် ငါးဖမ်းရန် ပိုက်ကွန်များအတင်အချလုပ်ရသည်။ ဖမ်းမိသောငါးများကို ဆေးကြောသန့်စင်ရသည်။ ခက်ခဲပင်ပမ်းသော်လည်း မြန်မာပြည်နှင့်ယှဉ်လျှင် ပိုက်ဆံပိုရသည်။ သို့သော် စားဝတ်နေရေးစရိတ်၊ အလုပ်လုပ်ခွင့်နှင့်အထောက်အထားသက်တမ်းတိုးသည့် စရိတ်များပြားမှုကြောင့် အခက်တွေ့နေသည်ဟု သူက ဆိုသည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU) ဖြင့်မဟုတ်ဘဲ ထိုင်းနိုင်ငံထဲသို့ မှောင်ခိုလမ်းကြောင်းမှဝင်လာပြီး အထောက်ထားများကိုင်ဆောင်၍ ကာလရှည်နေထိုင်အလုပ်လုပ်ကိုင်ကြသည့် ထိုအလုပ်သမားများကို ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် သက်တမ်းတိုးပေးနေခြင်းဖြစ်သည်။ အထောက်အထား သက်တမ်းတိုးကြေး အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၂,၀၀၀ ဝန်းကျင်တောင်းခံနေ၍ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
ဆုတ်ယုတ်လာသော ရေလုပ်သားအခွင့်အရေး
ထိုင်း၏ ထိပ်တန်းစီးပွားရေးဖြစ်သလို နိုင်ငံတကာဈေးကွက်လည်း ရနေသည့် ပင်လယ်စာ ထုတ်လုပ်ရေး လုပ်ငန်းတွင် မြန်မာရေလုပ်သားများသည် ပင်မရေသောက်မြစ်ဖြစ်သည်ဟု ရေလုပ်သားအခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
ထိုင်းနိုင်ငံသားများသည် စက်လှေမောင်းနှင့် ကြီးကြပ်ရေးအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်ကြသော်လည်း ပိုက်တင်၊ ပိုက်ချ၊ ငါးရွေး စသည့် အောက်ခြေသိမ်းအလုပ်များကို အကျွမ်းမဝင်တော့ပေ။ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းတွင် ထိုင်းလူငယ်မျိုးဆက်နည်းပါး၍မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားလုပ်သားများဖြင့် အစားထိုးနေကြရသည်။
ပင်လယ်စာ ထုတ်လုပ်ရောင်းချမှုကွင်းဆက်တွင် လှေပိုင်ရှင်များက လှေတစ်စီးမှ နှစ်စီး၊ အိမ်တစ်လုံးမှ နှစ်လုံးဖြစ်လာသော်လည်းရေလုပ်သားအများအပြားသည် လုပ်လိုက်၊ စားလိုက်၊ အထောက်အထားများ သက်တမ်းတိုးလိုက်ဖြင့် လုံးချာလည်လိုက်နေကြောင်းရနောင်း မြန်မာရေလုပ်သားသမဂ္ဂ ဖြစ်မြောက်ရေး လှုပ်ရှားနေသူ ကိုရဲသူက Myanmar Now ကို ပြောသည်။
“ဘာဖြစ်လို့ ဒီလိုဖြစ်နေလဲဆိုတော့ အလုပ်သမားတွေမှာက အခြေခံ အလုပ်သမားအခွင့်အရေးက ဘာမှမသိကြဘူး။ သူတို့သိအောင်လည်း မလုပ်ပေးကြဘူး။ ဗဟုသုတပေးတာ၊ လက်ဆင့်ကမ်းပေးတာ မလုပ်ပေးကြဘူး” ဟု ကိုရဲသူက ပြောသည်။
“လှေသားတွေအနေနဲ့ ပုံမှန်လှေထွက်တယ်၊ လစာရတယ်၊ ပြန်ဝင်တယ်၊ ဒီလောက်ပဲရှိတယ်။ နောက်ထပ် သူတို့မှာ ခံစားခွင့်တွေရှိတယ်ဆိုတာ မသိဘူး၊ မသိတော့ အခက်ခဲတွေ မျိုးစုံကြုံနေရတယ်။ ချိုးဖောက်မှုတွေ ကြုံနေရတယ်”
အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားနိုင်သည့် ရုံးများရှိသော်လည်း မသိနားမလည်မှုများကြောင့် အခက်တွေ့နေကြသည်။ အခြားတစ်ဘက်တွင် ထိုင်းနိုင်ငံ၏ ဥပဒေဆိုင်ရာ ကန့်သတ်ချက်ကို တွေ့ရသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မရှိခြင်းပင်။
ခက်ခဲကြမ်းတမ်းသည့် ပင်လယ်ပြင်လုပ်ငန်းခွင်တွင် ဥပဒေစိုးမိုးမှုအားနည်းခြင်းကြောင့် ဆယ်စုနှစ်ချီကာ ခေတ်သစ်ကျွန်ပြုမှု အရှုပ်တော်ပုံများ ၂၀၁၅ မတိုင်မီက ပေါ်ပေါက်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်အသီးသီးသို့ တင်ပို့သည့် ပင်လယ်စာများနောက်ကွယ်မှ အခွင့်အရေးချိုးဖောက်မှုများကို AP သတင်းဌာနက မီးမောင်းထိုးပြခဲ့သည်။ နိုင်ငံတကာက အဝါကတ်ပြသတိပေး အရေးယူခဲ့ပြီးနောက် ထိုင်းအစိုးရက ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည်။
ထိုင်းငါးဖမ်းစက်လှေများကို ဆိပ်ကမ်းအဝင်အထွက်စစ်ဆေးသည့် PIPO(Port-In Port-Out) စနစ်တစ်ခု ထူထောင်ကာ စာရွက်စာတမ်းအထောက်အထား၊ လူဦးရေစာရင်း၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင် အခြေအနေများကို စစ်ဆေးခဲ့သည်။ ရေလုပ်သားများသည် အလုပ်လုပ်ခွင့် အထောက်အထား ပြည့်စုံမှသာ ငါးဖမ်းစက်လှေများသို့ လိုက်ပါခွင့်ရှိသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ငါးဖမ်းလုပ်ငန်းဆိုင်ရာသဘောတူညီမှုကို ထိုင်းအစိုးရက လက်မှတ်ရေးထိုးထားသည်။ အဆိုပါသဘောတူညီမှုတွင် မျှတသောလုပ်အားခနှင့် အလုပ်ချိန်၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေး၊လူမှုဖူလုံရေး၊ ရေလုပ်သားအခွင့်အရေးဆိုင်ရာ အကာအကွယ်များ ပါဝင်သည်။ သို့သော် ထိုင်းအစိုးရ၏ စစ်ဆေးမှုများသည် ဟန်ပြသက်သက်သာဖြစ်နေပြီး ရေလုပ်သားအခွင့်အရေးကို အမှန်တကယ် ကာကွယ်ပေးရန်ပျက်ကွက်နေကြောင်း ငါးဖမ်းသူများအခွင့်အရေးကွန်ရက်၏ ၂၀၂၃ တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
အလုပ်ရှင်များက ရေလုပ်သားတို့၏ အထောက်အထား၊ စာချုပ်များ၊ ဘဏ်ကတ်နှင့် စာအုပ်များကို သိမ်းယူထားခြင်း၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေမလုံလောက်ခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ ဆေးပစ္စည်းရယူသုံးစွဲခွင့်မရှိခြင်း၊ အခွင့်အရေးချိုးဖောက်မှုများကို အာဏာပိုင်တို့ကလျစ်လျူရှုခြင်း၊ ထိုအခြေအနေများကို ဖြေရှင်းရန် အချိန်ကြန့်ကြာခြင်း စသည့်အချက်များတွေ့ရှိရသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
လှေပိုင်ရှင်များက ရေလုပ်သားများကို ထိန်းချုပ်ထားရန် အထောက်ထားများ သိမ်းယူထားကြောင်း၊ ထိုအထောက်ထားများပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်ဘက်က စိုက်ပေးထားသော်လည်း အလုပ်ပြောင်းချိန်တွင် တစ်လုံးတစ်ခဲတည်း အကြွေးပြန်တောင်းကြောင်း ရနောင်း မြန်မာရေလုပ်သားသမဂ္ဂ ဖြစ်မြောက်ရေး လှုပ်ရှားနေသူ ကိုရဲသူက ပြောသည်။
“သူဌေးဆီမှာ လုပ်နေသ၍ ဘတ်လုပ်ထားပေးတာ။ (အလုပ်သမားလုပ်ခလစာထဲက) လုံးဝမဖြတ်ဘူး။ ပြန်ဖြတ်တယ်ဆိုတာမရှိဘူး။ တချို့ အလုပ်သမားတွေက ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ်။ ဒီမှာမလုပ်ချင်တော့လို့ ထွက်တယ်လို့ ပြောင်းတဲ့အခါကြမှ အဲ့ဒီ နှစ်စာ အကုန်ပြန်တောင်းတာ။ ဘတ် ၃၊ ၄၊ ၅ သောင်းရှိတယ်။ တချို့ဆိုရင် တစ်သိန်းထိတောင်ကုန်ဖူးတယ်” ဟု သူက ပြောသည်။
တရားမဝင်နေထိုင်သည့် မြန်မာပြည်သားများသည် ထိုင်းအစိုးရ ထုတ်ပေးသည့် ပန်းရောင်ကတ် ခေါ် အလုပ်သမားကတ် ရရှိရန် စတင်လျှောက်ထားကြရသည်။ ထို့နောက် နယ်ကျော်ခရီးသွားလာခွင့်ရန် CI ဟု အတိုကောက် ခေါ်ကြသည့် မည်သည်မည်ဝါဖြစ်ကြောင်း ထောက်ခံချက်စာအုပ် ထပ်မံပြုလုပ်ရသည်။ မြန်မာအာဏာပိုင်တို့က ထိုင်းအစိုးရနှင့် ညှိနှိုင်း၍ ထုတ်ပေးသည့် ထိုစာအုပ်မှတစ်ဆင့် အလုပ်သမားပတ်စ်ပို့ (PJ) ပြောင်းလဲခွင့်ရှိသည်။
ပန်းရောင်ကတ် သက်တမ်းတိုးရာတွင် ဘတ်သောင်းချီကုန်ကျသလို အခွန်ကောက်ခံမှုများကြောင့်လည်း ကုန်ကျစရိတ်အလွန်ကြီးမားနေသည်ဟု ရနောင်းမှ ဦးမင်းရွှေသိန်းက ပြောသည်။
“အရမ်းခက်ခဲနေတဲ့သူတွေ အများကြီးရှိတယ်။ သူတို့စားဖို့၊ သောက်ဖို့၊ နေရေးတွေအများကြီးရှိတယ်။ တချို့က အကြွေးတွေ နစ်ပြီးရင်နစ်တယ်” ဟု သူက ပြောသည်။ အထောက်အထားများ အတွက်ပေးရသည့် ငွေပမာဏသည် ၂ လစာလုပ်ခနှင့် ညီမျှသည်၊ အလုပ်ရှင်က ကုန်ကျငွေ စိုက်ပေးထားပါက အကျပ်ကိုင်မှုများ၊ ခေါင်းပုံဖြတ်မှုများရှိတတ်ကြောင်း သူက ပြောသည်။
စစ်အာဏာသိမ်းမှု ထိုင်းရောက် မြန်မာရေလုပ်သားများအပေါ် ရိုက်ခတ်မှု
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ထိုင်းရောက် မြန်မာရေလုပ်သားများ အခွင့်အရေးကို ထိုင်းအာဏာပိုင်များနှင့်အလုပ်ရှင်တို့က အလေးထားခဲ့သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အလုံးစုံလျစ်လျူရှုလာကြောင်း ရေလုပ်သားများက ပြောသည်။
ထိုင်းနိုင်ငံအတွင်းသို့ လမ်းကြောင်းအမျိုးမျိုးမှ စွန့်စားဝင်ရောက်သူ အရေအတွက် တိုးလာသလို ရှိရင်းစွဲအလုပ်သမားများမှာလည်း ပြည်တော်ပြန်ရန် မဖြစ်နိုင်၍ ဤအခြေအနေသည်လည်း အလုပ်ရှင်စိတ်ကြိုက်ဖြစ်လာကြောင်း ကိုရဲသူကပြောသည်။
“ပြန်လို့မရဘူးလို့ သိတဲ့အခါ ကျွန်တော်တို့ အလုပ်သမားအရေးတွေကို ဂရုမစိုက်တာမျိုးတို့၊ မကျေနပ်ရင် သွား … ဒီကောင်တွေ ပြန်လို့မရဘူးဆိုပြီးတော့ အဲ့လိုအနေအထားတွေ ရှိလာတယ်။ အာဏာသိမ်းပြီးနောက် ရေလုပ်ငန်းအခြေအနေက အကျဘက်ကို ပြန်ပြီးတော့ ရောက်လာတဲ့ အနေအထားမျိုးရှိတယ်” ဟု သူက ပြောသည်။
အနိုင်ကျင့်ခံရပါကလည်း အလုပ်မပြုတ်ရန် သည်းခံ၊ ဆင်ခြင်ပြီး နေထိုင်ကြသည်။
ပင်လယ်ပြင်လုပ်ငန်းခွင်တွင် အခွင့်အရေးချိုးဖောက်မှုများ ရှိသော်လည်း စစ်သည်အင်အား နည်းပါးလာသည့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်း၍ စစ်တပ်ထဲ အဓမ္မဆွဲသွင်းသဖြင့် လူငယ်များဆောက်တည်ရာမရ ပြေးလွားနေရသည့် ဒုက္ခထက် ပိုမို သက်သာဖွယ်ရှိသည်ဟု ဆင်ခြင်ပြီး ခါးစီးခံနေကြသည်ဟု Myanmar Now က မေးမြန်းခဲ့သည့် ရေလုပ်သားများက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်သံရုံးနှင့် အလုပ်သမားသံအရာရှိတို့မှာလည်း အခွန်ကောက်ရန် အာရုံစိုက်နေပြီး မြန်မာအလုပ်သမားများ၏ အခွင့်အရေးအတွက် အကူညီပေးရန် စိတ်ဝင်စားမှုမရှိဟု သတင်းကြီးသည်။
အာဏာသိမ်းမှုကြောင့် နိုင်ငံသားများ ကစဉ့်ကလျားဖြစ်လာပြီး ထိုင်းဘက် ဝင်လာသူတို့ကို လက်ခံပေးထားသည့်အတွက် ကျေးဇူးတင်ရမည့် အခြေအနေဖြစ်ကြောင်း ရနောင်းတွင် ၁၇ နှစ်ကြာ ငါးဖမ်းလုပ်သားအဖြစ်လုပ်ခဲ့ပြီး ယခုအခါ ကားဝပ်ရှော့လုပ်ငန်းလုပ်နေသည့်အသက် ၄၂ နှစ်အရွယ် ဦးတင်ထွန်းဝင်းက ပြောသည်။
“စစ်တပ်အာဏာသိမ်းအုပ်ချုပ်တာ ပြည်သူလူထုကောင်းစားတာ ဘာမြင်ရလို့လဲ။ အခုလည်းအဲ့လိုပဲပေါ့။ အာဏာပြန်သိမ်းလိုက်တော့ ခွေးပြန်ဖြစ်တာပေါ့။ တူတူပဲ။ ကောင်းတာမှမရှိပဲ။ ကျွန်တော်တို့ဘဝတွေက အာဏာသိမ်းပြီကတည်းက ဘာကောင်းလို့လဲ။ အခုခိုလှုံခွင့်ပေးထားတာ မနည်းကျေးဇူးတင်ရမယ်” ဟု သူက ပြောသည်။
သို့သော် ထိုင်းအစိုးရသည် ငါးဖမ်းအလုပ်သမားဥပဒေကို ပြင်ဆင်ရန် မူကြမ်း ၃ ခု တင်သွင်းထားပြီး ၂၀၂၃ ဒီဇင်ဘာတွင် တင်သွင်းသည့် မူကြမ်းတစ်ခုအရ ပင်လယ်ပြင် အရေးပေါ်အခြေအနေတွင် ငါးဖမ်းသမားများကို အခြားလှေတစ်ခုသို့ ပြောင်းလဲအလုပ်လုပ်ခွင့်ပြုနိုင်ရန် စီစဉ်နေကြောင်း RFA သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။
ထိုဥပဒေကြမ်းသည် ယခင်ပြဋ္ဌာန်းပြီးဥပဒေများကို အားလျော့သွားစေပြီး ကြီးကြပ်မှုလျော့ရဲလာနိုင်၍ အလုပ်ချိန်များပြားခြင်း၊ လုပ်ခလစာနည်းပါးခြင်း စသည့် အခွင့်အရေးချိုးဖောက်မှုများကြုံနိုင်ကြောင်း ထိုသတင်းက ဖော်ပြသည်။
ထို့ပြင် လူကုန်ကူးခံထားရသည့် ငါးဖမ်းသမားများကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခြင်းကြောင့် အခွင့်အရေးလှုပ်ရှားသူတို့က ထိုမူကြမ်းကို ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ ငါးဖမ်းလှေပိုင်ရှင်တို့ကမူ တည်ဆဲဥပဒေများသည် တင်းကျပ်လွန်းပြီး ၎င်းတို့၏ အကျိုးအမြတ်ထိခိုက်နေသည်ဟု ဆိုသည်။
စစ်ဗိုလ်ချုပ်ကြီးများအာဏာသိမ်းထားသော မြန်မာတွင် အုပ်ချုပ်သူအသုံးမကျသဖြင့် ပြည်ပရောက် နိုင်ငံသားများမျက်နှာငယ်ရပြီး အခွင့်အရေးမညီမျှမှု၊ အခွင့်ရေးဆုတ်ယုတ်မှုရှိနေသည်ဟု ရေလုပ်သားများက ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ရနောင်းမြို့နှင့် ကော့သောင်းမြို့ကြား ထိုင်းငှားဖမ်းစက်လှေ ၄ စီးကို စစ်ကောင်စီရေတပ်က ပစ်ခတ် ဖမ်းဆီးစဉ် ထိုင်းတစ်ဦး သေဆုံးပြီး ထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦး အဖမ်းခံခဲ့ရသည်။
ဖမ်းထားသူ အားလုံးကို ထောင်ချခဲ့ရာ ထိုင်းအစိုးရ ၎င်းတို့နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းခဲ့သည်၊ မြန်မာလုပ်သားများအရေး ဆောင်ရွက်ပေးသူ များစွာ မရှိခဲ့ပေ။
ထိုင်းငါးဖမ်းစက်လှေများတွင် လိုက်ပါကြသည့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံဧရိယာအတွင်း အလုပ်လုပ်ခွင့်ရှိကြောင်း၊ထိုင်းငါးဖမ်းစက်လှေမောင်း၏ မောင်းနှင်ခေါ်ဆောင်မှုကြောင့် နယ်ကျော်ငါးဖမ်းချိန်တွင် ပေါ်ပေါက်သည့် ပြဿနာသည် မြန်မာအလုပ်သမားများတွင် တာဝန်မရှိဟု ရေလုပ်သားအခွင့်အရေးလှုပ်ရှားသူတို့က ထောက်ပြသည်။
ငွေကြေးအကုန်ကျခံပြုလုပ်ခဲ့သော ထိုင်းအစိုးရ ထုတ်ပေးသည့် အထောက်အထားများရှိသော်လည်း ပြဿနာကြုံတွေ့ချိန်တွင် ကူရာမဲ့နေသည်၊ ခေတ်အဆက်ဆက် ရေလုပ်သားများမှာ လုပ်ငန်းခွင်အတွင်း အမြဲတစေ ခံဘက်ကဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် ရေလုပ်သားတစ်ဦး၏ မိသားဝင် နော်သင်းသင်းမွန်က ပြောသည်။
“လုပ်ငန်းလုပ်ရင်းနဲ့ ကျိုးပဲသွားတာပဲဖြစ်ဖြစ်၊ သေသွားတာတို့ပဲဖြစ်ဖြစ် အများသောအားဖြင့်က ဘာမှ အာမခံချက်မရှိဘူး” ဟု ၎င်းက ဆိုသည်။
အခွင့်အရေးချိုးဖောက်ခံနေရလင့်ကစား ထိုင်းပင်လယ်ငါးဖမ်းလုပ်ငန်းတွင် မြန်မာလုပ်သားများက အောက်ကျနောက်ကျ ဆက်လက်ကျင်လည်နေရဦးမည်ဖြစ်သည်ဟု လုပ်သက် ၃၅ နှစ်နီးပါးရှိပြီဖြစ်သည့် ဦးမင်းရွှေသိန်းက မှန်းဆသည်။ “ကိုယ့်ဗမာတွေ စက်ဆရာတွေဆိုရင် အောက်ခြေကအစ လုပ်ပေးရတယ်။ အဲ့ဒီလိုမျိုး စိတ်ခံစားရတယ်။ ကိုယ့်မြန်မာပြည်လည်းအခြေအနေမကောင်းတဲ့တော့ ပြန်လို့မရဘူး။ ငွေနဲ့ပတ်သက်လာတော့ ပြန်သွားရင်လည်း ကိုယ့်သားသမီးတွေ စားမလောက်တဲ့ အခြေအနေလေ” သူက ပြောလိုက်သည်။