ဆောင်းပါးသတင်း

ထိုင်းငါးဖမ်းလှေပေါ် အဖမ်းခံရသူမြန်မာ များ၏ လွတ်မြောက်ရေး မျှော်လင့်ချက်

ရေပိုင်နက်ကျော်လွန်စဉ် အဖမ်းခံရသူများထဲမှ အများစုမှာ အမိန့်နာခံရသည့် မြန်မာလုပ်သားများ ဖြစ်သော်လည်း ထိုင်းအစိုးရက ၎င်းတို့နိုင်ငံသားများ ပြန်လွတ်ရေးကိုသာ တောင်းဆိုနေသည်။

မြန်မာနိုင်ငံသား ထားဝယ်ဒေသခံအများစုပါဝင်သည့် ထိုင်းငါးဖမ်းလှေတစ်စင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် အရုဏ်မတက်မီ မနက်လင်းအားကြီးအချိန်က ကပ္ပလီပင်လယ်ပြင် (ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ကြား) အတွင်း ကျက်စားနေသည့် ပင်လယ်ငါးအုပ်ကို ပိုက်ကွန်များဝိုင်းကာ သည်းကြီးမဲကြီးလိုက်၍ ဖမ်းဆီးနေကြသည်။

မိုင်ဝက်ခန့်ရှိသည့် ပင်လယ်ရေပြင်ကို ပိုက်ကွန်များဝိုင်းကာ ငါဖမ်းနေချိန်တွင် ပိုက်ကွန်အတွင်းဖမ်းမိထားသည့် မပြေးနိုင်တော့သော ငါးများကို အလောတကြီး ပြန်လွှတ်ပေးရလိမ့်မည်ဟု မြန်မာလှေလုပ်သားများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုမျိုးဟန် မထင်ခဲ့မိပေ။ 

လူသားတို့၏ ဖမ်းဆီးခြင်းကိုခံရတော့မည့်ငါးများသည် ပင်လယ်ပြင်အတွင်း ပြေးလွှားနေသကဲ့သို့ ထိုငါးများကို လိုက်ဖမ်းနေသည့် ထိုင်းငါးဖမ်းလှေပေါ်ပါ မြန်မာလုပ်သားတစ်သိုက်သည်လည်း ထိုငါးများကဲ့သို့ ပြေးလွှားရတော့မည်ကို ထိုစဉ်အချိန်က မသိနိုင်ခဲ့ပေ။ ငါးအုပ်တွေ့ထားခြင်းကြောင့် ပိုက်ကွန်များကိုမြန်မြန်တင်၊ ငါးများကို လှေအတွင်းအမြန်သွန်ချပြီး နောက်တစ်ကြိမ် ပိုက်ထပ်ဝိုင်းကာဖမ်းရန်သာ စိတ်လောနေခဲ့ကြသည်။

ဒုတိယတစ်ကြိမ် ထပ်မံပိုက်ပြန်ချရန်ပြင်နေချိန် လှေပေါ်ရှိ တံငါးဦးစီး၏ ငါးဖမ်းပိုက်များလွှတ်ချကြရန် အထိတ်တလန့် အော်ဟစ်အသိပေးသံကြားလိုက်ရသည်။ သို့သော် ထိုသတိပေးစကားကို ငါးအုပ်တွေ့ထားပြီဖြစ်သည့် ကိုမျိုးဟန်အပါဝင် ထိုင်းငါးဖမ်းစက်လှေပေါ်ရှိ မြန်မာငါးဖမ်းသမားများက လျစ်လျူရှုထားကြသည်။

တံငါးဦးစီး၏ သတိပေးသံနှင့် မရှေးမနှောင်းပင် သေနတ်ပစ်ခတ်သံများကြားရပြီး ငါးဖမ်းလှေများကို မြန်မာရေတပ်က လိုက်လံဖမ်းဆီးနေသည်ဟူသည့်သတင်း ကိုမျိုးဟန်တို့ ကြားလိုက်ရသည်။ မြန်မာရေတပ်က အခြားငှားဖမ်းလှေတစ်စင်းကို လိုက်လံဖမ်းဆီးနေစဉ် ကိုမျိုးဟန်လိုက်ပါလာသော ငါးဖမ်းလှေသည်လည်း ပင်လယ်ပြင်တွင်း ပြေးလွှားနေသည့် ငါးများကဲ့သို့ အလောတကြီး ခုတ်မောင်း ထွက်ပြေးလာရတော့သည်။

“သေနတ်သံတွေတော့ ကြားနေရတာပေါ့၊ ငါးဆရာကလည်းပြောတယ်၊ သေနတ်နဲ့ ပစ်နေတယ်ပေါ့။ နောက်တော့ ကျွန်တော်တို့ လှေတစ်စင်း ဖမ်းမိသွားပြီပေါ့၊ ငါးဆရာက ပြောတယ်။ ဟိုဘက်အခြမ်းက ငါးဆရာက လှမ်းပြောနေတာ အသံရှင်းရှင်းလင်းလင်း မကြားရဘူး။ ပစ်နေခတ်နေတဲ့အသံကတော့ ကြားနေရတယ်၊ ကျွန်တော်တို့လည်း ထွက်ပြေးလာခဲ့တယ်။ ကျွန်တော်တို့နောက်က တစ်စင်းကို ဝင်ဖမ်းတော့ ကျွန်တော်တို့ လွတ်သွားတယ်ပေါ့ ပိုက်တွေတော့ ပြန်ပါမလာဘူး” ဟု ထိုင်းငါးဖမ်းစက်လှေတွင် ၈ နှစ်ကြာ ရေလုပ်သားအဖြစ် အလုပ်လုပ်နေသည့် ကိုမျိုးဟန်က ထိုည ဖြစ်စဉ်ကို ပြောပြသည်။

မြန်မာရေတပ် ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်လာသည့် ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်လုပ်နေသည့် ကိုမျိုးဟန် (ဓာတ်ပုံ − Myanmar Now)
 

အနီးရှိ ထိုင်းငါးဖမ်းစက်လှေ ၆ စီးခန့်လည်း ပိုက်များ ဖြတ်ချကာ တိမ်းရှောင်သွားကြသည်ကို တွေ့လိုက်ရသည်ဟု ကိုမျိုးဟန်က ထားဝယ်သံဝဲဝဲဖြင့် ပြောသည်။

မြန်မာရေတပ် ဖမ်းဆီးလိုက်သည့် စက်လှေမှာ ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းစပ်မြို့ဖြစ်သည့် ဖန်ငမြို့အနီး နမ္မခမ်းကျေးရွာမှ မြန်မာရေလုပ်သားများ လိုက်ပါလာသောစက်လှေဖြစ်သည်။ ထိုစက်လှေမှ ထိုင်း ၄ ဦး၊ မြန်မာ၂၇ ဦးကို မြန်မာရေတပ်က ဖမ်းဆီးခဲ့ပြီး ပင်လယ်ပြင်အတွင်း ခုန်ချထွက်ပြေးသည့် ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။ 

ထိုပစ်ခတ်ဖမ်းဆီးမှုကို ထိုင်းဝန်ကြီးချုပ် ပေတုံတာန်း ရှင်နာဝပ်က ကန့်ကွက်ခဲ့ပြီး ဖမ်းဆီးထားသည့် ငါးဖမ်းစက်လှေနှင့် ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ထိုင်းငါးဖမ်းသမား လေးဦးကို မြန်မာစစ်ကောင်စီက ပြန်လွှဲပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် စက်လှေနှင့် ထိုင်းနိုင်ငံသားများကို မည်သို့မည်ပုံလွဲပြောင်းသည်ကို အတိအကျမသိရသေးပေ။ 

ထိုင်းနိုင်ငံသားများကို ပြန်လွှတ်ပေးရန် ဝန်ကြီးချုပ်ကိုယ်တိုင် တောင်းဆိုထားသော်လည်း   မြန်မာနိုင်ငံသား ၂၇ ဦးမှာမူ လျစ်လျူရှုခံထားရသည်။

ထိုသူတို့သည် ထိုင်းအလုပ်သမားဝန်ကြီးဌာက ထုတ်ပေးသည့် အထောက်အထားအပြည့်အစုံဖြင့် ထိုင်းစက်လှေပေါ်တွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သော်လည်း ထိုသူများ လွတ်မြောက်ရေးအတွက်မူ  ထိုင်းအစိုးရနှင့် ငါးဖမ်းလုပ်ငန်းရှင်က တာဝန်ယူရန် ပျက်ကွက်နေသည်။ ကိုမျိုးဟန်က ဘဝတူ ဖမ်းဆီးခံ မြန်မာရေလုပ်သားများ ပြန်လွှတ်ပေးရန် တောင်းဆိုလိုသည်ဟု ပြောသည်။

“မြန်မာတွေကျ ထိုင်းတွေလိုမဟုတ်ဘူးလား၊ ပြောရမယ်ဆိုရင် ထိုင်းတွေလိုမျိုး လွှတ်ပေးစေချင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များနှင့်တွေ့ဆုံနိုင်ရန် Myanmar Now သတင်းအဖွဲ့သည် ဖန်ငမြို့မှ နာရီဝက်ဝန်းကျင် ကားမောင်းလျှင်ရောက်သည့် နမ္မခမ်းရွာသို့ သွားရောက်ခဲ့သည်။ အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ဘက် အစွန်အဖျားအကျဆုံး ကပ္ပလီပင်လယ်ကမ်းစပ်ရှိ ထိုရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ဖြစ်ပွားခဲ့သည့် ဆူနာမီရေလှိုင်းဒဏ် အပြင်းအထန်ခံခဲ့ရသည်။

ထိုကျေးရွာသည် အိမ်ခြေစုစုပေါင်းထောင်ဂဏန်းရှိပြီး ထားဝယ်၊ မွန်၊ ရခိုင် စသည့် မြန်မာပြည်မှ ရွှေ့ပြောင်း အလုပ်သမားအများအပြား အခြေချနေထိုင်ကြသည်။ ၂၀၀၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆူနာမီရေလှိုင်းကြောင့် မြန်မာအလုပ်သမားများစွာ အသက်ဆုံးရှုံးပြီး နှစ်ပေါင်း ၂၀ ကြာချိန်အထိ ပြန်လည်ထူထောင်ရေးနှင့် ဝမ်းရေး ခက်ခက်ခဲခဲ ဖြေရှင်းနေကြရသည်ကို မြင်တွေ့ခဲ့ရသည်။

ယခု ဖမ်းဆီးခံထားရသည့် မြန်မာ ၂၇ ဦးသည် ထိုတံငါရွာကလေးတွင်နေထိုင်ကြပြီး အမျိုးသားများက ငါးဖမ်းလုပ်ငန်း၊ အမျိုးသမီးများက ငါးရွေးခြင်း၊ ငါးခြစ်ခြင်း၊ ငါးခြောက်ခွဲခြင်းစသည့် အလုပ်အကိုင်များထိုဖြင့် အသက်မွေးနေကြသည်။

ဖမ်းဆီးခံ မြန်မာများကို ထိုင်းနိုင်ငံသားများနည်းတူ ပြန်လွှတ်ပေးရန် မိသားစုဝင်များက မျှော်လင့်နေကြသည်။ ထိုမိသားစုဝင်များကို Myanmar Now က တွေ့ဆုံမေးမြန်းခွင့်ရရန် ကြိုးစားသော်လည်း  ဖြေဆိုရန်မဝံ့ရဲကြပေ။ ထိုရွာမှ ၎င်းတို့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကမူ ထိုင်းနိုင်ငံသားများလွတ်မြောက်လာပြီး မြန်မာရေလုပ်သားများ မလွတ်မြောက်လျှင် မမျှတဟု Myanmar Now သတင်းအဖွဲ့နှင့် တွေ့ဆုံစဉ် ပြောသည်။

“မြန်မာပြည်သားတွေလည်း ထိုင်းနိုင်ငံသားတွေလို လွတ်စေချင်တယ်။ သူတို့မိသားစုတွေလည်း အဲ့ဒီလိုမျိုး မျှော်နေတယ်။ သားမယားတွေကတော့ သူတို့ရတဲ့အလုပ်လေးတွေနဲ့ လောလောဆယ်တော့ ကြိုးစားပြီးနေတာပေါ့။ ရေရှည်မှာတော့ အဆင်ပြေမှာတော့ မဟုတ်ဘူးပေါ့။ သူတို့လင်တွေ အချုပ်(ထောင်) ကျမယ်ဆိုလည်း (ထောင်ဝင်စာ) ပို့ဖို့ လိုလာပြီလေ” ဟု အသက် ၅၀ နီးပါးရှိ အထက်ပါ မြန်မာအမျိုးသမီးက ပြောသည်။

မြန်မာရေလုပ်သားများသည် ငါးဖမ်းအလုပ်ကိုသာ လုပ်ခွင့်ရပြီး စက်လှေမောင်းခြင်း၊ ငါးဖမ်းဧရိယာရှာဖွေခြင်းစသည့် ကျွမ်းကျင်အဆင့်အလုပ်များ လုပ်ခွင့်မရှိဟု Myanmar Now က လိုက်လံမေးမြန်းခဲ့သည့် ၅ ဦးထက်မနည်းသော ရေလုပ်သားအတွေ့အကြုံ နှစ်အများအပြားရှိသူများက ဆိုကြသည်။

ထို့ကြောင့် ဖမ်းဆီးခံ မြန်မာရေလုပ်သားများတွင် အပြစ်မရှိကြောင်း၊ ထိုသူများပြန်မလွတ်ပါက နောက်တွင်ကျန်ရစ်သည့် မိသားစုဝင်များ ရေရှည်တွင် စားဝတ်နေရေး အခက်အခဲကြုံမည်ဖြစ်ကြောင်း  နမ္မခန်းကျေးရွာနေ အမည်မဖော်လိုသူ မြန်မာအမျိုးသမီးက ပြောသည်။ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်ထား သက်တမ်းတိုးရမည့် ယနေ့ကာလတွင်  ငွေသွင်းရန် လိုအပ်နေကြောင်း၊ သားသမီးရှိသည့် အိမ်ထောင်စုများမှ ပိုမိုခက်ခဲနိုင်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူများကို  စစ်ကောင်စီက စစ်ထဲဆွဲသွင်းနေချိန် ဖြစ်သောကြောင့်   မိသားစုဝင်များက စိုးရိမ်နေကြသည်ဟုလည်း အထက်ပါ အမျိုးသမီးက ပြောသည်။

“မိသားစုဝင်တွေရဲ့ စိုးရိမ်ချက်က အရင်တုန်းကဆိုရင် ဖမ်းခံထိတယ်ဆိုရင် ထောင်ချခံရတယ်တို့ ဘာတို့ဆိုရင် စိတ်ဒီလောက်မပူဘူး၊ အချိန်တန်ရင် လွတ်လာမယ်ပေါ့။ အခုတော့  စစ်တပ်ထဲကိုသွင်းလိုက်မှာ သူတို့တအားစိုးရိမ်နေကြတယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံက ၎င်းတို့၏ ငါးဖမ်းစက်လှေများ မြန်မာရေပိုင်နက်ထဲသို့  သွားရောက်  ငါးဖမ်းလေ့မရှိကြောင်း အစဉ်တစိုက် ပြောဆိုတတ်သည်။ Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည့် ငါးဖမ်းလုပ်သက် ၂၀ မှ ၃၀ အတွင်းရှိ ဝါရင့်ငါးဖမ်းလုပ်သားများကမူ ထိုင်းရေပိုင်နက်ထဲတွင် ငါးရှားနေသဖြင့်  ထိုင်းလှေများက မြန်မာရေပိုင်နက်ထဲသို့ မကြာခဏ ဝင်ရောက်ကာ နည်းလမ်းအမျိုးမျိုးဖြင့် ငါးဖမ်းနေကြသည်ဟု ပြောကြသည်။

မြန်မာလုပ်သားများပါဝင်သည့် ထိုင်းငါးဖမ်းလှေတစ်စီး ငါးဖမ်းရန် ထွက်ခွာသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

ထိုင်းငါးဖမ်းစက်လှေများတွင် လိုက်ပါကြသည့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံဧရိယာအတွင်း အလုပ်လုပ်ခွင့်ရှိကြောင်း၊ ထိုင်းငါးဖမ်းစက်လှေမောင်း၏ မောင်းနှင်ခေါ်ဆောင်မှုကြောင့် နယ်ကျော်ငါးဖမ်းချိန်တွင် ပေါ်ပေါက်သည့် ပြဿနာသည် မြန်မာအလုပ်သမားများတွင် တာဝန်မရှိဟု ရနောင်း မြန်မာရေလုပ်သားသမဂ္ဂ ဖြစ်မြောက်ရေး လှုပ်ရှားနေသူ ကိုရဲသူက Myanmar Now ကို ပြောသည်။ 

“မြန်မာရေပိုင်နက်ရောက်နေတယ် သို့မဟုတ် တခြားရေပိုင်နက် ကျော်နေတယ်ဆိုတာ မျက်စေ့အမြင်မှာ ဘယ်လိုမှမသိနိုင်ဘူး။ အဲ့ဒီတော့ ပဲနင်းမှာ တာဝန်ရှိတယ်။ (မြန်မာအလုပ်သမားတွေက) ခိုင်းတာလုပ်ရတယ်၊ ပိုက်ချဆို ချရတယ်။ နောက်ပြီးတော့ ဖြစ်တဲ့အချိန်က ညဘက်ကြီး၊ မီးထွန်းထားလည်း မမြင်နိုင်ဘူး၊ အဲ့ဒီတော့ သူတို့မှာ အပြစ်မရှိဘူး” ဟု ၎င်းက ပြောသည်။

ယခင်ကလည်း မြန်မာရေတပ်က ဖမ်းဆီးသည့် ဖြစ်စဉ်များရှိခဲ့ပြီး ထိုင်းနှင့် မြန်မာများ ထောင်ဒဏ်ချမှတ်ခံရတတ်သည်၊   ထိုင်းအကျဉ်းသားများကို နှစ်နိုင်ငံနယ်ခြားကော်မတီ၏ အကျဉ်သားလဲလှယ်ရေးအစီစဉ်ဖြင့် ပြန်လည်လွဲပြောင်းပေးလေ့ရှိသည်ဟုလည်း သိရသည်။

သတင်းဌာနများ၏ အာရုံစိုက်ဖော်ပြခြင်းခံရသည့် ယခုဖြစ်စဉ်တွင် ထိုင်းအာဏာပိုင်များ ကိုင်တွယ်မှုကို အများက သတိထားစောင့်ကြည့်နေကြသည်၊ ထိုင်းနိုင်ငံသားများနှင့် စက်လှေကို လွတ်မြောက်ရန် ညှိနှိုင်းပြီး မြန်မာအလုပ်သမားများ လွတ်မြောက်ရန် လျစ်လျူရှုထားပါက လုပ်ငန်းခွင်မညီမျှမှု ဖြစ်စေလိမ့်မည်ဟုလည်း ကိုရဲသူက ပြောသည်။

“လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာရော၊ ကမ္ဘောဒီးယား အလုပ်သမားတွေရော သတင်းစကား ပေးလိုက်သလိုဖြစ်မယ်။ မင်းတို့ဘယ်လိုပဲလုပ်လုပ် ဖြစ်လာရင် တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူးဆိုတဲ့ သတင်းစကားပါးလိုက်သလိုဖြစ်မယ်” ဟု သူက ပြောသည်။ 

ထို့ကြောင့် ထိုင်းအာဏာပိုင်များက ထိုအမှုကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေပုံရသည်ဟု ယုံကြည်ရသည်။ ရေလုပ်သားများနေထိုင်ရာ ထိုင်းကျေးရွာတွင်လည်း ထိုထိုင်းနိုင်ငံသားများ ပြန်မရောက်သေးကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီကမူ  ထိုင်းငါးဖမ်းစက်လှေများ မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း၊ လှေပေါ်ပါလာသူအချို့ကို အကြမ်းဖက်နှင့်ဆက်စပ်မှု သံသယဖြင့် စစ်ဆေးနေကြောင်း ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောဆိုထားသည်။  စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသို့သာ စစ်ကောင်စီပြောခွင့်ရက အသံဖိုင်ပေးဖို့ ပြောဆိုခြင်းဖြစ်သည်။

“အကြမ်းဖက်အဖွဲ့” ဟု ဆိုခဲ့သော်လည်း အဖွဲ့အစည်းအမည်ကို တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိပေ။ စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားသည်။ သို့သော်အလုပ်သမားတို့ နေထိုင်သည့် ထိုင်းကျေးရွာသည် မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ထွက်သွားလာတတ်သည့်မြို့မဟုတ်ဘဲ ပင်လယ်ခြားနေသည့် ထိုင်းနိုင်ငံအတွင်းမှ ရွာတစ်ရွာဖြစ်သည်။

ထိုဖမ်းဆီးခံ မြန်မာလုပ်သား ၂၇ ဦးမှာ ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုထားသူများ ဖြစ်သောကြောင့်   လွတ်မြောက်ရေးအတွက် ထိုင်းအစိုးရ၊ ထိုင်းအလုပ်ရှင်တို့က တာဝန်ယူသင့်ကြောင်း ရနောင်းမြို့နေ အသက် ၆၀ ခန့်အရွယ် ဦးမင်းရွှေသိန်းက ဆိုသည်။ 

လုပ်ငန်းခွင်တွင် ရှမ်းဟု ခေါ်ကြသော ထိုင်းလူမျိုးတို့ကသာ ဦးဆောင်သူများ ဖြစ်ကြသည်ဟုလည်း သူက ထောက်ပြသည်။

 “ဒီငါးဖမ်းတဲ့သူတွေက ဘာမှမသိဘူး၊ ငါးဖမ်းဆရာရှမ်းတွေ သူတို့ခေါ်သွားမှ ရောက်တာ။ သူတို့က ဒီမှာဖမ်းဆို ဒီမှာဖမ်းရတာ။ ကိုယ်က အရင်ရှေ့သွားလို့ရတာမဟုတ်ဘူး။ လှေက ခေါ်သွားတာကို ကျွန်တော်တို့ ပါသွားမှာ” ဟု ထိုင်းငါးဖမ်းစက်လှေတွင် ရေလုပ်သားအဖြစ်  နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ကိုင်နေသည့် ဦးမင်းရွှေသိန်းက ရှင်းပြသည်။  

ရေပိုင်နက် ကျော်လွန် ဝင်ရောက်မှုဖြင့်  ဖမ်းဆီးသည်ဆိုလျှင် စက်လှေမောင်းသည့် ပဲ့နင်းများ၊ ပိုက်ချရန် အမိန့်ပေးသူများက အပြစ်ပိုကြီးသည်ဟုလည်း သူက ထောက်ပြသည်။ 

“ရေကျော်သွားပြီးတော့ (မြန်မာရေပိုင်နက်အတွင်း ရောက်ရှိသွားသော်လည်း) ထိုင်းက ဘာဖြစ်လို့ ပြန်လွတ်လာလဲ။ မြန်မာတွေဘာဖြစ်လို့ မလွတ်လာပေးလဲ၊ ဒါ သဘာဝမကျဘူး” ဦးမင်းရွှေသိန်းက ပြောလိုက်သည်။ 

Show More

Related Articles

Back to top button