![](https://myanmar-now.org/mm/wp-content/uploads/sites/7/2024/12/Screenshot-2567-12-19-at-16.29.29.jpg)
အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်သက်တမ်းတိုးကြေးအဖြစ် ဘတ် ၁၂,၀၀၀ (ကျပ် ၁၅ သိန်းကျော်ခန့်) ကောက်ခံမှုကို မကျေနပ်၍ ထိုင်းနိုင်ငံ၊ စမုဆာခွန်ခရိုင်၊ အုန်းနွဲရပ်ကွက် BIS Pipe စက်ရုံတစ်ခုမှ ရာနှင့် ချီသော မြန်မာအလုပ်သမားများက ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်တွင် စက်ရုံရှေ့၌ ဆန္ဒပြခဲ့ကြစဉ် ၄ ဦး ဖမ်းဆီးခံရသည်။
ထိုင်းအစိုးရက တရားဝင်ကောက်ခံသည့် ကုန်ကျစရိတ်မှာ အလုပ်သမားတစ်ဦးလျှင် အလုပ်လုပ်ခွင့် ပါမစ်၊ ဗီဇာကြေး၊ ကျန်းမာရေးအာမခံ၊ ဆေးစစ်ခများအတွက် ဘတ် ၆၀၀၀ အောက်သာ ကုန်ကျနိုင် သော်လည်း စက်ရုံက ကိုယ်စားလှယ်ကုမ္ပဏီများနှင့်ပေါင်းကာ သက်တမ်းတိုးပေးစဉ် ထိုကဲ့သို့ နှစ်ဆကျော် ကောက်ခံခဲ့ခြင်း ဖြစ်၍ မြန်မာအလုပ်သမားများက ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြမှုကို ထိုင်းရဲနှင့် စစ်သားများက ဝင်ရောက်ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာအလုပ်သမား ၄ ဦးကို လက်ထိပ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများ အခွင့်အရေး လှုပ်ရှားသည့် AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောသည်။
“အခုက (ထိုင်း) တစ်နိုင်ငံလုံးလိုလို ဆန္ဒပြမှုတွေဖြစ်နေတော့ နောက်လူတွေမလုပ်ရဲအောင် နည်းနည်း ပါးပါး ခြိမ်းခြောက်တဲ့သဘောပါ။ တအားကြီးဖမ်းတဲ့ပုံစံတော့မဟုတ်ပါဘူး။ လက်ထိတ်တွေ ဘာတွေ ခတ်ပြီးတော့ ကားပေါ်တင်သွားတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
သက်တမ်းတိုးလုပ်ငန်းစဉ်ကို စက်ရုံများက ကိုယ်တိုင်မလုပ်ကိုင်နိုင်သဖြင့် ကိုယ်စားလှယ်ကုမ္ပဏီများ မှတစ်ဆင့် အကျိုးဆောင်ခပေး၍ ဆောင်ရွက်ခိုင်းခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများသည် သင့်တင့် သည့် ဝန်ဆောင်ခကို ပေးချေရန်အသင့်ရှိကြောင်း၊ ယခုကောက်ခံသည့်နှုန်းထားမှာ အလွန်များပြား၍ ပြဿနာတက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ နံနက် ၁၁ နာရီခန့်အထိ စက်ရုံရှေ့တွင် ဆန္ဒပြနေပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာကာ ညှိနှိုင်းနေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကာလရှည် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ထိုင်းအစိုးရ ၏ အစည်းဝေးဆုံးဖြတ်ချက်ဖြင့် သက်တမ်းတိုးပေးလျက်ရှိရာ ယခုလက်ရှိသက်တမ်းတိုးမည့် အစီ အစဉ်တွင် ယာယီနေထိုင်အလုပ်လုပ်ခွင့် ၂ နှစ်၊ ထပ်တိုး ၂ နှစ် စုစုပေါင်း ၄ နှစ်ခွင့်ပြုမည်ဖြစ်ပြီး လာ မည့် ၂၀၂၅ ဖေဖော်ဝါရီတွင် စတင်ဆောင်ရွက်ရန်သတ်မှတ်ထားသည်။
မြန်မာအလုပ်သမားများသည် သက်တမ်းတိုးရာတွင် ဆောင်ရွက်ရသည့် စာရွက်စာတမ်းများ ဖြည့် သွင်းခြင်း၊ ရုံးဌာနများကိုသွားရောက်ရသည့် အခြေနေကို မသိရှိသဖြင့် ကိုယ်စားလှယ်ကုမ္ပဏီများ၊ စက်ရုံဝန်ထမ်းများက ငွေကြေး မတရားတောင်းနေကြခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့တွင် နေထိုင် သည့်၊ ပတ်စ်ပို့သက်တမ်းတိုးရေး အကျိုးဆောင် ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ စက်ရုံထဲမှာနေတာပဲ။ သူတို့အရိပ်အာဝါသအောက်မှာနေတာပဲ။ သူတို့အုပ်ချုပ်မှုအောက်မှာ နေတာဖြစ်တဲ့အတွက် သူတို့တောင်းတဲ့ဈေးပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တာ” ဟု ၎င်းက ပြောသည်။
နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU) ဖြင့် မဟုတ်ဘဲ ထိုင်းနိုင်ငံထဲသို့ မှောင်ခိုလမ်းကြောင်းမှဝင်လာပြီး အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ထား ကိုင်ဆောင်၍ ကာလရှည် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ် သမားများကို အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးမည့်လုပ်ငန်းစဉ်အရ စုစုပေါင်းအလုပ်သမား ၁ ဒသမ ၇ သန်းကျော်ကို သက်တမ်းတိုးရမည်ဖြစ်သည်။
ထိုအလုပ်သမားများအနက် ၈၀ ရာခိုင်နှုန်းမှာ မြန်မာပြည်မှဖြစ်ပြီး စုစုပေါင်း ၁ ဒသမ ၃၆ သန်းခန့်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ အဆိုပါအလုပ်သမားများသည် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ် ဟု ခေါ် သည့် အလုပ်သမားကတ်၊ အလုပ်သမားပတ်စ်ပို့ (PJ) နှင့် စာအုပ်စိမ်းဟု ခေါ်သည့် CI (မည်သည်မည်ဝါ ဖြစ်ကြောင်း ထောက်ခံချက်စာအုပ်) များ ကိုင်ဆောင်အလုပ်လုပ်နေသူများဖြစ်သည်။
ထိုင်းအစိုးရနှင့်သာ အဓိကသက်ဆိုင်သည့် ထိုလုပ်ငန်းတွင် စစ်ကောင်စီက မြန်မာအလုပ်သမားများ၏ အချက်အလက်နှင့် အခွန်ငွေကောက်ခံရန် စီစဉ်နေခြင်းကို အလုပ်သမားများ၊ အလုပ်သမားအခွင့် အရေးလှုပ်ရှားသူများက ကန့်ကွက်နေသည်။
စစ်သားသစ် လိုအပ်နေသည့် စစ်ကောင်စီသည် ထိုင်းတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်၍ အထောက်အထားတစ်ခုခုဖြင့် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို အချိန်မရွေး ပြန်ခေါ်ရန် ထိန်းချုပ်လိုကြောင်း၊ ထိုင်းအစိုးရဘက်ကလည်း အနေကြာသည့်မြန်မာအလုပ်သမားများ ကို MoU စနစ်ကဲ့သို့ ၄ နှစ်ပြည့်လျှင် မြန်မာနိုင်ငံပြန်ခိုင်းကာ အေဂျင်စီများမှတစ်ဆင့် ပြန်လည်ဝင် ရောက်စေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။
ယခုနှစ် အလုပ်လုပ်ခွင့်သက်တမ်းတိုးသည့် ဖြစ်စဉ်တွင် စုစုပေါင်း ဘတ် ၁၃၀၀၀ အထိ ကုန်ကျနိုင် ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ စမုဆာခွန်ခရိုင်၊ စမွတ်ပကန်၊ နခွန်ပထုန်ခရိုင် စသည့် ခရိုင်များရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆန္ဒပြခဲ့သည်။