သတင်း

ဝန်ကြီးချုပ်ဦးညီပုက တရားရုံးတွင် လူကိုယ်တိုင် အမှုရင်ဆိုင်ခွင့် ရလို

စစ်တွေမြို့ တပ်ရင်းတစ်ခုတွင် ထိန်းသိမ်းခံနေရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုသည် တရားရုံးတွင် လူကိုယ်တိုင်လာရောက် အမှုရင်ဆိုင်ခွင့်ရလိုကြောင်း   ၎င်း၏ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

ဦးညီပုကို   စစ်တွေမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ယနေ့ မတ် ၄ က Video Conferencing ( အွန်လိုင်းဗီဒီယိုစနစ်)ဖြင့် ရုံးထုတ်ခဲ့ရာတွင် ကိုယ်တိုင် အမှု ရင်ဆိုင်ချင်ကြောင်း ဦးညီပုက ၎င်း၏ရှေ့နေကို ပြောခဲ့ခြင်း ဖြစ်သည်။

“သူက တရားရုံးမှာ လူကိုယ်တိုင် ရင်ဆိုင်ချင်တယ်။ တရားရုံးမှာ ရင်ဆိုင်တယ်ဆိုရင် ရှေ့နေနဲ့လည်း လွတ်လွတ် လပ်လပ် စကားပြောလို့ရတယ်။ အခုက ဗီဒီယိုနဲ့ဆိုရင် ဘာပဲပြောပြော ၊လွတ်လပ်ခွင့်ပေးပါတယ်လို့ပဲ ပြောပြော ဥပဒေအရဆိုရင် ရှေ့နေနဲ့အမှုသည်ဟာ တွေ့လို့ရတယ်။ အဲဒါကြောင့်သူက အချုပ်နဲ့ပဲဖြစ်ဖြစ်၊ တရားရုံးမှာ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ချင်တယ်လို့ ပြောတာ ”ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

ယခင်က ကိုဗစ်နိုင်တင်း ကပ်ရောဂါ ကန့်သတ်ချက်များကြောင့် တရားရုံးများတွင် Video conferencing ( အွန်လိုင်းဗီဒီယိုစနစ်) ဖြင့်သာ ရုံးထုတ်စစ်ဆေးခဲ့သည်။ 

သို့သော် လက်ရှိတွင် ရခိုင်ပြည်နယ်မြို့နယ်အားလုံးတွင် Covid 19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများ တွေ့ရှိမှု သိသိသာသာ ကျဆင်းလာသည်ဟုဆိုကာ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဥ်ကို ဖေဖော်ဝါရီ ၂၈ ကပင် ပယ်ဖျက်လိုက်ပြီးဖြစ်သည်။

ထို့ကြောင့် ဦးညီပုကို Video Conferencing ဖြင့် ရုံးထုတ်နေခြင်းမှာ မည်သည့်အတွက်ဖြစ်သည်ကို မသိရှိကြောင်း ရှေ့နေ ဦး မြတ်ဟိန်းက ဆိုသည်။

ယင်းအမှုကို လာမည့်မတ် ၁၇ တွင် ထပ်မံချိန်းဆိုလိုက်ပြီး အမှုကို ခြောက်လအတွင်း  အပြီးသတ်စစ်ဆေးရန် ယနေ့ တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ တွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလည်း ဖမ်းဆီးခံခဲ့ရကာ နေအိမ်အချုပ်ဖြင့်နေထိုင်ခဲ့ရသည်။

နေအိမ်အကျယ် ချုပ်ဖြစ်နေစဉ် ဖေဖော်ဝါရီ ၉ ၌ ဦးညီပုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူများကို ဂုဏ်ပြုကြောင်း၊ ဆက်လက်တိုက်ပွဲ ဝင်ကြရန် တိုက်တွန်းကြောင်း ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ပြီး နောက်နေ့တွင် နေအိမ်မှ တပ်ရင်းသို့ ပြောင်းရွှေ့ချုပ်နှောင်၍ အမှုဖွင့်ခံရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် မကွေးတိုင်းဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကိုလည်း အဆိုပါပုဒ်မဖြင့်ပင်  အမှုဖွင့် ဖမ်းဆီးထားသည်။ 

Show More

Related Articles

Back to top button