စစ်တွေထောင်တွင် ချုပ်နှောင်ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် အမြင်အာရုံ လျော့ပါးလာသည့် မျက်စိတိမ် စွဲကပ်နေသော်လည်း ဆေးကုသခွင့် မရသေးကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
အာဏာမသိမ်းမီကပင် ကုသသင့်သည့် ဦးညီပု၏ ဘယ်ဘက်မျက်လုံးအခြေအနေ ပိုမိုဆိုးရွားလာမည်ကို မိသားစုက စိတ်ပူနေသည်ဟု သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။
“မျက်စိရောဂါ ဖြစ်နေတာကတော့ ကြာပြီ။ စဖြစ်တုန်းကလည်း အလုပ်တွေများနေတဲ့အတွက် ခွဲစိတ် မကုသဖြစ်ဘူး။ အခု တစ်ဆင့်စကား ကြားရတာက အဲဒီမျက်လုံးတစ်ဖက်က ဝါးနေတယ် ။ ခွဲစိတ်ကုသဖို့ လိုတယ်လို့ သိရတယ်” ဟု မကြည်ကြည်ဦးက ဆိုသည်။
“ထောင်ဝင်စာ သွားတွေ့တဲ့အခါလည်း လူချင်းမတွေ့ခဲ့ရဘူး။ ဒါကြောင့် အဖေရဲ့ မျက်စိဝေဒနာအခြေအနေကို သေသေချာချာ မသိရတော့ စိုးရိမ်တယ်။ ထောင်ကလည်း ဘာမှ အကြောင်းကြားတာ မရှိပါ။ မျက်စိဆိုတာက ကြာလာရင် မကောင်းဘူးလေ။ အမြန်ဆုံး ဆေးကုသခွင့် ရချင်တာပေါ့ ”
ဇနီးဖြစ်သူ ဒေါ်ဝင်းကြည်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်တွေထောင်သို့ သွားခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း သိရသည်။
စစ်တပ်က ဝန်ကြီးချုပ်ကို အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးပြီး အမှုမျိုးစုံဖွင့်ကာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နှင့် ၄ လ ချထားသည်။
ဖေဖော်ဝါရီ ၁ ရက်က NLD ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရချိန် ဦးညီပုသည်လည်း ဂွမြို့နယ်၊ ဆောက်လုပ်ရေးရိပ်သာ၌ ဖမ်းဆီးထိန်းသိမ်းခံရသည်။ ထို့နောက် နောက်တစ်နေ့ (ဖေဖော်ဝါရီ ၂) ညနေတွင် ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားစဉ် ဖေဖော်ဝါရီ ၁၀ ညနေ၌ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့သည်။
ထို့နောက် ပြင်ပရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက စစ်ကောင်စီ၏ အမိန့်၊ ညွှန်ကြားချက်မှာ တရားဝင်မှု မရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးညီပုကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲသည်၊ ယင်းနှစ် အောက်တိုဘာ ၈ တွင် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ် ဂွမြို့ ဂုံးသောင်မြေမှာ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံကို အထည်ချုပ်လုပ်ငန်းလုပ်ရန် တခြားကုမ္ပဏီတစ်ခုကို ငှားရမ်းခြင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို အလွှဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ အဂတိလိုက်စားမှု ၃ မှုဖြင့် ယခုနှစ် ဇန်နဝါရီ ၁၉ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ် ချခံရသည်။
ထို့ပြင်ဦးညီပုနှင့် တောင်ကုတ်အမတ် ဦးမင်းအောင်တို့ ၂ ဦးကို မဲမသမာမှုပုဒ်မ ၁၃ဝ(က)၊ မဲမသမာမှုကို အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့ဖြင့် ယခုနှစစ် ဧပြီ ၆ တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၄ လစီ အမိန့်ချမှတ်ခဲ့သည်။
ဦးညီပု၏ သမီးနောက်တစ်ဦးဖြစ်သော NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည်လည်း ရန်ကုန်တွင် ၂၀၂၁ မေ ၉ တွင် အဖမ်းခံရသည်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ထောင်တွင် ဆေးကုသခွင့် အလုံအလောက် မရရှိပေ။
စစ်ဗိုလ်ချုပ်များက ပြည်သူအများအပြားကို ဖမ်းဆီးပြီး မည်သို့ပြုမူနေသည်ကို မကြာသေးခင်က အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် သြစတေးလျနိုင်ငံသား ရှောင်တာနယ်က သတင်းဌာနတချို့ကို ပြောပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)