သတင်း

ဦးညီပုနှင့် ဦးမင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၄ လခန့်စီ လျှော့ပေး

စစ်ကောင်စီက အကျဉ်းသားအများအပြားကို ခြွင်းချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အထဲတွင် ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကိုလည်း ထောင်ဒဏ် လအနည်းငယ်စီ လျှော့ပေးလိုက်သည်ဟု ရှေ့နေထံမှ သိရသည်။

ဦးညီပု၊ ဦးမင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၅ ဦးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅) ဖြင့် စွဲဆိုခံရပြီး ဦးညီပုမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် ၂ နှစ်၊ အဂတိအမှု ၃ မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ပုဒ်မ ၁၃ဝ(က) တို့ဖြင့် ၁၁ နှစ်နှင့် ၄ လ ထောင်ချခံထားရသည်။

ဦးမင်းအောင်သည်လည်း ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟုဆိုကာ စွဲဆိုထားသည့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဖြင့် ထောင် နှစ်လ၊ အဂတိအမှု ပုဒ်မ ၅၅ တစ်မှုဖြင့် ထောင် ၇ နှစ်၊ ပုဒ်မ ၁၃ဝ(က) နှင့် အားပေးကူညီမှု ပုဒ်မ ၁ဝ၉ တို့ဖြင့် ထောင် ၄ လ စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ကျခံနေရသည်။

“စစ်တွေမြို့နယ်တရားရုံးမှာ စွဲတဲ့ ၅၀၅ နဲ့ ပတ်သက်တဲ့ အမှု လျှော့ပေါ့ပေးတာပါ။ အဂတိမှုတွေနဲ့ မဟုတ်ဘူး။ ၆ ပုံ ၁ ပုံ ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အထဲမှာ ပါတာပါ” ဟု ဦးညီပုအတွက် လိုက်ပါဆောင်ရွက်ပေးသူများအနက်မှ ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောသည်။

ဦးမင်းအောင်မှာမူ ထောင် ၂ နှစ်ချထားသော ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ 

အမှုတစ်ခုခုနှင့် ပတ်သက်၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) အရ ကျခံနေရသော ထောင်ဒဏ် ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာ ခွင့်ပြုသည်ဟု စစ်ကောင်စီက ကြေညာထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ဝန်ကြီးချုပ် ဦးညီပု၊ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး‌ ဦးမောင်ကျော်ဇံ၊ စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်နှင့် စည်ပင်ဝန်ကြီး‌ ဦးမင်းအောင်တို့မှာ ဖမ်းဆီးခံလိုက်ရသည့်အချိန်ကတည်းက တွေ့ခွင့်မရကြောင်း မိသားစုဝင်များက ဆိုကြသည်။

စစ်တွေထောင်တွင် ချုပ်နှောင်ခံထားရသည့် ဦးညီပု မျက်စိတိမ်စွဲဝေဒနာ ခံစားနေရ၍ ခွဲစိတ်ကုသမှုအတွက် မျှော်လင့်နေကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။ 

“ဆေးကုသခွင့် တင်ထားတာကတော့ သုံးလနီးပါးလောက် ကြာနေပါပြီ။ ဆေးကုသခွင့်တင်တာကတော့ ထောင်အာဏာပိုင်တွေကနေတစ်ဆင့် ဘယ်ကိုတင်လဲဆိုတာကို မပြောတတ်ဘူး” ဟု ဆိုသည်။

“အဲဒီမျက်လုံးတိမ်စွဲနေတာက ၂၀၁၈ လောက်ကတည်းကနေ ဖြစ်နေတာပါ။ ဆေးရုံဆေးခန်းပြတော့ ခွဲစိတ်ကုသရမယ်လို့ ပြောတယ်။ အလုပ်က မအားလပ်တာကြောင့် ခွဲစိတ်ကုသဖို့ အချိန်မရခဲ့ဘူး။ အခုက ကြာလာပြီဆိုတော့ ရောဂါအခြေအနေက ပိုဆိုးလာတဲ့သဘောပါ”  

ယခုနှစ် ဇန်နဝါရီလ ၄ တွင် တစ်နိုင်ငံလုံးတွင်ရှိသော အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင် ၄ ခုမှ ၃၀၈ ဦး လွတ်မြောက်ခဲ့သည်။

စစ်တွေထောင်မှ ၄၈ ဦး၊ သံတွဲထောင်မှ ၂၀၆ ဦး၊ ကျောက်ဖြူထောင်မှ ၂၄ ဦး၊ ဘူးသီးတောင်ထောင်မှ ၃၀ ဦးတို့ ဖြစ်သည်။

လွတ်လာသူများထဲတွင် ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သက်ဆက်နွှယ်မှုရှိသည်ဟူသော သံသယဖြင့် ထောင်ကျနေသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟူသော သံသယဖြင့် ထောင်ကျသူများ၊ တခြားနိုင်ငံရေးမှုများဖြင့် ထောင်ကျနေသူများ ပါဝင်ခြင်း မရှိခဲ့ပေ။

ခြွင်းချက်နှင့် လွတ်လာသူများထဲတွင် လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးအမှု၊ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်တိုက်ဖျက်ရေးအမှု၊ အဂတိမှုများဖြင့် အကျဉ်းကျခံနေရသူများ မပါဝင်ဟု စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာ အမိန့်စာ ဖော်ပြချက်အရ သိရသည်။

စစ်တွေထောင်မှ လွှတ်ပေးလိုက်သူအများစုမှာ ခိုးဆိုးလုယက်မှုများဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း ထောင်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နိုင်ငံရေးမှုနဲ့ ကျနေတဲ့ အကျဉ်းသားတစ်ယောက်မှ မပါဘူး။ လွတ်လာတဲ့သူအများစုက စစ်တွေက ခိုးဆိုးလုယက်မှုတွေနဲ့ ကျတဲ့လူတွေနဲ့ မွတ်ဆလင်တွေလည်း ပါတယ်” ဟု ထိုအမျိုးသားက ဆိုသည်။

အလားတူ ကျောက်ဖြူထောင်မှ လွတ်လာသူများအထဲတွင် လူဝင်မှုကြီးကြပ်ရေး(လဝက) အက်ဥပဒေဖြင့် ထောင်ကျနေရသူများက အများစုဖြစ်သည်ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button