သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို အဂတိအမှု ၃ မှုအတွက် ထောင် ၉ နှစ်ချ

ထောင် ၂ နှစ်ချခံထားရသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီ၏ စစ်တွေထောင်တွင်းတရားရုံးက ယနေ့ (ဇန်နဝါရီ ၁၉) တွင် အဂတိမှုများနှင့် ထောင် ၉ နှစ် ထပ်ချလိုက်သည်ဟု သူ၏ ရှေ့နေတစ်ဦးထံမှ သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စွဲဆိုထားသည့် ၃ မှုကို စီရင်ခြင်းဖြစ်သည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေတစ်ဦးက ဆိုသည်။ 

“အလုပ်နဲ့ ‌ထောင်ဒဏ် ၃ နှစ်စီပါ။ အမှုအားလုံးကို ပေါင်းလိုက်ရင် အားလုံး ၉ နှစ်စီ ချမှတ်ခံရပါတယ်” ဟု အမှုနှင့် နိုင်ငံရေးအခြေအနေကြောင့် အမည်မဖော်လိုသည့် ထိုရှေ့နေက ပြောသည်။

ထောင် ၉ နှစ် ထပ်ချခြင်းအတွက် ထူးထူးခြားခြား မှတ်ချက်ပေးစရာမရှိကြောင်း ဦးညီပု၏ သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“သူတို့ ချချင်ချတယ်၊ မချချင် မချဘူးပေါ့။ သူတို့ပဲ (တရား)စွဲနေတာ။ သူတို့ပဲ (ထောင်ဒဏ်) ချနေတာ၊ ကိုယ်လည်း ပြောလို့ရတာလည်း မဟုတ်၊ လုပ်လို့ရတာလည်း မဟုတ်တော့ တခြားဘာမှတော့ ပြောစရာမရှိပါဘူး”  

ရှေ့နေအဖွဲ့ကမူ ထိုအမိန့်ချမှုနှင့် ပတ်သက်ပြီး အယူခံဆက်တက်မည်ဟု ဆိုသည်။ 

ဦးညီပု ထိန်းသိမ်းခံထားရစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်သည့် အာဏာသိမ်းမှုဆန့်ကျင်ရေးကြေညာချက်ကြောင့် စစ်ကောင်စီက သူ့ကို ၂၀၂၁ အောက်တိုဘာ ၈ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။ 

အဂတိအမှု စွပ်စွဲချက်များ 

နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက် ဆိုကာ ဝန်ကြီးချုပ်နှင့်အတူ ပူးတွဲစွဲဆိုခံခဲ့ရသူတို့မှာ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်တို့ ဖြစ်သည်။

ဦးကျော်လွင်မှာ အဂတိမှု တစ်မှုသာ စွဲခံရသည့်အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်သာ ကျခံရမည် ဖြစ်သည်။ 

ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ကို ဂွမြို့ ရွာမရပ်ကွက်နှင့် ကင်းရိုးရပ်ကွက်ကြားရှိ ဂွချောင်း ခုံးသောင်မြေနေရာတွင် တန်ဖိုးနည်းအိမ်ရာဖော်ထုတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံ ၃ လုံးကို ဒေသခံများ အလုပ်အကိုင်ရရှိရေးခေါင်းစဉ်ဖြင့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခြင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၈၆၅ သန်းကို ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် မထည့်သွင်းဘဲ ဆက်လက်သုံးစွဲခဲ့ခြင်းတို့အတွက် အမှုဖွင့်သည်ဟု စစ်ကောင်စီက ဆိုသည်။

နိုင်ငံပိုင်အဆောက်အအုံ ၃ လုံးကို ကုမ္ပဏီတစ်ခုအား အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေပြီး ထိုအဆောက်အအုံများ ပြုပြင်ရန် ငွေကျပ် ၅၅ သန်းကျော်ကို ပေးအပ်ခဲ့ကြောင်း၊ အလားတူ ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ ၊ အောက်တိုဘာ ၁ ရက် စာရင်းဖွင့်လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေ ကျပ် ၈၆၅ သန်းကို ဘဏ္ဍာရေးစည်းကမ်းစည်းမျဉ်းနှင့်မညီဘဲ သုံးစွဲခဲ့ကြောင်း စွပ်စွဲထားသည်။

ယမန်နှစ် စက်တင်ဘာ ၈ မှ စတင်စစ်ဆေးသော ထိုအဂတိမှုများအတွက် ၄ လ အကြာတွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ဦးမင်းအောင်နှင့် အမှုတွဲခြင်း

ဦးညီပုသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ထပ်မံစွဲဆိုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ပြည်နယ်စည်ပင်သာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ ဆက်အမှုရင်ဆိုင်နေရသည်။ ဦးမင်းအောင်မှာ ပုဒ်မ ၁၃၀-က အပြင် အားပေးကူညီမှု ပုဒ်မ ၁၀၉ ပါ စွဲဆိုခံထားရသည်။

ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က တွင် ပြဋ္ဌာန်းထားသည်။

ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ် လွှတ်တော်၏ ခွင့်ပြုချက်မရှိသော ဈေး ၅ ဈေး တည်ဆောက်ခြင်းလုပ်ငန်းတွင် တင်ဒါစည်းကမ်းနှင့်မညီ ဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲသည်။

အလားတူ တောင်ကုတ်မြို့မဈေးအတွက် သတ်မှတ်တင်ဒါဈေးထက် ကျပ်သန်း ၃၀ ပို၍ ထုတ်ပေးပြီး ဆောက်လုပ်စေသော်လည်း တောင်ကုတ်မြို့မဈေးမှာ လက်တွေ့တွင် ပျက်စီးလျက်ရှိကြောင်း စသည့် အချက်များပါဝင်သည်။

ပုဒ်မနှစ်ခုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှင့် ၂ လ ကျခံနေရသည့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို စွဲဆိုထားသည့် အဂတိအမှု ပုဒ်မ ၅၅ တစ်မှုဖြင့် ယနေ့ ထောင် ၇ နှစ် အမိန့်ချလိုက်သည်ဟု သဇင်ဥပဒေအဖွဲ့မှ အထက်ပါ ရှေ့နေက ပြောသည်။ 

ထို့ကြောင့် စစ်ကောင်စီက ဦးမင်းအောင်ကို စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၂ လ ချထားပြီး ဖြစ်သည်။ 

NLD ဝန်ကြီးချုပ်များကို ထောင်ချမှု  

NLD ပါတီ အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်း မှားသည်ဟုဆိုကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် NLD ထိပ်ပိုင်းခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများကိုလည်း ပစ်မှတ်ထားနှိပ်ကွပ်နေသည်။

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော အသက် ၆၇ နှစ်အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်၂ နှစ်၊ အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် ထောင် ၇၅ နှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ပုဒ်မ ၁၃၀-က ဖြင့် ထောင် ၃ နှစ် ချမှတ်ခံထားရသည်။ 

NLD ထိပ်ပိုင်းခေါင်းဆောင်များကို ၂၀၂၁ ဇန်နဝါရီအတွင်း နေပြည်တော်၌ ပါတီရုံးဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- NLD) 

အဂတိအမှုစွဲချက်အတွက် ထောင်ချရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ၁ မှု ၁၅ နှစ်နှုန်း ချမှတ်သော်လည်း ကျန်ဝန်ကြီးချုပ်များကို ၃ နှစ်နှုန်းသာ ချနေသည်ကို တွေ့ရသည်။

စစ်ကောင်စီတရားရုံးက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှု ၆ မှုအတွက် ၂၀၂၁ ဒီဇင်ဘာ ၃၀ တွင် တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်စီဖြင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့သည်။ 

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ဇွန်လအတွင်း ထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ် ၂ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်သည့် ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးသည်ဟု စစ်ကောင်စီက စွပ်စွဲထား၍ ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)ဖြင့် ထပ်အမှုရင်ဆိုင်နေရသည်။ 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ကတည်းက မန္တလေး အိုးဘိုထောင်၌ ဖမ်းဆီးထိန်းသိမ်းခံရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀ (က)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် အမှု ၅ မှု စွဲဆိုခံထားရသည်။

အောင်မြေသာစံမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀ (က) အမှုများကို စစ်ဆေးနေပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့် အမှုများကို စစ်ဆေးခြင်း မရှိသေးဘဲ ရုံးချိန်းများသာ ချိန်းဆိုလျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button